ဒီနေရာလေးကို

Friday, March 18, 2011

တရွယ်ရွယ်မှာ သုတ်သင်ပါ…

“ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။
ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏။”
(ဂေါတမမြတ်စွာဘုရား)

သတ္တဝါတိုင်း သတ္တဝါတိုင်း အသက်ရှင် နေထိုင်သမျှ ကာလပတ်လုံး အရွယ်သုံးပါးကို ကျင်လည်ဖြတ်သန်း ကြရမည်သာ ဖြစ်ပါ၏။ ငယ်ရွယ်နုပျိုစဉ် ပထမအရွယ်၊ အလယ်အလတ်ဖြစ်သည့် ဒုတိယအရွယ်၊ အကြီးပိုင်းဖြစ်သည့် တတိယ အရွယ်ဟူ၍ အရွယ်သုံးမျိုး ရှိကြရာတွင် အကောင်းဆုံးအရွယ်၊ တန်ဘိုးအရှိဆုံးအရွယ်၊ အနှစ်သာရ အရှိဆုံးအရွယ်အဖြစ် မိမိဖြတ်သန်း ကျင်လည်ရာအရွယ်များမှ တရွယ်ရွယ်ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ရန် လိုအပ်လှ၏။ အရွယ်သုံးပါးလုံး အကောင်းဆုံးများဖြင့် ဖြတ်သန်းကျင်လည် နိုင်ကြမည်ဆိုက ပြောဖွယ်မရှိ အလွန်ကောင်းနေမည် ဖြစ်သော်လည်း ထိုသို့ မကောင်းနိုင်ပါလျှင်ကား တရွယ်ရွယ် တချိန်ချိန်မျှဖြစ်ဖြစ် ကောင်းနေစေရန် ကြိုးစားသင့်ပေ၏။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ သက်တမ်းအရ ပထမအရွယ်ကို မွေးစမှ အသက် ၂၅နှစ်အရွယ်အထိ သတ်မှတ်ပြီး ၂၅နှစ်မှ ၅၀ အထိကို ဒုတိယအရွယ်ဟု သတ်မှတ်ကာ ၅၀မှ ၇၅အထိ သို့မဟုတ် ၅၀အထက်အသက်များကို တတိယအရွယ်ဟု သတ်မှတ်ကြ၏။ ထိုသတ်မှတ်ချက်နှင့်အညီ မြန်မာအများ ပြောဆိုကြသည့် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဟူသည့် အပြောအဆို အသုံးအနှုန်းများလည်း ရှိနေကြ၏။ ယေဘုယျ သတ်မှတ်ကြသည့် အရွယ်များနှင့် ယေဘုယျ ပြောဆိုကြသည့် စကားများဖြစ်သဖြင့် အထူးပြောဖွယ် မရှိသော်လည်း မျက်မှောက်ခေတ် လူတို့၏ အခြေအနေများနှင့် အရွယ်ပိုင်းခြားမှုများ၊ လုပ်ဆောင်ချက်များကား ပြောစရာ ဖြစ်လာပေ၏။ မည်သည့်အရွယ်တွင်မှ အကျိုးမရကြသူများ ရှိနေခြင်းကြောင့်လည်း တချိန်ချိန် တရွယ်ရွယ်တွင်ဖြင့် မိမိအကျိုး၊ အများအကျိုး တစ်မျိုးမျိုးကို ဆောင်ရွက်ကြရန် ပညာရှိ သူတော်ကောင်းများက တိုက်တွန်းကြခြင်း ဖြစ်၏။

ထို့အပြင် အရွယ်ဟူသည် ယေဘုယျ သတ်မှတ်ချက်ဖြစ်သော်လည်း ထိုသတ်မှတ်ချက် အရွယ်သို့ မရောက်မီ ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောများ ရှိနေသဖြင့် လက်ရှိရောက်ရှိနေသည့် အရွယ်တွင် အကောင်းဆုံးဖြစ်အောင် ကျင့်သုံးနေထိုင်ကြရန် တိုက်တွန်းပြောဆိုကြခြင်းလည်း ဖြစ်ပေ၏။ မြန်မာအများ သတ်မှတ်ထားသကဲ့သို့ ပထမအရွယ်တွင် ပညာရှာရမည် ဖြစ်သဖြင့် ပညာပဲရှာနေမိရင်း ရုတ်တရက် တစ်ခုခု ဖြစ်သွားမည်ဆိုပါက၊ ဒုတိယအရွယ်တွင် ဥစ္စာရှာ ဆိုသည့်အတိုင်း ဥစ္စာပဲ ရှာနေရင်း တစ်ခုခု ဖြစ်သွားခဲ့ပါက၊ တတိယအရွယ်တွင် တရားရှာဆိုသဖြင့် တတိယအရွယ်သို့ ရောက်သည်အထိ တရားမရှာဘဲ နေလိုက်မိရင်း တတိယအရွယ်မတိုင်မီ တစ်ခုခု ဖြစ်သွားသည် ဆိုပါက မည်သို့မျှ မတတ်နိုင်၊ မည်သူမျှ မကယ်နိုင် ဖြစ်သွားမည်မှာ အမှန်ပင် ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်သတ်မှတ်ချက်များ ရှိနေသော်လည်း ထိုသတ်မှတ်ချက်များ သည် အချိန်မရွေး ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောရှိနေသဖြင့် ယခုလက်ရှိအချိန်နှင့် လက်ရှိ အရွယ်မှာသာ အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကို စောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဆိုခြင်း ဖြစ်ပါ၏။

ထိုသို့ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သဖြင့် ပညာရှိသူတော်ကောင်းများက ပထမအရွယ်တွင်လည်း ပညာရှာရင်း ကုသိုလ်ရှာကြရန်၊ ဒုတိယအရွယ်တွင်လည်း ဥစ္စာရှာရင်း ကုသိုလ်ရှာကြရန်၊ တတိယအရွယ်တွင်ကား တရားရှာရမည့် အရွယ်ဖြစ်သဖြင့် တစိုက်မတ်မတ် တရားကိုသာ ရှာကြရန် အထူးတိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး သေခြင်းတရားနှင့် ပြောင်းလဲဖောက်ပြန်မှု တရားများက လာနေနိုင်မည် ဖြစ်သဖြင့် လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်အဖြစ် သတ်မှတ်ကာ ကုသိုလ်တရားများကို ရသမျှ ပြုလုပ်သွားကြရန် သတိပေးကြခြင်း ဖြစ်ပါ၏။

အကယ်၍ အခြေအနေအရ မကောင်းသည့်အလုပ်များဖြင့် လှုပ်ရှားရုန်းကန် နေခဲ့သည်များ ရှိပါကလည်း တစ်ချိန်ချိန် တရွယ်ရွယ်တွင် သတိဝင်ကာ ပြုပြင်နိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ ပြုပြင်လိုက်သည့် အချိန်၊ ပြုပြင်လိုက်နိုင်သည့် အရွယ်သည် နောက်ကျသည်ဟူသည် မရှိသဖြင့် အလျင်အမြန် သတိဝင်ကာ ပြုပြင်ကြရမှာ ဖြစ်ကြောင်း၊ ပထမအရွယ်တွင် မပြုပြင်နိုင်ပါက ဒုတိယအရွယ်၊ ဒုတိယအရွယ်တွင် မပြုပြင်နိုင်ပါကလည်း တတိယအရွယ် စသည်ဖြင့် အရွယ်သုံးမျိုးတွင် တရွယ်ရွယ်တွင်တော့ဖြင့် သတိပြုဆင်ခြင်ကာ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မိမိကိုယ်ကို အလျဉ်အမြန် သတိဝင်ကာ မကောင်းမှု အကုသိုလ် အလုပ်များမှ သုတ်သင်လိုက်နိုင်ခြင်းသည် မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်း ဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက မိန်ကြားတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓလက်ထက်က ဗောဓိကုမာရ အမည်ရသည့် မင်းသားတစ်ပါးရှိခဲ့၏။ ဗောဓိကုမာရသည် တစ်နေ့တွင် အကောင်းဆုံး လက်သမားဖြင့် အကောင်းဆုံး ပြဿာဒ်တစ်ခုကို ဆောက်လုပ်ကာ ပြဿာဒ်ပူဇော်ပွဲ တစ်ခုကို ပြုလုပ်လေ၏။ ထိုပြဿာဒ်ပူဇော်ပွဲသို့ ဘုရားအမှူးရှိသည့် သံဃာတော်များကိုလည်း ပင့်လျှောက်ထား၏။ အိမ်ထောင်ကျသည်မှာ ကြာပြီဖြစ်သော်လည်း သားသမီး မထွန်းကားသည့် ဗောဓိမင်းသားသည် အမျိုးမျိုးသော နည်းများဖြင့် သားသမီးရအောင် ကြိုးစားသော်လည်း မရနိုင်ဘဲရှိရကား ဤတစ်ကြိမ်တွင် ဘုရားရှင်ထံ အဓိဋ္ဌာန်ပြုလိုသဖြင့် ပြဿာဒ်ပေါ်သို့ ကြွရာလမ်းတွင် အကောင်းဆုံးအခင်းကိုခင်းလျက် ဘုရားအမှူးရှိသော သံဃာတော်များ မကြွမီကပင် “ဘုရားရှင်သည် ဤအခင်းပေါ်တွင်နင်း၍ ကြွပါက မိမိတို့အား သားသမီးရပါစေ”ဟု အဓိဋ္ဌာန်ပြု ဆုတောင်းထားလိုက်၏။ ဘုရားရှင်နှင့် သံဃာတော်များ ပြဿာဒ်ပေါ်သို့ ကြွရာအခင်းထိပ်သို့ ရောက်လာသည့်အခါ အရှေ့ဆုံးမှ ကြွတော်မူသည့် ဘုရားရှင်က အခင်းများကိုဖယ်လိုက်ရန် ဗောဓိမင်းသားအား မိန့်ကြားတော်မူ၏။ ဗောဓိမင်းသားကလည်း သူ့အကြံအတိုင်း အခင်းကို နင်း၍ ကြွတော်မူရန် လျှောက်ထားလေ၏။ ဗုဒ္ဓရှင်တော်မြတ်ကလည်း အခင်းကိုသာဖယ်ရန် မိန့်တော်မူ၏။ ဗုဒ္ဓက “ဗောဓိမင်းသားအနေဖြင့် မည်မျှပင် အဓိဋ္ဌာန်ပြု၍ သားသမီး ရအောင်ကြိုးစား အားထုတ်သော်လည်း ယခုဘဝတွင်ကား ရနိုင်ဖွယ် အကြောင်းမရှိကြောင်း၊ မင်းသားတို့ လင်မယားနှစ်ယောက်သည် အတိတ်က ပြုခဲ့သည့် မကောင်းမှု အကုသိုလ်ကံကြောင့် သားသမီး မရနိုင်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မိန့်တော်မူကာ ဗောဓိကုမာရ မင်းသား၏။ အတိတ်ဇာတ်ကြောင်းကို ဟောတော်မူလေ၏။

လွန်လေပြီးသော အတိတ်ဘဝတစ်ခုက လူအပေါင်းတို့သည် ကြီးစွာသော လှေသင်္ဘောကြီးဖြင့် သမုဒ္ဒရာသို့ ရွတ်လွှင့်သွားစဉ် ပင်လယ်ပြင်ထဲ၌ ထိုသင်္ဘောကြီး ပျက်ခဲ့လေ၏။ သင်္ဘောပေါ်ပါ လူအများတွင် ဇနီးမောင်နှံနှစ်ဦးသည် ကံကောင်းထောက်မစွာဖြင့် ပျဉ်ချပ်တစ်ခုကို ရရှိပြီး ထိုပျဉ်ချပ်အကူဖြင့် လက်ပစ်ကူးကာ အသက်လုရင်း နောက်ဆုံးတွင် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိကာ အသက်ဘေးမှ ကင်းလွတ်သွားခဲ့ကြ၏။ ထိုဇနီးမောင်နှံသည် ကျွန်းပေါ်တွင် သွားလာလှုပ်ရှားရင်း စားသောက်စရာ မရှိသဖြင့် ငှက်ပေါင်းမြောက်များစွာ ဥထားသည့် ငှက်ဥများကိုသာ နှိုက်ယူဖုတ်ကင်ကာ စားသောက်ကြလေ၏။ ငှက်ဥများ မရှိသည့်အခါ ငှက်ငယ်လေးများအား ဖုတ်ကင်စားသောက်ကြ၏။ ထိုသို့ ငှက်ဥများ၊ ငှက်ကင်များကို စားသောက်လာ ကြသည်မှာ ကြာမြင့်လာခဲ့ပြီ ဖြစ်သဖြင့် ထိုဇနီးမောင်နှံ နှစ်ဦးတို့သည် အကုသိုလ်ကို အကုသိုလ်ဟုပင် မထင်ဘဲ ဖြစ်လာခဲ့၏။ ထိုဇနီးမောင်နှံသည် ပထမအရွယ်တွင်လည်း မိမိတို့၏ လုပ်ရပ်များကို မပြုပြင်မသုတ်သင်နိုင်၊ ဒုတိယအရွယ်တွင်လည်း သတိမဝင် မပြုပြင်ခဲ့၊ တတိယအရွယ်တွင်လည်း နောင်တမရ မေ့လျော့ကြကာ မကောင်းသည့် အလုပ်များဖြင့်သာ ဘဝနိဂုံး အဆုံးသတ်သွားခဲ့ကြ၏။ ထိုအကုသိုလ်၏ အပြစ်ကို ဘဝပေါင်းများစွာ ခံယူရင်း ယခုဗောဓိကုမာရ ဘဝတွင်လည်း ထိုအကုသိုလ်၏ အကျိုးဆက်အနေဖြင့် သားသမီး မရနိုင်ခြင်းဖြစ်၏။

မြတ်စွာဘုရားသည် ဗောဓိကုမာရ၏ သားသမီးမရနိုင်ခြင်းအကြောင်း အထက်ပါ အတိတ်ဇာတ်ကြောင်းကို ပြန်လည်ဟောကြားတော်မူရင်း “ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏ ” (ဓမ္မပဒ၊ အတ္တဝဂ်၊ ဗောဓိကုမာရဝတ္ထု) ဟူသော ဤတရားစကားတော်ကို မိန့်ကြားတော်မူ၏။ ဒေသနာတော်၏ အဆုံးတွင် ဗောဓိကုမာရသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်သွားလေ၏။

ဤကား အရွယ်သုံးပါး၌ တပါးပါးတွင် သုတ်သင်ရန်လိုကြောင်း မိန့်တော်မူသည့် ဘုရားရှင်၏ တရားစကား ဖြစ်ပေါ်ရာ နောက်ခံဇာတ်လမ်း တစ်စိပ်တဒေသပင် ဖြစ်ပါ၏။ ဤဒေသနာတော်တွင် ဗုဒ္ဓမြတ်စွာ မိန့်တော်မူသည်မှာ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ မိမိကိုယ်ကို ကောင်းစွာသုတ်သင်ရင်း ထိန်းသိမ်း စောင့်ရှောက်ကြရန် မိန့်တော်မူလိုရင်း ဖြစ်ပါ၏။ မှန်၏။ မိမိတို့သည် ပုထုဇဉ်များ ဖြစ်နေကြသဖြင့် အမှား မကင်းမိကြသော်လည်း ထိုအမှားကို တစ်သက်လုံး မှားမသွားမိကြရန် သတိပြုရမည် ဖြစ်ပါ၏။ သတိမပြုမိသဖြင့် မှားမိကြပါက ထိုအမှားအတွက် ပြန်လည်ပေးဆပ်ရမှုသည် အကြိမ်ပေါင်းများစွာ ဖြစ်နေကြမည် ဖြစ်ပါသောကြောင့် မိမိတို့၏ လုပ်ရပ်များကို သတိပြုဆင်ခြင်ကာ ပြုလုပ်ကြရန် ဖြစ်ပါ၏။

သေချာတွေးကြည့်ပါက အရွယ်ဟူသည် အချိန်တန်လျှင် ကျော်လွန်လာကြရမည် ဖြစ်သော်လည်း ထိုအရွယ်တွင် ဖြတ်သန်းစဉ်ကာလ လုပ်ဆောင်ခဲ့ကြသည့် လုပ်ရပ်များကား ကျော်သွား၍လည်း မရသကဲ့သို့ လွန်ထား၍လည်း ရမည်မဟုတ်နိုင်ပေ။ အရွယ်သုံးပါးတွင် ဖြတ်သန်းစဉ် လုပ်ဆောင်ခဲ့သည့် မိမိတို့၏ လုပ်ဆောင်ချက်များသည် ယခုဘဝ အရွယ်များ ကုန်ဆုံးသွားသော်လည်း နောက်နောက်ဘဝ အရွယ်များအထိ အစဉ်လိုက်ကာ အကျိုးပေးနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကုသိုလ်အလုပ်ဖြစ်စေ၊ ကုသိုလ်အလုပ်ဖြစ်စေ စေတနာဖြင့် လုပ်ဖြစ်ခဲ့ပါက အကျိုးမပေးရသေးသမျှ မပျောက်ပျက်ဘဲ အခွင့်သာက အကျိုးပေးကြသည်သာ ဖြစ်ပါ၏။ အကျိုးမပေးနိုင်သည့် အဟောသိကံများ ရှိသော်လည်း ထိုကံများသည် အလွန်သေးငယ်သည့် ကံလေးများသာ ဖြစ်နေပြီး ယေဘုယျအားဖြင့် စေတနာနှင့် လုပ်ခဲ့သည် ကံများကား အရွယ်လွန်သည်အထိ အကျိုးပေးခွင့်ရှိက ပေးနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်ဟူသည် အရေးမကြီးသော်လည်း ထိုအရွယ်တွင် လုပ်ဆောင်ကြသည့် လုပ်ဆောင်ချက်များကား အရေးကြီးလှသဖြင့် အရွယ်သုံးပါး တပါးပါးဝယ် အမှားမဝယ် မိကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ မွေးဖွားခြင်းရှိနေကြသည့် သတ္တဝါမှန်သမျှ သေဆုံးခြင်းလည်း ရှိနေကြမည့်အပြင် မွေးသေနှစ်ခုကြား ဖြတ်သန်းကြရသည့် အရွယ်များ၊ အချိန်များလည်း ရှိနေကြမည် ဖြစ်သဖြင့် ထိုဖြတ်သန်းကြသည့် အရွယ်များကို အထူးသတိပြုဆင်ခြင်ကာ ဖြစ်သန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အရွယ်သုံးပါး ဖြတ်သန်းစဉ်ကာလတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် မကောင်းသည့် အလုပ်များဖြင့် ဖြတ်သန်းကျင်လည်ခဲ့ ရသည်ရှိသော် ထိုအကုသိုလ် အလုပ်များကို တစ်ရွယ်ရွယ်၊ တစ်ချိန်ချိန်တွင် မလုပ်ဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ မထူးပါဘူးဟူသည့်စိတ်ဖြင့် မထူးဇာတ် မခင်းကြဘဲ မလုပ်ဘဲ နေလိုက်နိုင်ချိန်သည် နောက်ကျသည့် အချိန်မဟုတ်သည်ကို သတိပြုကာ လက်ရှိအချိန်၊ လက်ရှိအရွယ်မှာ အကောင်းဆုံး ပြုပြင်နိုင်အောင် မိမိကိုယ်ကို သုတ်သင်ကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မကောင်းမှုကို မလုပ်ဖြစ်အောင် သတိပြုဆင်ခြင် သုတ်သင်နိုင်လိုက်ခြင်းသည် မိမိကိုယ်ကို အကောင်းဆုံး စောင့်ရှောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သဖြင့် အရွယ်သုံးပါးတွင် တပါးပါး၌ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် တင်ပြလိုသည်မှာ “မည်သူမဆို လက်ရှိရောက်ရှိနေသည့် သက်တမ်းအရ အရွယ်သုံးပါးကို ရင်ဆိုင်ဖြတ်သန်း ကျော်လွှားကြရမည် ဖြစ်သဖြင့် မိမိတို့ ဖြတ်သန်းရမည့် အရွယ်တွင် အကောင်းဆုံးအလုပ်များ၊ အပြစ်ကင်းသည့် အလုပ်များ၊ အနှစ်ရှိသည့် အလုပ်များ၊ ကုသိုလ်အလုပ်များဖြင့် ဖြတ်သန်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ အရွယ်သုံးပါးလုံးတွင် အပြည့်အစုံ မလုပ်နိုင်သော်လည်း တရွယ်ရွယ်တွင် အကောင်းဆုံးဖြစ်အောင် အားထုတ်ကြရမှာ ဖြစ်ပါကြောင်း၊ သေချာသည်မှာ အရွယ်ဟူသည် အချိန်မရွေး ဖောက်ပြန်ပြောင်းလဲနိုင်သဖြင့် မည်သည့်အရွယ်တွင် မဆို ကုသိုလ်ကောင်းမှုများဖြင့် တွဲဖတ်ကျင်လည်နိုင်အောင် ဖြတ်သန်းကြခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း၊ မည်သည့်အရွယ်၊ မည်သည့်အချိန်ဟူသည် မည်သူမျှ အတိအကျ မသိနိုင်ဘဲ ယခုအချိန်သည်သာ တိကျသည့် အကောင်းဆုံး အချိန်ဖြစ်သဖြင့် ယခုလက်ရှိအချိန်တွင်သာ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အကောင်းဆုံး သုတ်သင်ကြရမှာ ဖြစ်ပါကြောင်း” စေတနာစကား မေတ္တာအားဖြင့် အသိပေးတင်ပြလိုက်ရပါသည်။

အားလုံး… မိမိကိုယ်ကို တရွယ်ရွယ်တွင် သုတ်သင်နိုင်ကြပါစေ…

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ…

ဝေါဟာရ တစ်ခု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ “အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်”ကို အကောင်းမြင်ဝါဒဟု ဆိုပြီး “အသင့်အားဖြင့် နှလုံးသွင်းခြင်း” ကို ယောနိသော မနသိကာရဟု ဆို၏။ အရာရာကို ကောင်းသည့်ဘက်၊ ကောင်းသည့်ရှုထောင့်မှသာ မြင်တတ်ကြည့်တတ်သည့် အလေ့အကျင့်သဘောကို အကောင်းမြင်ဝါဒဟု ဆို၍ အကြောင်းအရာ တစ်ခုခုကို သင့်လျော်လျောက်ပတ်အောင် နှလုံးသွင်းခြင်း၊ စဉ်းစားခြင်း၊ ရှုမြင်ခြင်းကို ယောနိသော မနသိကာရဟု ဆိုလေ့ရှိ၏။ တိုတိုနှင့်လိုရင်း အဓိပ္ပါယ် အနေဖြင့် ပြောရလျှင် “အကောင်းမြင်းခြင်း”နှင့် “နှလုံးသွင်းမှန်ကန်ခြင်း”ဟု ဤစကားနှစ်ရပ်ကို အလွယ်မှတ်သားနိုင်၏။ အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းတို့သည် ဆက်စပ်မှု ရှိနေ၏။ တစ်နည်းအားဖြင့်ဆိုသော် တူညီသည့် သဘောကို ဆောင်နေ၏။ အကောင်းမြင်တတ်ခြင်းသည် နှလုံးသွင်းမှန်ခြင်းကြောင့် ဖြစ်ပြီး နှလုံးသွင်းမှန်ခြင်းသည်လည်း အကောင်းမြင်တတ်သဖြင့်သာ ဖြစ်လေ့ရှိတတ်၏။ ထို့ကြောင့် အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်း သို့မဟုတ် အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရတို့သည် “ကွဲသလိုလိုနှင့် တွဲနေတတ်သည့်တရား၊ မတူသလိုလိုနှင့် တူနေတတ်သည့်တရား”ဟု ဆိုကြခြင်း ဖြစ်၏။

ဆိုလိုသည်မှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိသည့် ပုဂ္ဂိုလ်များနှင့် ဆက်ဆံကြရာတွင် အဆင်ပြေပြေ ဖြစ်ကြစေရန်၊ အပြစ်မမြင်ဘဲ အချစ်ဝင်ကြစေရန် အကောင်းမြင်တတ်သည့် အလေ့အကျင့်များ ရှိရန်လိုသကဲ့သို့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းမည့်အရေး အထောက်အကူပေးမည့် ကုသိုလ်တရား တိုးပွားရေးမှာလည်း ကုသိုလ်ဖြစ်ကြောင်း အထောက်အပံ့ တစ်ခုဖြစ်သည့် ယောနိသော မနသိကာရခေါ် နှလုံးသွင်းမှန်ကန်ရေး သို့မဟုတ် ကုသိုလ်ဖြစ်ရန် နှလုံးသွင်းတတ်ရေးသည် အရေးကြီးကြောင်း ဆိုလိုရင်းဖြစ်ပါ၏။ အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာပြီး နှလုံးသွင်းမှန်လျှင် အကုသိုလ်အဖြစ် နည်းကာ ကုသိုလ်ဖြစ်ရန် ပိုအားသန်၏။ ထို့ကြောင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာကိုပဲ ကြည့်ကြည့် အကောင်းဘက်က ကြည့်နိုင်အောင် ကြိုးစားကြရန်နှင့် မြင်သမျှ၊ ကြားသမျှ အစစ အဖုံဖုံ ထိုထိုအာရုံများနှင့် ကြုံတွေ့သည့် အခါတွင်လည်း အကုသိုလ်မဖြစ်ဘဲ ကုသိုလ်ဖြစ်စေရန်အတွက် ယောနိသောမနသိကာရ ထားနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

မှန်၏။ လူ့လောကတွင် နေထိုင်ကျင်လည်ကြသည့်အခါ ၀ါသနာမတူ၊ အကျင့်စရိုက်မတူ၊ စိတ်သဘောထား မတူကြသည့် လူအမျိုးမျိုးနှင့် တွေ့ကြုံနေကြရသဖြင့် စိတ်ထားမတတ်လျှင် နေ့စဉ်နေ့တိုင်း အကုသိုလ်အပြစ် ဖြစ်ဖွယ်များနှင့် ကြုံတွေ့ရတတ်၏။ တစ်စုံတစ်ဦး၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များသည် တစ်ခါတစ်ရံ မိမိတို့အတွက် အကုသိုလ်ဖြစ်ဖွယ်များ ဖြစ်နေတတ်သည်ကို သတိပြုမိကြမည် ဖြစ်၏။ ထိုသူတို့သည် မည်သည့်သဘော မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သို့နေထိုင်လေ့ရှိသည်ကို မသိနိုင်သော်လည်း ကြည့်နေမြင်နေသည့် မိမိသည် အကယ်၍ စိတ်ထားမတတ်၊ နှလုံးသွင်း မမှန်လျှင် ထိုသူတို့ကို အမှီပြု၍ မိမိမှာ အလိုလို အပြစ်ဖြစ်နေတတ်၏။ ထိုသို့အပြစ်ဖြစ်တတ်မှု၏ အကြောင်းရင်းမှာ အကောင်းမမြင်တတ်၊ တစ်နည်းအားဖြင့် နှလုံးသွင်းမမှန်ကန်သည့် အတွက်ကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် မည်သူ့အပေါ်ပဲ ဖြစ်ဖြစ် အကောင်းမြင်တတ်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်းဖြစ်၏။

အကောင်းမြင်တတ်လျှင် ထိုအခိုက်အတန့်တွင် အကုသိုလ်အဖြစ် သက်သာမည်မှာ အမှန်ပင်ဖြစ်၏။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်တတ်သဖြင့် မိမိစိတ်တွင်လည်း ရှေးဦးစွာ ကောင်းသည့်စိတ်များ ဖြစ်ပေါ်နေတတ်၏။ အဆိုးမြင်တတ်သည့် သူတစ်ယောက်သည် အရာရာကို အဆိုးဘက်ကသာ ကြည့်လေ့ရှိတတ်သဖြင့် သူ၏စိတ်တွင်လည်း အဆိုးများ၊ မကောင်းသည့် အတွေးများက လွှမ်းမိုးထားပြီး သူကိုယ်တိုင်ပင် အကုသိုလ် အပြစ်များ ဖြစ်နေတတ်သည့် သဘောရှိတတ်သော်လည်း အကောင်းဘက်က ရှုတတ်သူသည်ကား အတွေးကောင်း၊ အမြင်ကောင်းများဖြင့် မြင်တတ်ကြည့်တတ်သဖြင့် သူ၏သန္တာန်တွင်လည်း ကောင်းသည့်စိတ်ထားများ ဖြစ်နေတတ်၏။ အမှားကို အမှန်ဖြစ်အောင် ကြည့်တတ်သည့် သဘောမျိုးမဟုတ်ဘဲ မိမိကိုယ်ကိုယ် မိမိအပြစ်မဖြစ်စေရန် သူတပါး၏ ကောင်းကွက်လေးများကို ရှာ၍ကြည့်တတ်သည့် အလေ့အကျင့်မျိုးကို လေ့ကျင့်လေ့ရှိသူသည် အမှန်ပင် အကောင်းမြင်တတ်သူ ဖြစ်ပြီး အကုသိုလ် အဖြစ်နည်းသူ တစ်ယောက် ဖြစ်နိုင်ပေ၏။ ထို့ကြောင့် လူတိုင်းလူတိုင်း ကောင်းကွက်လေးများ တစ်ခုခုရှိတတ်သဖြင့် ထိုကောင်းကွက်လေးများကို ရှာ၍ မိမိကိုယ်ကို အပြစ်မဖြစ်အောင် ကြည့်တတ်မြင်တတ်၊ နှလုံးသွင်းတတ်ဖို့ လိုကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

စကားစပ်၍ ဖတ်ဖူးခဲ့သည့် စာပေများတွင် ဖော်ပြထားသည့် အကောင်းမြင်တတ်စေရန်၊ နှလုံးသွင်း မှန်ကန်စေရန်နှင့် ပတ်သက်သည့် လမ်းညွန်ထားချက်များကို သတိရမိပါ၏။ “လောကတွင် အချို့သည် အပြောကြမ်းပြီး စိတ်ထားကောင်းသည်ကို တွေ့ရတတ်ကြောင်း၊ ထိုသူများကို အပြောကြမ်းသည်ကို မကြည့်ဘဲ စိတ်ထားကောင်းသည့် အချက်ကိုကြည့်၍ ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောချိုသော်လည်း စိတ်သဘောထား ယုတ်ညံ့တတ်ကြောင်း၊ ထိုသူများကို စိတ်ဓာတ်မကောင်းသည်ကို မကြည့်ဘဲ နှုတ်ချိုတတ်သည့် အချက်ကိုပင်ယူ၍ ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောလည်းကြမ်း၊ စိတ်ထားလည်း မကောင်းတတ်သော်လည်း တစ်ခါတစ်ရံ ကောင်းသည့် အချက်လေးများ ရှိတတ်ကြောင်း၊ ထိုသူများကို တစ်ခါတစ်ရံ ကောင်းသည့်အချက်လေးကိုပင် ယူ၍ ဆက်ဆံသင့်ကြောင်း၊ အချို့ကား စိတ်ထားလည်းမကောင်း၊ အပြောလည်းကြမ်းသည့်အပြင် မည်သည့်အခါမှလည်း ကောင်းလာမည် မဟုတ်သည့် သူများဖြစ်နေတတ်ကြောင်း ထိုသူများကိုကား အပြစ်အဖြစ်မခံတော့ဘဲ ဥပေက္ခာပြု၍သာ ဆက်ဆံသင့်ကြောင်း” စသည်ဖြင့် တစ်စုံတစ်ယောက်နှင့် ပတ်သက်၍ မိမိကိုယ်ကို အပြစ်မဖြစ်စေရန် အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်များ လုပ်သင့်ပုံကို ဖတ်ဖူးခဲ့သည့် စာပေအချို့က လမ်းညွှန်ပြသထားလေ၏။

မည်သို့ဆိုစေ။ သေချာသည်မှာ အကောင်းမြင်တတ်ခြင်းသည် အပြစ်အဖြစ်သက်သာသည်မှာ အသေအချာပင် ဖြစ်ပါ၏။ သေချာတွေးကြည့်လျှင် လူတိုင်းလူတိုင်း ကိုယ်စီအားနည်းချက်များ ရှိတတ်ကြသည်ဖြစ်ရာ ထိုအားနည်းချက်ကို ကြည့်ပြီး ဆက်ဆံကြလျှင်ကား ဆက်ဆံရေး အဆင်ပြေဖွယ် မရှိတတ်လှပေ။ ထို့အပြင် အဆိုးမြင်တတ်သည့် အကျင့်လေးများ ရှိနေပြန်လျှင်လည်း မကောင်းသည့် အတွေးအမြင်က ရှေးဦးစွာ နေရာယူထားသဖြင့် မည်သူ့ကိုကြည့်ကြည့် မကောင်းသည့်အချက်၊ အားနည်းသည့် အချက်ကိုပင် တွေ့နေရမည်ဖြစ်၏။ ထိုသို့ အားနည်းချက်နှင့် မကောင်းသည့်အချက်ကို ကြည့်မိပြီဆိုလျှင်ကား မိမိသန္တာန်တွင် ထိုသူအပေါ်မှာ အကောင်းမြင်ပေးရန် မလွယ်လှဘဲ မကောင်းသည့် အတွေးအမြင်များဖြင့် အကုသိုလ် အပြစ်များသာ ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ ဤသည်မှာ အကောင်းမြင်တတ်သည့် အကျင့်မရှိဘဲ အဆိုးကိုသာ ကြည့်တတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာသဖြင့် အကောင်းမြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်း ဖြစ်၏။

စာရေးသူ ရန်ကုန်မှာရှိစဉ်က အဖြစ်အပျက်လေးတစ်ခု ဖြစ်၏။ ကျောင်းမှာ အလှူရှိသဖြင့် ဧည့်သည်ပေါင်းစုံ လာကြသည့်အထဲတွင် အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးသည့် တပည့်ကျောင်းသား ကျောင်းသူများလည်း ရောက်လာကြ၏။ ကျောင်းရောက်ရောက်ချင်း ဘုရားနှင့်ဘုန်းကြီးကို ဦးချပြီး ဟိုဟိုဒီဒီကြည့်ကာ ဒကာမလေး တစ်ယောက်က “ဘုန်းဘုန်းဘုရား… ကျောင်းမှာရှိတဲ့ အဲဒီလိုက်ကာတွေကို ဘယ်သူလှူထားတာလဲ…၊ လှူတဲ့သူကလည်း အဲဒီအရောင်ကြီးမှ ရွေးလှူရတယ်လို့…၊ လှလည်းမလှဘဲနဲ့၊ ဘယ်လိုမျက်စိနဲ့ကြည့်ပြီး လှူထားလဲ မသိပါဘူး၊ အနုပညာ မျက်စိမရှိလိုက်တာ…” စသည်ဖြင့်ဆိုပြီး သူ့စိတ်ထင်ရာကို အသံကျယ်ကြီးနှင့် ပြောဆို လျှောက်ထားလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူပြောနေသည့်အချိန်တွင် အလှူရှင် ဒကာမကြီးကလည်း မနီးမနားမှာ ရှိနေခဲ့၏။ လူကြီးတစ်ယောက်ဖြစ်သဖြင့် အခြေအနေကို သိသော်လည်း ဘာမှမပြောဘဲ သူတို့လေးတွေ ပြန်သွားမှ စာရေးသူ အနားကိုရောက်လာပြီး “ဆရာတော်ဘုရား တပည့်တော်လှူထားတဲ့ လိုက်ကာတွေက မကောင်းလို့လားဘုရား…၊ ဒါဆို တပည့်တော် ပြန်လဲလိုက်မယ်ဘုရား..”လို့ စိတ်မကောင်းသည့် အမူအရာဖြင့် လျှောက်လေ၏။ စာရေးသူက “နေပါစေ ဒကာမကြီး ဒီအတိုင်းပဲ ထားလိုက်ပါ၊ အဆင်ပြေပါတယ်၊ ဒကာမကြီး အနေနဲ့ ခုလို ဟိုကပြော၊ ဒီကပြောလို့သာ လိုက်ပြီးလှူထားတာတွေ လဲနေမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ဘူး၊ လူတစ်ကိုယ်အကြိုက်တစ်မျိုး ဆိုတော့ သူ့အကြိုက်သူပြောကြမှာပဲ၊ အဓိကကတော့ ကိုယ့်စိတ်ကို သန့်ရှင်းပြီး စေတနာပြတ်ဖို့ အဓိကပါပဲ…”ဟု ပြောသိမ့်စကား ပြောပေးခဲ့ရသေး၏။

ဤအဖြစ်အပျက်လေးမှာ လက်တွေ့ဖြစ်ခဲ့သည့် အဖြစ်တစ်ခု ဖြစ်ပါ၏။ လောကတွင် ဤကဲ့သို့သော သူများရှိနေသည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့် အားနည်းသဖြင့် ၎င်းတို့ စိတ်အထင် ပြောမိပြောရာ ပြောလိုက်မိတတ်ကြ၏။ ထိုသို့ အလွယ်တကူ လက်လွတ်စပါယ် ပြောလိုက်မိသဖြင့် မိမိကိုယ်တိုင်လည်း အပြစ်ကလေးများ ရတတ်သကဲ့သို့ ကြားရသည့် သူများမှာလည်း အတွေးအမျိုးမျိုးဖြင့် စိတ်မှာလေးလံ သွားတတ်၏။ အကယ်၍ အကောင်းဘက်က ကြည့်မြင်တတ်သူဆိုလျှင် အကောင်းကိုရှာပြီး ပြောဆိုတတ်သဖြင့် မိမိကိုယ်တိုင်လည်း စိတ်အစဉ် ရွှင်လန်းနိုင်သကဲ့သို့ ကြားရသူမှာလည်း ပီတိပွားရမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းမမြင်တတ်သည့် အလေ့အကျင့်၊ နှလုံးသွင်း မမှန်သည့် အတွေးအမြင်များသည် ကုသိုလ်ရရေးထက် အကုသိုလ် အပြစ်ဖြစ်နိုင်မှုက ပိုများသဖြင့် မည်သို့ပင်ဖြစ်စေ အကောင်းမြင်တတ်ရန်နှင့် နှလုံးသွင်းမှန်စေရန် ကြိုးစားအားထုတ်သင့်ပါပေ၏။

ဆိုလိုသည်မှာ လောကတွင် လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးဖြင့် ကျင်လည်နေကြရသည် ဖြစ်ရာ အမြင်မတတ်၊ အတွေးမတတ်၊ အကြည့်မတတ်၊ အနေအထိုင် မတတ်လျှင် အပြစ်ဖြစ်ပြီး အကုသိုလ်ဖြစ်တတ်သဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံကြံကြိုက်သည်ဖြစ်စေ မိမိတို့အနေဖြင့် အကောင်းဘက်က ရှုမြင်တတ်ရန်နှင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းမှန်ကန်ရန် ကြိုးစားသင့်ကြောင်း ဆိုလိုပါ၏။ တစ်စုံတစ်ခုကိုဖြစ်စေ၊ တစ်စုံတစ်ရောက်ကိုဖြစ်စေ မကောင်းအမြင်ဖြင့် အဆိုးများကို ကြည့်တတ်ကြလျှင် အလွယ်တကူ အပြစ်မြင်ကာ အကုသိုလ်ဖြစ်တတ်သဖြင့် ကောင်းကွက်များကိုရှာ၍ အကောင်းကို ကြည့်တတ်ရန် ကြိုးစားအားထုတ်သင့်ကြောင်း အကြံပြု တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းသည် ကုသိုလ်ရရန်နှင့် အကုသိုလ်အဖြစ်နည်းရန် အထောက်အပံ့ ဖြစ်စေတတ်သဖြင့် မိမိတို့၏ စိတ်ကို အကောင်းဘက်က ကြည့်မြင်တတ်ရန် လေ့ကျင့်သင့်ကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။ ထိုသို့သာ အကောင်းဘက်က ရှုမြင်တတ်၊ ကောင်းသည့်အရာများတွင် နှလုံးသွင်းမှန်ကန်တတ်ကြလျှင် မိမိအတွက်လည်း အပြစ်ကင်းပြီး သူတပါးအတွက်လည်း အကုသိုလ် အဖြစ်နည်းတတ်ကြမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ထို့ကြောင့် မည်သူမဆို မိမိတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများကို အမှီပြု၍ အကုသိုလ်အပြစ် အဖြစ်လွယ်တတ်ကြရာတွင် အဆိုးမြင်တတ်ခြင်း၊ နှလုံးသွင်း မမှန်ကန်ခြင်းတို့ကြောင့်လည်း အကုသိုလ်အပြစ် ဖြစ်နိုင်ကြသဖြင့် ထိုသို့သော အကုသိုလ်အပြစ် ဖြစ်ပွားမှုများ နည်းပါးစေရန် မည်သည့်အရာ မည်သည့်ပုဂ္ဂိုလ်များ အပေါ်တွင်မဆို အကောင်းဘက်က ရှုမြင်နိုင်ရန်နှင့် နှလုံးသွင်းမှန်ကန်နိုင်ရန် မိမိတို့၏ စိတ်အစဉ်ကို မမေ့မလျော့သည့် သတိတရားဖြင့် အစဉ်မပြတ် ထိန်းသိမ်းပြုပြင်သင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် နှစ်သစ်စရာ ဓမ္မတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။

ပညတ်နှင့် ပရမတ်…

ပညတ်နှင့် ပရမတ်ဟူသော စကားများကို အတော်များများ ကြားသိနေကြမည် ဖြစ်၏။ စာပေများတွင်လည်း အရေးများသကဲ့သို့ ဆရာတော် အတော်များများကလည်း ဟောပြောပေးနေသဖြင့် ရင်နှီးနေသော စကားများ ဖြစ်၏။ သို့သော် တိကျသည့် အဓိပ္ပါယ်နှင့် ဆိုလိုရင်းကိုကား မသိသူများလှ၏။ အများပညတ်ဟူ၍ ပညတ်နေကြ၊ အများပရမတ်ဟူ၍ ပရမတ်နေကြသော်လည်း ထိုစကားများ၏ အနက်အဓိပ္ပါယ်ကို ပြောပါဟုဆိုသော် မပြောနိုင်သူက များနေကြမည်သာ ဖြစ်၏။ အချို့မှာ ပညတ်ဟူသော စကား၊ ပရမတ်ဟူသော စကားများကို တွင်တွင်သုံးနေကြသော်လည်း လက်တွေ့ပိုင်းတွင် ပညတ်များဖြင့် ရှုတ်ထွေးနေပြီး စစ်မှန်သည့် ပရမတ်သဘောကို မသိသဖြင့် ပညတ်ကို ပရမတ်ဟု ထင်နေသူများအဖြစ် ရှိနေတတ်၏။ အချို့လည်း ပညတ်နှင့် ပရမတ်မကွဲသဖြင့် ပရမတ်ယောင်ယောင် ပညတ်ယောင်ယောင်ဖြစ်ကာ လိုအပ်လျှင် အရာရာကို ပညတ်ဟုဆိုသူများလည်း ရှိနေတတ်၏။ စင်စစ် ပညတ်နှင့် ပရမတ်ကို ၀ိပဿနာဉာဏ်ဖြင့် မခွဲခြားနိုင်သေးသမျှ လွဲမှားနေကြမည် ဖြစ်သော်လည်း သညာသိအားဖြင့်ကား ထိုအသုံးများသည့် ပညတ်နှင့် ပရမတ်တို့၏ အနက်အဓိပ္ပါယ်ကို သိထားရန် လိုအပ်လှ၏။ ထို့ကြောင့် စာပေအဖွင့်များနှင့်အညီ ပညတ်နှင့်ပရမတ်အကြောင်း အနည်းငယ် တင်ပြရခြင်း ဖြစ်ပါ၏။

ပညတ္တိအတ္ထ၊ ပရမတ္ထဟူသော စကားများကို မြန်မာမှုပြုကာ ပညတ်၊ ပရမတ်ဟု အလွယ်ပြောဆို နေကြသည့် ထိုစကားများ၏ မူရင်းအနက်အဓိပ္ပါယ်ကို ဗုဒ္ဓအဘိဓမ္မာ စာပေများတွင် ဥပမာအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆိုထား၏။ ဘာသာဋီကာ ကျမ်းပြုဆရာတော် အရှင်မြတ်ကလည်း ပညတ္တိအတ္ထ၊ ပရမတ္ထတို့၏ အဓိပ္ပါယ်များကို သဂြုင်္ိဟ်ဘာသာဋီကာ ကျမ်းစာတွင် ဖွင့်ဆိုရှင်းပြထား၏။ ဘာသာဋီကာကျမ်းပြု ဆရာတော် အရှင်ဇနကာဘိဝံသက “လူနတ်ဗြဟ္မာ စသော သက်ရှိသတ္တ၀ါ အကောင်အထည် ဒြဗ်နှင့် ရေမြေတောတောင် အိမ်ကျောင်းစသော သက်မဲ့အရာဝတ္ထု ဟူသည်ကို ပညတ္တိအတ္ထဟု ဆိုကြောင်း၊ ရှေးလူကြီးသူမတို့ သမုတ်ထားအပ်သော အနက်ဒြဗ်ဖြစ်သောကြောင့် ထိုပညတ္တိအတ္ထကို သမ္မုတိအတ္ထဟုလည်း ဆိုကြောင်း” စသည်ဖြင့် ပညတ်၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြ၏။ ပရမတ္ထ၏ အဓိပ္ပါယ်နှင့် ပတ်သက်၍လည်း “ပရမတ္ထဟူသည် မုချဆတ်ဆတ်ဖြစ်သော အနက်သဘော၊ ဗလောင်းဗလဲ ပြောင်းလဲခြင်းသဘော မရှိသော အနက်သဘောကို ဆိုကြောင်း” စသည်ဖြင့် ရှင်းပြ၏။

ထိုပညတ် ပရမတ်တို့တွင် ပညတ်သည် အကယ်စင်စစ် ထင်ရှားမရှိလှပေ။ ပုထုဇင်တို့က အဟုတ်အမှန် ရှိသည်ဟု ထင်ကြသော်လည်း အသေအချာ ခွဲခြမ်းစစ်သည့်အခါ အမှန်တကယ်မရှိ ဖြစ်နေတတ်ပေ၏။ လူကောင်ကြီးကို စစ်ဆေးလျှင် ဆံပင်အမွေးစသည့် ကောဋ္ဌာသ အစုအဝေးကိုသာ တွေ့ရမည်ဖြစ်ပြီး လူကိုတွေ့ရမည် မဟုတ်ပေ။ ထို့အတူ ဆံပင်အမွေး စသည်ကို စစ်ဆေးပြန်လျှင်လည်း ဆံပင် အမွေးစသည်ကို မတွေ့ရဘဲ ရုပ်အစုအဝေးကိုသာ တွေ့ရမည်ဖြစ်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ သဘောပင်ဖြစ်၏။ လောက အမှတ်အသားများအရ ရှိသည်ဟု ဆိုရသော်လည်း ဉာဏ်ဖြင့် စစ်ဆေးကြည့်သည့်အခါ အထင်အရှား မရှိတတ်ကြပေ။ ရုပ်နာမ်ဟူသော ပရမတ်သည်သာ အမှန်ရှိနေပြီး ဉာစ်ဖြင့်စစ်ဆေးနိုင်လေ အမှန်ရှိကြောင်း ထင်ရှားလေ ဖြစ်ပေ၏။ ထို့ကြောင့် ပညတ်သည် ရှိသော်လည်း မရှိသည့်တရား၊ ပရမတ်သည်ကား ကြည့်နိုင်လေ ရှိလေတရားဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

ထို့အတူ ပညတ်သည် ဖောက်ပြန်တတ်သည့် တရားဖြစ်ပြီး ပရမတ်သည်ကား မဖောက်ပြန်တတ်သည့် တရားဖြစ်သည်မှာလည်း ထင်ရှားလှ၏။ ဥပမာအားဖြင့် လူဟူသော ခန္ဓာကိုယ်ဒြပ် အထည်ပညတ်ကြီးကို ဖျက်စီး၍ ဆံပင်တစ်ပုံ၊ အမွေးတစ်ပုံ၊ ခြေသည်းလက်သည်း တစ်ပုံ၊ အရိုးတစ်ပုံ၊ သွားတစ်ပုံ၊ အရေတစ်ပုံ စသည်ဖြင့် စုပုံထားလျှင် လူမဟုတ်တော့ပေ။ လူဟူသော ပညတ်ကြီး ဖောက်ပြန်သွားပြီ ဖြစ်၏။ ဆံပင်အမွေးစသည့် ပညတ်များသာ ရှိလေတော့၏။ ထို ဆံပင်အမွေးစသည့် အစုပုံများထဲမှ အရိုးဟူသော ပညတ်အစုကိုလည်း မီးရှို့ဖျက်စီးလိုက်ပါက အရိုးဟူသည် မရှိတော့ဘဲ အရိုးဟူသော ပညတ်မှ မီးသွေးပြာဟူသော ပညတ်သို့ ပြောင်းလဲသွားလေတော့၏။ ထိုမီးသွေးကိုလည်း မှုန့်မှုန့်ညက်ညက် ထောင်းထုပြန်လျှင် မီးသွေးမဟုတ်တော့ဘဲ မြေမှုန့်အဖြစ် ပြောင်းသွားပြန်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ ထာဝရမတည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောပင် ဖြစ်၏။

ပရမတ်သဘောသည်ကား မည်သည့်အချိန်၊ မည်သို့သော အရာများတွင်မှ ပြောင်းလဲဖောက်ပြန်ခြင်း သဘောမရှိလှပေ။ ဥပမာအားဖြင့် ရုပ်နာမ်တရားတို့တွင် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါး သဘောတရားများ ပါရှိ၏။ ပထ၀ီဓာတ်သည် ခိုင်မာခြင်း (ကက္ခဠ) သဘောရှိ၏။ ထို့ကြောင့် မည်သည့် ရုပ်နာမ်တွင်မဆို ထိုသဘောကို တွေ့ရမည် ဖြစ်၏။ အထက်တွင် ဆိုခဲ့သည့် မြေမှုန့်တွင်လည်း ဤပထ၀ီဓာတ်မှုန့်များ များစွာပါရှိ၏။ ထိုပထ၀ီဓာတ်၏ ခိုင်မာခြင်း (ကက္ခဠ) သဘောကို ဖွဲ့စည်းခြင်း (အာဗန္ဓ) သဘောသို့ ပြောင်းလွဲသွားအောင် ပြောင်း၍ မရပေ။ ထို့အတူ စိတ်၏အာရုံကို သိခြင်း (၀ိဇာနန) သဘောကို တွေ့ထိခြင်း (ဖုသန)စသော သဘောသို့ လည်းကောင်း၊ ဖဿ၏ တွေ့ထိခြင်း (ဖုသန) သဘောကို ခံစားခြင်း (အနုဘာဝ)စသော သဘောသို့လည်းကောင်း စသည်ဖြင့် ပြောင်းလဲသွားအောင် မည်သူမျှ မပြုလုပ်နိုင်ပေ။ နိဗ္ဗာန်၏ ငြိမ်းအေးခြင်း (သန္တိ) သဘော၏ မဖောက်ပြန်မှုကား ဆိုဖွယ်မရှိလှပေ။ အလားတူပင်။ လောဘစသည် တို့သည်လည်း လိုချင်မှုစသော သဘောမှ မပြောင်းလဲ၊ အလောဘစသည် တို့သည်လည်း မလိုချင်မှု သဘောမှ မပြောင်းလဲကြဘဲ မိမိ၏ မဖောက်ပြန်ခြင်း ပရမတ်သဘောအတိုင်း တစ်သမတ်တည်းပင် တည်ရှိနေလေ၏။ ကောင်းလျှင်လည်း ကောင်းသည့်အတိုင်း၊ မကောင်းလျှင်လည်း မကောင်းသည့်အတိုင်းသာ တည်ရှိနေပေ၏။ ဤသည်မှာ ပရမတ်ဟူသမျှတို့၏ မဖောက်ပြန်ခြင်း၊ မပြောင်းလဲခြင်း သဘောပင် ဖြစ်ပါ၏။

စင်စစ် ပညတ်နှင့် ပရမတ်တို့သည် ဆက်စပ်နေသည့် တရားများဖြစ်ပြီး အသီးသီး အမှီပြုကာ အကျိုးပြုနေသည့် တရားများဖြစ်၏။ ပညာရှင်တို့အဆိုအရ နှမ်းမှ ဆီကို ထုတ်ယူရသကဲ့သို့ ပရမတ်အနှစ်ကိုလည်း ပညတ်မှပင် ဉာဏ်ဖြင့် ထုတ်ယူကြရမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူဟူသော ပညတ်ကို ဉာဏ်ဖြင့် ခွဲဖျက်၍ ဆံပင်တခြား၊ အမွေးတခြား၊ ခြေသည်းလက်သည်း တခြား၊ သွား၊ အရေ၊ အရိုး၊ အကြော စသည် တခြားအဖြစ် ခွဲကြည့်လျှင် လူဟူသည့် ပုံသဏ္ဌာန် မရှိဘဲ ဆံပင်၊ အမွေး စသည်သာ ရှိမည်ဖြစ်၏။ ထိုဆံပင်စသည် များသည်လည်း ပညတ်များသာ ဖြစ်၏။ ဆံပင်စသည်ကို ထပ်၍ စစ်ဆေးကြည့်လျှင် သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများသာ ပူးတွဲပေါင်းစပ်နေသည်ကို တွေ့ရမည်ဖြစ်၏။ ထို့ကြောင့် ဆံပင်စသည့် အခေါ်အဝေါ်များသည် အမှန်တကယ် မရှိသည့် ပညတ်များဖြစ်ပြီး ထိုဆံပင်စသည်တို့တွင် အမှန်ရှိသည်မှာ သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများခေါ် ပရမတ်များသာ အမှန်ရှိနေသည်များ ဖြစ်ကြောင်းတွေ့ရမည် ဖြစ်၏။ ဤသို့သော ရုပ်ကလာပ်များဖြစ်သည့် ပရမတ်သဘောများအထိ မြင်အောင် ထုတ်ယူကြရမည်သာ ဖြစ်ပါ၏။

ထို့အပြင် လူဟူသောဒြဗ်တွင်လည်း အာရုံကို သိတတ်ထိတတ် ခံစားတတ်သည့် စိတ် ဝေဒနာ ဖဿစသည့် နာမ်ပရမတ်များလည်း ရှိနေသည်ကို တွေ့ရမည်ဖြစ်၏။ အစစ်အမှန် ထုတ်ယူရမည်ဆိုလျှင် လူဟူသော သက်ရှိပညတ်မှ ရုပ်နာမ်ဟူသော ပရမတ်ကို ထုတ်ယူကြရမည် ဖြစ်၏။ ထို့အတူ သတ်မဲ့ပညတ် တို့တွင်လည်း တောဟူသည် သစ်ပင်အများ စုပေါင်းနေသော အရာဝတ္ထုများသာ ဖြစ်ပြီး ထိုသစ်ပင်များကို တစ်ခုချင်း ခွဲခြားကြည့ှ်လျှင် တောဟူသည် ပြစရာ မရှိလှပေ။ ထိုသို့သော သက်မဲ့ပညတ်များမှလည်း အဋ္ဌကလာပ်ရုပ်ဟူသော ပရမတ်သဘောကို ထုတ်ယူကြရမည်သာ ဖြစ်ပါ၏။ ဤသို့လျှင် သက်ရှိသက်မဲ့ ပညတ်များမှ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို ထုတ်ယူကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

စင်စစ် ထိုသို့တိုက်တွန်း သမှုပြုကြသော်လည်း ထိုပညတ်နှင့် ပရမတ်သဘောကို အမှန်အစစ်သိရန် မလွယ်လှပေ။ အထူးသဖြင့် ပုထုဇင်တို့သည်ကား ပရမတ်၏ သဘောအမှန်ကို မသိနိုင်ကြပေ။ အကောင်အထည် ပုံဟန်များက ဖုံးအုပ်ထားသဖြင့် ပညတ်များအပေါ်တွင်သာ စိတ်အစဉ် ကျက်စားနေလေ့ရှိကြပေ၏။ အရိယာသူတော်ကောင်း များသည်သာ လူကောင်နတ်ကောင် အရာဝတ္ထုစသည့် အထည်ဒြဗ်များကိုခွာ၍ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို သိနိုင်ကျက်စားနိုင်ပေ၏။ ထို့ကြောင့် ပုထုဇင်များအနေဖြင့် မည်မျှပင် ပညတ်ပရမတ် ကွဲသည်ဟုဆိုသော်လည်း ထိုကွဲပြားသိမှုသည် ပညတ်သိမျှသာ ဖြစ်နေပြီး အရိယာ အဖြစ်ရောက်မှသာ ပညတ်ကိုခွါ၍ ပရမတ်အသိဖြင့် သိနိုင်ကြကြောင်း ဆိုခြင်းဖြစ်၏။

ထင်ရှားသည့် သာဓကတစ်ခုအားဖြင့် ပြရလျှင် “လူသွားသည်”ဟူသည့် သဘောကို ပုထုဇင်တို့က လူအထည်ကိုယ်ကြီး သွားသည်ဟု ထင်မြင်ကြမည် ဖြစ်၏။ အရိယာတို့ကား ထိုသို့မမြင်။ “လူသွားသည်”ဟု ဆိုရာတွင် အမှန်စင်စစ် လူကောင်းကြီးသွားသည် မဟုတ်၊ သွားနိုင်သည့် လူကောင်ကြီးဟူသည် မရှိ၊ သွားလိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာမှုကြောင့် ၀ါယောဓာတ် လွန်ကဲပြီး လိုရာသို့ ပို့ပေးနိုင်သည့် သတ္တိထူး ၀ိညတ်ရှိသည့် စိတ္တဇရုပ်များ ဖြစ်ပေါ်လာကာ ထိုဝိညတ်နှင့်တကွ ၀ါယောဓာတ်တို့၏ တွန်းထိုးလှုပ်ရှားမှုကြောင့်သာ ရုပ်ကလာပ် အစုအဝေးတို့၏ နေရာမှ ရွေ့လျားမှု ဖြစ်ခြင်းသာ ဖြစ်သည်ဟု မြင်ကြ၏။ ဤကား ပညတ်အသိရှိသည့် ပုထုဇင်များ၏ ပညတ်အမြင်နှင့် ပရမတ်အသိရှိသည့် အရိယာတို့၏ ပရမတ်အမြင် ကွဲပြားမှုပင် ဖြစ်ပါ၏။ ထို့ကြောင့် ထိုသို့သော အမြင်အသိ မတူမှုများကြောင့် ပညတ်နှင့် ပရမတ်တို့သည် သိရှိကွဲပြားရန် ခက်ခဲလှကြောင်း ဆိုခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ ပညတ်နှင့် ပရမတ်တို့သည် သဘောသွားချင်း မတူသကဲ့သို့ အကျိုးပြုပုံချင်းလည်း မတူညီကြောင်း ဆိုလိုပါ၏။ ပညတ်သည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောရှိပြီး ပရမတ်သည် မဖောက်မပြန် တစ်သမှတ်တည်း တည်နေသည့် သဘောရှိကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ ထိုသို့ သဘောသွားချင်း မတူသော်လည်း ဆက်စပ်မှု ရှိနေသဖြင့် ပညတ်သဘောမှ ပရမတ် သဘောတရားများကို ထုတ်ယူကြရန်နှင့် ပညတ်သိမှ ပရမတ်အသိ အထိရောက်ရန် အားထုတ်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ ပညတ်အစွဲမှသည် ပရမတ်ကွဲသည်အထိ ကြိုးစားကြရန် ဖြစ်ပါ၏။ ပညတ်မှသည် ပရမတ်ကို ထုတ်ယူရမည် ဖြစ်သဖြင့် ပညတ်ကို ပယ်ရမည်မဟုတ်ဘဲ ပညတ်ကို ပညတ်အတိုင်းထားကာ ပရမတ်အမြင်ဖြင့် မြင်နိုင်ရန် အားထုတ်ရမည်သာ ဖြစ်ပါ၏။ ထိုသို့ မဟုတ်လျှင် ပရမတ်အမှန်လည်းမမြင် ပညတ်သဘောလည်း မသိဘဲ နေရာတကာ လိုလျှင်ပရမတ်၊ မလိုလျှင် ပညတ်ဟု ဆိုတတ်သည်အထိ အမှတ်မှားတတ်ပေ၏။

ထို့ကြောင့် ပညတ်နှင့်ပရမတ်တို့၏ သဘောသဘာဝကို ဉာဏ်ဖြင့်မသိနိုင် သေးသော်လည်း သညာသိဖြင့် အကောင်းဆုံးသိကာ အမှားအမှန် ခွာခြားနိုင်စေဖို့ ကြိုးစားအားထုတ်ကြရန်နှင့် ထိုမှတစ်ဆင့်တက်ကာ ပညတ်အသိမှ ပရမတ်အသိအထိ သိရှိနိုင်စေဖို့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ကြပါဟု တိုက်တွန်းရင်း ဗုဒ္ဓစာပေလာ ပညတ်နှင့် ပရမတ်အကြောင်း တစ်စေ့တစ်စောင်းကို စေတနာအားဖြင့် မိတ်ဆက်စကား ပါးလိုက်ရပါသည်။
ကျမ်းကိုး = သင်္ဂြိဟ်ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။

ဒု - သ - န - သော…

ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်း မကြာမကြာ အမေးခံရဖူးပါတယ်။ တစ်ချို့လည်း ကြားဖူးနေပေမယ့် အဓိပ္ပါယ် တိတိကျကျ မသိတဲ့အတွက် မေးကြခြင်းဖြစ်သလို တစ်ချို့လည်း စာအုပ်စာပေတွေ ဖတ်ရင်းကြားညပ်ပါလာလို့ ဖတ်လိုက်ရပေမယ့် အကျယ်မရှင်းထားတော့ ဘာမှန်းမသိ ဖြစ်တဲ့အတွက် မေးကြတာလည်း ရှိပါတယ်။ တကယ်တော့ ဒီအသံတွေဟာ မကောင်းတဲ့ အလုပ်ကြောင့် မကောင်းတဲ့ ဘ၀ကနေ ခံစားနေရတဲ့ မကောင်းကျိုးတွေအပေါ် နောင်တရတဲ့ သူတွေရဲ့ သံဝေဂနဲ့အတူ အသိပေးတဲ့ သတိပေးသံတွေပဲ ဖြစ်ပါတယ်။ ဒီ စကားလေးတွေ ဖြစ်ပေါ်ခဲ့ရခြင်း အကြောင်းရဲ့ အတိတ်ကို ပြန်ကြည့်လိုက်ရင် ကြောက်လန့်စရာ တကယ့်ကိုပဲ ကောင်းလှပါတယ်။ ဒီအသံပိုင်ရှင်တွေရဲ့ အတိတ်က လုပ်ရပ်တွေဟာ ကြောက်တတ်မယ်ဆိုရင် တကယ်ပဲ ကြောက်စရာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓအနေနဲ့ ဒီ အကြောင်းတရားကို ဟောကြားဖြစ်ခဲ့တာကတော့ ကောသလဘုရင်နဲ့ ဆက်စပ်နေပါတယ်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီး အကြောင်းကို စုံးစမ်းခိုင်းတဲ့အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီး အပေါ်စွဲလန်းနေမိတဲ့ အတွက် ဒီအမျိုးသမီးကို အရယူဖို့ သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး အပြစ်အတိုင်း အဆုံးစီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာ ရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ် ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကို တမင်အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်း သွားရောက် ဆောင်ယူရမှာ ဖြစ်ပါတယ်။

ဒါနဲ့ သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာ ရှိတဲ့သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ ဘုရင်အမိန့်အတိုင်း လိုအပ်တာကို ယူဆောင်ပြီး နန်းတော်သို့ အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့တံခါးကို စောစော အပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါး ပိတ်ထားတဲ့အတွက် အဲဒီည အိပ်စရာမရှိတဲ့အခါ နောက်ဆုံး သတ္တ၀ါတွေရဲ့ ထုံးစံအတိုင်း ဒုက္ခရောက်မှ ဘုရားကျောင်းကန်ကို သတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက်ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရ ဖြစ်နေခဲ့ပါတယ်။ အိမ်မပျော် ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ ငရဲသားလေးယောက်ရဲ့ အသံကို ထူးထူးခြားခြား ကြာလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်း သူတို့မှားခဲ့တဲ့ အမှားအတွက် ခံရတဲ့ ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က “ဒု”၊ တစ်ယောက်က “သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲ ပြန်မြုပ်သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ်လန့်ကာ ဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပုရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကို ပူဇော်ရပါမယ်၊ ဒီယဇ်ပူဇော်ဖို့အတွက် ဆင်၊ မြင်း၊ နွားလဥသဘ၊ နို့ညှစ်နွားမ၊ ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ ၀က်၊ သတိုးသား၊ သတိုးသမီး စသဖြင့် သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီး ပူဇော်ရပါမယ်၊ အဲဒါဆို ဘုရင်ကြီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။ ကောသလဘုရင်ဟာ ဉာဏ်အမြင်နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့သူ ဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်း စီရင်စေပါတယ်။ ဘုရင်ရဲ့ ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သားသမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ ဒီအသံတွေကြောင့် ကောသလမင်းကြီးရဲ့ မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာ လမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာ ဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက်ကြားဖို့ အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့ အကြံအတိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။

ဘုရားရှင်ထံ ရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရ ကံကြောင့် လောဟကုမ္ဘီငရဲမှ ကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပ မြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာ အတူပျော်ပါး စားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကို ပေးကာ သူတို့နဲ့ ပျော်ပါးတဲ့ အခါ အသုံးပြုကြဖို့ ဆုံးဖြတ်ပြီး ချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီး ပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေးယောက်ဟာ ကာမေသုမိစ္ဆာစာရ အမှုကို နှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲ သူတို့လေးယောက် သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီး အခုတစ်ခါ လောဟကုမ္ဘီငရဲမှာ ထပ်ပြီး ခံနေရတာ ဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီ သူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲ ဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက
“ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အား စည်းစိမ်ဥစ္စများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့် ကုသိုလ်ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“န”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည် မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကို သိလေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည် ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ ပြောလိုတာ ဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။

အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်း အဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင်ဟာ အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါတော့တယ်။

ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။

ဒီနေရာမှ အဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေ အကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်က လုပ်ခဲ့တဲ့ သူတပါး သားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့ တန်ပြန်သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင် ကိုယ်ကျင့်သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အဖြစ်အပျက် အဓိပ္ပါယ်တွေကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့ လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

ချမ်သာကြီးလိုလျှင်…

“ကံဟောင်းလာကြောင်း၊ ကံသစ်လောင်း၊ ရေးမြောင်းဖောက်ပါလေ။
ကြီးသောချမ်းသာ၊ တောင့်တရှာ၊ ချမ်းသာငယ်ကို စွန့်ပါလေ။
ကြီးသောဆင်းရဲ၊ ကြောက်လျှင်လည်း၊ ဆင်းရဲငယ်ကို သည်းခံလေ”
(တိပိဋကယောဆရာတော်)

တိပိဋကဓရ ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ၏ “တိပိဋကဓမ္မလက်ဆောင် တရားတော်များ” ဟူသော စာအုပ်ကို ဖတ်ရှုကြည်ညိုရင်း စာအုပ်တစ်နေရာတွင် ဆရာတော် စပ်ဆိုထားသည့် အထက်ပါ ကဗျာလင်္ကာလေးများအား သဘောကျနှစ်သက်မိခဲ့၏။ နှစ်သက်မိသည့်အလျောက် အလွတ်ရသည် အထိ ကျက်မှတ်ဆောင်ထား ဖြစ်လိုက်၏။ အခွင့်အခါသင့်လျှင် ထိုလင်္ကာလေးများကို ကိုးကား၍ မှတ်သားဖွယ် ဆောင်းပါးလေးများရေးကာ ပြန်လည်မျှဝေပေးမည်ဟုလည်း အကြံဖြစ်ခဲ့၏။ ယခုသော် ထိုအကြံကို အကောင်အထည် ဖော်ဖြစ်ပြီဟု ဆိုရမည်ဖြစ်၏။ ဆရာတော်၏ လင်္ကာလေးများကို ကိုးကားကာ ဆောင်ပါးခေါင်းစဉ်ကိုလည်း “ချမ်းသာကြီးလိုလျှင်” ဟု အမည်ပေး ဖြစ်ခဲ့၏။

တိပိဋကယောဆရာတော် အရှင်မြတ်မှ အထက်ပါ လင်္ကာလေးများ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြပေးထား၏။ ဆရာတော်က “ကံဟောင်းလာကြောင်း၊ ကံသစ်လောင်း၊ ရေမြောင်းဖောက်ပါလေ” ဟူသော လင်္ကာလေးနှင့် ပတ်သက်၍ “ကံသာအမိ ကံသာအဖ၊ ကံသာကိုယ်ပိုင်ဥစ္စာ ဟူသော စကားသည် အိပ်နေသောသူနှင့် သက်ဆိုင်ခွင့် မရှိနိုင်ပါ။ ဉာဏ် ဝီရိယဟူသော ပစ္စုပ္ပန်ကံဖြင့် မကြိုဆိုသမျှ၊ မနှိုးသမျှ အတိတ်ကံကား အိပ်နေဦးမည်သာ ဖြစ်သည်။ ရေလာသည်ကို မြောင်းပေးမှသာ (ဝါ) ကံဟောင်းကို ကံသစ်ဖြင့် ကြိုဆိုလမ်းဖွင့်ပေးမှသာ အတိတ်ကံများ လမ်းပွင့်၍ အကျိုးပေးခွင်သာပေလိမ့်မည်။ ပစ္စုပ္ပန် ကံကောင်းများဖြင့် လမ်းဖွင့်မြောင်းဖောက်ပေးမှ အတိတ်ကံကောင်းများနှင့် ပေါင်းမိကာ အဆက်မပြတ် ကောင်းကျိုးရမည်” ဟူ၍လည်းကောင်း၊ “ကြီးသောချမ်းသာ၊ တောင့်တရှာ၊ ချမ်းသာငယ်ကို စွန့်ပါလေ။ ကြီးသောဆင်းရဲ၊ ကြောက်လျှင်လည်း၊ ဆင်းရဲငယ်ကို သည်းခံလေ”ဟူသော လင်္ကာများနှင့် ပတ်သက်၍လည်း “အသင်သည် ကြီးမားလှသော ချမ်းသာကို မျှော်လင့်တောင့်တ နေသူဖြစ်လျှင် သေးငယ်သော ချမ်းသာကို စွန့်လွှတ်ပါလေ။ ထို့အတူ ကြီးမားလှသော ဆင်းရဲကို ကြောက်ရွံ့နေသူဖြစ်လျှင် သေးငယ်သော ဆင်းရဲကို သည်းခံလေ။ သည်းခံချုပ်တည်း အောင့်အည်းနိုင်၍ စွန့်လွှတ်ရဲသော ခန္တီအမာခံခွန်အားကို လက်ကိုင်ထားနိုင်မှ ကြောက်သောဆင်းရဲလွတ်၍ တောင့်တလိုချင်သော ချမ်းသာကို ရနိုင်မည်ဖြစ်သည်” (တိပိဋကဓမ္မလက်ဆောင် တရားတော်များ၊ နှာ၊ ၉) ဟူ၍လည်းကောင်း ဖွင့်ဆိုရှင်းပြ၏။

မှန်၏၊ ဘဝတွင် မည်သူမဆို ကြီးပွားချမ်းသာလိုလျှင် ကြီးပွားချမ်းသာကြောင်း အလုပ်များကို လုပ်ရမည်သာ ဖြစ်ပါ၏။ ကံကောင်းလိုလျှင် ကံကောင်းကြောင်း အလုပ်များကို လုပ်ရမည်ဖြစ်သကဲ့သို့ ကြီးမားသည့် ချမ်းသာကို လိုလားတောင့်တလျှင်လည်း သေးငယ်သည့် ချမ်းသာကို စွန့်ရမည်သာ ဖြစ်ပါ၏။ ထို့အတူ ဆင်းရဲကြီးကို ကြောက်လျှင်လည်း ဆင်းရဲငယ်ကို သည်းခံရမည်သာ ဖြစ်ပါ၏။ အကြောင်းကြောင့် အကျိုးဖြစ်သည့် ကြောင်းကျိုးဆက်စပ်မှု သဘောတရားတွင် အကျိုးကောင်းများ ရှိစေရန် အကြောင်းကောင်းများဖြင့် ဖွင့်ပေးခြင်း သဘောဖြစ်ပြီး အကျိုးကောင်းများကို တောင့်တလျှင်လည်း အကြောင်းများကောင်းရန် ပြုလုပ်ပေးကြရမည်သာ ဖြစ်ပါ၏။ ထိုသို့ အကြောင်းများ ကောင်းစေရန်အတွက်လည်း အနည်းငယ်သော စွန့်လွတ်ရမှုများ ရှိသကဲ့သို့ သည်းခံရမည့် အရာများလည်း ရှိနိုင်ပေ၏။ မည်သို့ဆိုစေ ထိုအလုပ်များသည် ချမ်းသာကြီးလိုသူများ လုပ်သင့်လုပ်ထိုက်သည့် အကျိုးကောင်းစေမည့် အကြောင်းကောင်း အလုပ်များသာ ဖြစ်ပါ၏။

ဗုဒ္ဓဘာသာတို့၏ ကမ္မနိယာမ သဘောတရားအရ လူတစ်ယောက်၏ ချမ်းသာမှုအပိုင်းတွင် ကံအထောက် အပံ့များသည် အထူးလိုအပ်လှ၏။ “ကံမရှိ၊ ဉာဏ်ရှိတိုင်းမွဲ”ဟူသော မြန်မာစကားလည်း ရှိ၏။ ဤစကားသည် ကံတရား၏ အရေးပါမှုကို ပြသလိုရင်းဖြစ်၏။ မှန်၏။ အတိတ်က ဝဋ်ကြွေးကံများ၊ မကောင်းသည့် ကံများပါလာလျှင် ဉာဏ်ရှိသော်လည်း မအောင်မြင်၊ အကျိုးပေး မကောင်းဘဲ ရှိတတ်၏။ သို့သော် ကြိုးစားလျှင်ကား ကြိုးစားသည့်အလျောက် ဝိရီယ အကျိုးကို ခံစားရသည်များလည်း ရှိ၏။ ထိုဝိရီယသည် ဉာဏ်နှင့်ယှဉ်သည့် ဝိရီယ ဖြစ်ရန်လည်း အရေးကြီးလှ၏။

သို့ဆိုလျှင် အတိတ်ကံနည်း၍ ကြီးပွားမှုနည်း၊ အကျိုးပေးနည်းသူများသည် ပစ္စုပ္ပန်တွင် ဉာဏ်နှင့်ယှဉ်ကာ ကြိုးစားနိုင်ပါက အထိုက်အလျောက် တိုးတက်မှု ရှိမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။ ထိုသို့ ဉာဏ်ယှဉ်သည့် ဝီရိယရှိသူသည် အကောင်းအဆိုး၊ ကုသိုလ် အကုသိုလ်ကိုလည်း ဆင်ခြင်နိုင်သဖြင့် ကောင်းသည့်အလုပ်များကို လုပ်နေမည်ဖြစ်ပြီး ကောင်းသည့်အလုပ်များ လုပ်နေခြင်းသည် ကောင်းသည့်ကံများကို လုပ်နေခြင်း ဖြစ်သဖြင့် ကောင်းသည့်အကျိုးပေးများလည်း ရရှိခံစားလာနိုင်မည် ဖြစ်ပါ၏။ ဤသည်မှာ ပစ္စုပ္ပန်တွင် ဉာဏ်နှင့်ဝိရီယကို အရင်းတည်ကာ ကြိုးစားအားထုတ်သဖြင့် ရရှိလာသည့် ကံသစ်များကြောင့် ပေါ်ပေါက်လာသည့် ကံဟောင်းများဟုလည်း ဆိုလိုက ဆိုနိုင်မည် ဖြစ်၏။ ထို့ကြောင့် ချမ်းသာကြီးလိုသူများသည် ပစ္စုပ္ပန်ကံများဖြစ်သည့် ဉာဏ်နှင့်ဝိရိယကို အရင်းတည်ကာ ကောင်းသည့်အလုပ်များကို လုပ်ခြင်းဖြင့် ကောင်းကံများကို ဖွင့်ပေးရန်လိုကြောင်း၊ ထိုသို့ကံများကို ဖွင့်ပေးခြင်းဖြင့် အတိတ်က အကျိုးပေးခွင့်မသာသည့် ကံများသည်လည်း အကျိုးပေးခွင့်ရကာ ချမ်းသာမှုကို အထောက်အပံ့ပြုနိုင်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ထို့အတူ ဉာဏ်နှင့်ယှဉ်သည့် အလုပ်ကောင်းများ လုပ်နေသူများသည် တစ်ခါတရံ ကောင်းသည့်အရာများကို ပေးစွန့်ရသည်များ ရှိသကဲ့သို့ မကောင်းသည့် အရာများကို သည်းခံရသည်များလည်း ရှိတတ်၏။ စင်စစ် ထိုစွန့်လွတ်ခြင်းနှင့် သည်းခံခြင်းများသည် ခက်ခဲသော်လည်း ထိုအခက်အခဲများ၏နောက် ချမ်းသာရောက်ရေး၏ အထောက်အပံ့ ကောင်းများသာ ဖြစ်ပါ၏။ မည်သူမဆို ချမ်းသာကို လိုချင်ကြသည်မှာ မှန်သော်လည်း ထိုချမ်းသာမှုအတွက် ဆင်းရဲပင်ပန်းမှုဖြင့် အရင်းပြုရမည်သာ ဖြစ်၏။ ထို့အပြင် ကြီးကျယ်သည့် ချမ်းသာကို လိုချင်လျှင် အနည်းငယ်သော ချမ်းသာလေးများကို စွန့်လွှတ်ရသည်များလည်း ရှိ၏။ “ထောင်မြင် ရာစွန့်“ဟူသော စကားအတိုင်း တစ်ထောင်ရနိုင်မည့် အခွင့်အရေးအတွက် တစ်ရာလောက်ကို စွန့်လွှတ်ပေးရသည့်သဘော ဖြစ်ပါ၏။ ဤစကားသည် ပစ္စုပ္ပန်၌ လောကီးဈေးကွက်နည်းဖြင့် တွက်သည့်စကားမျိုး ဖြစ်သော်လည်း ချမ်းသာကြီးကို လိုချင်သူများအနေဖြင့် ကျင့်သုံးသင့်သည် စနစ်သာ ဖြစ်ပါ၏။

သူတော်ကောင်းတို့၏ စကားအရ ပြောရလျှင် ထာဝရချမ်းသာဖြစ်သည့် လောကုတ္တရာချမ်းသာကို ရရှိစေရေးအတွက် တဒင်္ဂအခိုက်အတန့် ချမ်းသာဖြစ်သည့် လောကီချမ်းသာ အချို့ကို စွန်လွှတ်ရခြင်းမျိုး ဖြစ်၏။ လောကီချမ်းသာများသည် မည်မျှကောင်းသည့် ချမ်းသာမျိုး ဖြစ်ပါစေ ထိုချမ်းသာများသည် အခိုက်အတန့်မျှသာ ဖြစ်ပါ၏။ ထိုအခိုက်အတန့် ချမ်းသာများ၏ နောက်ကွယ်တွင် ပျက်စီးခြင်း၊ အစိုးမရခြင်း၊ ထာဝရ မတည်တံ့ခြင်းများက ကပ်ပါလာနေသည်သာ ဖြစ်သဖြင့် ထိုလောကီချမ်းသာ နောက်သို့သာ တကောက်ကောက် လိုက်နေကြသူများ၏ အဆုံးကား ဆင်းရဲခြင်းသာ နိဂုံးဖြစ်သွားကြရ၏။ လောကသတ်မှတ်ချက် ချမ်းသာဟူသမျှသည် ဆင်းရဲခြင်းနှင့် အမြဲဆက်စပ်နေသဖြင့် အချိန်မရွေး ပျောက်ပျက်သွားတတ်သည့် သဘောရှိ၏။ ထို့ကြောင့် သူတော်ကောင်းများက ထိုအခိုက်အတန့် ချမ်းသာများကိုစွန့်ကာ အကောင်းဆုံး သန္တိသုခ နိဗ္ဗာန်ချမ်းသာကို ရှာဖွေကြခြင်း ဖြစ်၏။ သူတော်ကောင်းတို့၏ လမ်းစဉ်သည် အမှန်ပင် ချမ်းသာကြီးလိုသူများ၏ လမ်းစဉ်ပင် ဖြစ်ပါ၏။ ချမ်းသာကြီးကို လိုချင်ကြသူများသည် သူတော်ကောင်းတို့၏ လမ်းစဉ်အတိုင်း ချမ်းသာငယ်ကို စွန့်လွှတ်နိုင်ကြရန် ကြိုးစားသင့်ပေ၏။

ထို့အတူ ဆင်းရဲကြီးမည်ကို ကြောက်သည့်သူများသည် ဆင်းရဲငယ်ကိုလည်း သည်းခံနိုင်အောင် ကြိုးစားရမည် ဖြစ်ပါ၏။ အခိုက်အတန့် ပင်ပန်းဆင်းရဲမည်ကို ကြောက်သဖြင့် သက်သာခိုကာ ဟိုလိုလို ဒီလိုလို နေခဲ့မိပါက နောင်အချိန်တွင် ထိုပင်ပန်းမှု ဆင်းရဲထက် အဆအရာမက ပင်ပန်းဆင်းရဲမှုနှင့် ကြုံကြရမည်သာ ဖြစ်ပါ၏။ ဤသဘောသည် မိမိတို့၏ လက်တွေ့ဘဝများတွင်လည်း အထင်အရှား ရှိနေခဲ့ကြသည်သာ ဖြစ်၏။ မိမိကိုယ်တိုင်လည်း ထိုအထဲတွင် ပါကောင်းပါနေနိုင်၏။ အခွင့်ရှိခိုက်၊ အရွယ်ရှိခိုက်၊ အချိန်ရှိခိုက်တွင် ရယူကြိုးစားရမည်များကို အခိုက်အတန့် ဆင်းရဲဒုက္ခ ရောက်မည့်အရေးတွေးကာ မကြိုးစားမိဘဲ နေလိုက်မိသည့် အဖြစ်သည် အခွင့်အရေးမရှိ၊ အရွယ်လည်းကြီး၊ ဘဝနိဂုံးအချိန်လည်း နီးသည့်အခါတွင်ကား အလွန်ဆင်းရဲ ပင်ပန်းကြရသည့် အဖြစ်နှင့်ကြုံတွေ့ ကြရလေတော့၏။ ထိုအချိန်တွင်မှ မှားခဲ့မိလေခြင်းဟူသည့် နောင်တတရားက မိမိထံ ရောက်လာတတ်ပြန်၏။ အရင်းစစ်သည့်အခါ ဆင်းရဲကြီးကို မကြောက်ဘဲ ဆင်းရဲငယ်ကို ကြောက်ကာ သည်းမခံနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိလာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ဆင်းရဲကြီးကို ကြောက်ပါက ဆင်းရဲငယ်ကို သည်းခံကြဟု ဆိုခြင်းဖြစ်၏။

ထိုစကားသည် အမှန်ပင်ဖြစ်၏။ လူအတော်များများသည် တဒင်္ဂဆင်းရဲများတွင်သာ ကြောက်ရွံ့နေတတ်ပြီး သံသရာနှင့်ချီသည့် ဆင်းရဲများတွင်ကား လျစ်လျူရှုနေကြသည့် သဘောရှိ၏။ အခိုက်အတန့် ဆင်းရဲမည်ကိုသာ တွေးပူလျက် ထိုဆင်းရဲများ မဖြစ်ရေးကိုသာ ကြိုးစားနေတတ်ကြ၏။ အခိုက်အတန့် ဆင်းရဲမည့်ဒဏ်ကို မခံလိုသဖြင့် သက်သာရာသက်သာကြောင်း လမ်းများနောက်ကိုသာ လိုက်လိုနေတတ်ကြ၏။ ထိုသို့ အလွယ်လိုက်မိကြသဖြင့် မမှန်သည့်လမ်းများတွင် လျှောက်လှမ်းမိကြသည့် အခါတွင်ကား ဆင်းရဲဒုက္ခသည် ပိုလို့သာ ကြီးလာကြပေ၏။ အခိုက်အတန့် ဆင်းရဲကို သည်းမခံနိုင်သဖြင့် အလွယ်လိုက်မိရာမှ အဆိုးဆုံး ဆင်းရဲဒုက္ခများသာ ရရှိခံစားလာကြပေ၏။ စင်စစ် လောကီအလုပ်ဖြစ်စေ၊ လောကုတ္တရာ အလုပ်ဖြစ်စေ ဆင်းရဲဒုက္ခသည် အမှန်ပင် ရှိနေကြ၏။ ထိုဆင်းရဲကို သည်းခံနိုင်မှသာ လောကီတွင်း ချမ်းသာရ၍ လောကုတ္တရာတွင်လည်း တရားရမည်သာ ဖြစ်၏။ တရားအားထုတ်သူများ ဆိုလျှင်ကား အမြင့်မြတ်ဆုံး၊ အကောင်းဆုံး အလုပ်ကို လုပ်နေသော်လည်း ဆင်းရဲဒုက္ခနှင့် ရင်းပြီးနေရသဖြင့် တရားရလိုလျှင် သည်းခံကြဟု တိုက်တွန်းကြခြင်း ဖြစ်၏။

မည်သို့ဆိုစေ။ ချမ်းသာကြီးကို လိုလားသူများသည် အလုပ်ကောင်းများလုပ်ကာ ချမ်းသာငယ်ကိုစွန့်လျက် ဆင်းရဲငယ်ကို သည်းခံရမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။ လောကီလောကုတ္တရာ၊ ပစ္စုပ္ပန် သံသာရာ နှစ်ဖြာချမ်းသာ ရရေးအတွက် ဉာဏ်နှင့်ယှဉ်သည့် ကြိုးစားမှုကို အရင်းပြုကာ ကောင်းသည့်အလုပ်များဖြင့် ကံကောင်းများကို ဖွင့်ပေးကြရမည် ဖြစ်သကဲ့သို့ ထို့ထက်အလွန် ချမ်းသာအစစ်အမှန်များကို ရရှိရေးအတွက်လည်း တဒင်္ဂအခိုက် ချမ်းသာဖြစ်သည့် ချမ်းသာငယ်များကိုစွန့်ကာ သံသရာနှင့်ချီမည့် ဆင်းရဲဒုက္ခများ မကြုံစေရန် အခိုက်အတန့် ကြုံတွေ့ရသည့် ဆင်းရဲငယ်များကိုလည်း သည်းခံကြရမည်သာ ဖြစ်ပါ၏။ ထိုသို့ ကံကောင်းလည်းဖွင့်၊ ချမ်းသာငယ်လည်းစွန့်၊ ဆင်းရဲငယ်လည်း သည်းခံနိုင်ကြမည် ဆိုပါက မည်သူမဆို ကြီးမားလှသည့် ချမ်းသာသုခကို ရရှိနိုင်ကြမည်မှာ အသေအချာပင် ဖြစ်ပါသည်။

ထို့ကြောင့် ချမ်းသာကြီးလိုကြသူများသည် တိပိဋက ယောဆရာတော် ညွန်ပြသည့် ဗုဒ္ဓလမ်းစဉ်အတိုင်း ကံ၊ ဉာဏ်၊ ဝိရိယ တရားများဖြင့် ပစ္စုပ္ပန်နှင့် အတိတ်ကံကို ပေါင်းစပ်ကာ ကောင်းမြတ်သည့် အလုပ်များကို လုပ်ဆောင်လျက် တဒင်္ဂချမ်းသာမျှနှင့် ကျေနပ်မနေဘဲ ထိုချမ်းသာငယ်ကိုစွန့်၍ ကြုံလာသမျှ ဆင်းရဲငယ်များကို သည်းခံပြီး ချမ်းသာအမှန်ဖြစ်သည့် သန္တိသုခ နိဗ္ဗာန်ချမ်းသာအထိ အရောက်လှမ်းကာ ချမ်းသာကြီးသူများ ဖြစ်အောင် ကြိုးစားကြရမည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း အသိနောက်သို့ အကျင့်လိုက်ကြရန်လည်း တိုက်တွန်းသမှု ပြုလိုက်ရပါ၏။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)