ဒီနေရာလေးကို

Friday, March 18, 2011

“လူချမ်းသာစစ်စစ်ဆိုတာ”

“လူအမျိုးမျိုး စိတ်အဖုံဖုံ” ဆိုတဲ့ လောကဆိုးရိုးစကားအတိုင်းပါပဲ။ လောကမှာ ချောမောတဲ့ လူတန်းစား အလွှာအမျိုးအမျိုး၊ မလှပတဲ့ လူတန်းစား အလွှာမျိုးမျိုး၊ ချမ်းသာတဲ့ လူတန်းစား အလွှာအမျိုးမျိုး၊ ဆင်းရဲတဲ့ လူတန်းစား အလွှာအမျိုးမျိုး စသည် စသည် အားဖြင့် များစွာရှိပါတယ်။
ဒီနေရာမှာ လောကအမြင်နဲ့ ဗုဒ္ဓအမြင်တို့အရ လူချမ်းသာ ဆိုတာ ဘယ်လိုလူစားလဲ၊ သူဆင်းရဲ ဆိုတာ ဘယ်လိုလူစားလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။ အကျဉ်းအားဖြင့်တော့ လောကအမြင်အရ လူချမ်းသာဆိုတာဟာ ပစ္စည်းဥစ္စာများစွာရှိတဲ့သူကို လူချမ်းသာလို့ ဆိုပါတယ်။ ဒီတော့ ဗုဒ္ဓအမြင်အရရော လူချမ်းသာဆိုတာ ဘယ်လိုလဲဆိုတာကို အောက်မှာ တွေ့ပါလိမ့်မယ်။ လေ့လာပြီးရင်တော့ လူချမ်းသာ ဖြစ်ချင်တဲ့ သူတစ်ယောက်အနေနဲ့ လူချမ်းသာဖြစ်အောင် ကျင့်ကြံလုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ကျင့်ကြံဖို့ လိုအပ်ပါလိမ့်မယ်။
စာရေးသူ တက်ရောက်နေတဲ့ Sri Lanka International Buddhist Academy (SIBA) မှာ Sri Lanka Association of Buddhist Studies (SLABS) 4th Bi-Annual International Conference နှစ်လေးကြိမ်မြောက်ပြည့် အပြည်ပြည်ဆိုင်ရာ ညီလာခံပွဲကြီး ဒီဇင်ဘာ ၁၀၊ ၁၁၊ ၁၂ ဆိုပြီး သုံးရက်မြောက် ကျင်းပသွားပါတယ်။
စာရေးသူရဲ့ ဘ၀မှာ ပထမဆုံး ညီလာခံပွဲကြီးကို ကြုံတွေ့ရတာပါ။ ပြီးတော့ ကိုယ့်တက္ကသိုလ်မှာ လာပြီးကျင်းပဖြစ်တော့ ပိုပြီးပျော်ရွှင်မိပါတယ်။ ဪ…ဗုဒ္ဓဘာသာ လေ့လာမှု့နဲ့ပတ်သက်ပြီး ကျင်းပတဲ့ ညီလာခံဆိုတာ ဒီလိုကျင်းပတာပါလား။ အရည်အချင်းပြည့်ဝတဲ့ ပါမောက္ခတွေ နိုင်ငံတကာက လာရောက်ဟောပြော ဆွေးနွေးကြပါလားဆိုတာ ကိုယ်တိုင် တွေ့မြင် ခံစားသိရှိရတာပါ။
စာရေးသူတို တက္ကသိုလ်မှာ ကျင်းပတာဆိုတော့ စာရေးသူတို ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ဆောင်ရွက်စရာရှိတာများကို ဆောင်ရွက်ကူညီလုပ်ဆောင်ကြရပါတယ်။ တက်တက်ကြွကြွနဲ့ပေါ့။ ဒါကြောင့်မို့လည်းပဲ စာရေးသူအနေနဲ့ ပါမောက္ခတွေ ဆွေးနွေးဟောပြောတဲ့ ခန်းမထဲကို မရောက်ဖြစ်ပါဘူး။ ခုံများပြည့်နှက်နေတာကလည်း တစ်ကြောင်းပေါ့။ ဒီလိုနဲ့ နောက်ဆုံးနေ့ ၁၂ ရက်နေ့ရောက်လာပါတယ်။ နောက်ဆုံးနေ့တော့ ငါ ဆရာတွေဟောပြောမယ့် Lecture တွေ နားထောင်ဦးမှာပဲ၊ သူတို့ ဘယ်လို ခေါင်းဆောင်ကြသလဲ၊ သူတို့ ဘယ်လိုဟောပြောကြလဲ၊ သူတို့ ဘာတွေပြောဟောပြီး ဘယ်လို ဆွေးနွေးကြသလဲ၊ ငြင်းခုန်ကြသလဲဆိုတာက သိအောင်လေ့လာဖို သွားနားထောင်မှပဲလို့ ဆုံးဖြတ်ပြီး ဘယ် ခန်းမမှာ ဘယ်ဆရာာတွေ ဘယ်လို ခေါင်းစဉ်တွေဆွေးနွေးကြမလဲဆိုတာကို သိဖို့ Session ကြည့်လိုက်တော့ စာရေးသူရဲ့ တက္ကသိုလ် ဟောပြောမယ့် အခန်း ခေါင်းစဉ်ကို သွားတွေ့ပါတယ်။
ဟောပြောမယ့် ခေါင်းစဉ်က Healthy Thinking and Healthy Action: An Investigation into the Positive Thinking Concepts in Early Buddhist Texts.-by Prof. G.A. Somaratne. ပါ။
ဒီနေရာမှာ ပါမောက္ခဟောပြောသွားခဲ့အထဲက တစ်ခုထဲကိုပဲ စာဖတ်သူကို ပြန်ပြောချင်လို့ပါ။ ပါမောက္ခက သူ့ဟောပြောချက်ထဲမှာ “လူချမ်းသာတွေပဲ သစ္စာလေးပါးကို နားလည်သဘောပေါက်နိုင်ပြီး နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်လို့” ပြောသွားတာပါပါတယ်။ ဆရာဟောပြောပြီးလို့ General Discussion or Comment လုပ်ကြတဲ့အခါမှာ တစ်ခြားနိုင်ငံက ပါမောက္ခတစ်ယောက်က ထပြီး မေးခွန်းထုတ်ပါတယ်။ သူ့မေးခွန်းက…….
“ဗုဒ္ဓရဲ့ သစ္စာလေးပါးကို လူချမ်းသာတွေပဲ နားလည်သဘောပေါက်နိုင်တယ်လို့ သင်ပြောပါတယ်။ ဒါဆိုရင် ဗုဒ္ဓရဲ့ သစ္စာလေးပါးကို လူဆင်းရဲတွေအနေနဲ့ နားလည်နိုင်စွမ်းမရှိဘူးပေါ့။ အဲဒီလို ဗုဒ္ဓကိုယ်တိုင်ကကော ဟောပြောခဲ့လား။ သင်ရော ဒီလိုအခိုင်အမာပြောသလား။” လို့မေးပါတယ်။ သှု့ရဲ့ သာဓကက လောကကြီးမှာ လူဆင်းရဲက များပါတယ်။ လူချမ်းသာတွေထက်ဆိုရင်ပေါ့။ ဒါဆိုရင် သူဆင်းရဲများအနေနဲ့ ဗုဒ္ဓရဲ့ တရားတော်များကို လေ့လာနေတာ အကျိုးမရှိဘူးပေါ့။ အလကားပဲ”
ဒီတော့ ပါမောက္ခ ပြန်ဖြေလိုက်တာလေးကို ဖတ်ကြည့်ရအောင်ပါ။
“ဗုဒ္ဓရဲ့ အလိုတော်အရ ပစ္စည်း ဥစ္စာပေါများတဲ့ လူတစ်ယောက်ကို လူချမ်းသာစစ်ဖြစ်တယ်လို့ မပြောသလို၊ စားဖို့၊ သောက်ဖို့၊ ၀တ်ဖို့ မရှိအောင် ဆင်းရဲ နွမ်းပါးနေတဲ့ လူတစ်ယောက်ကိုလည်း လူဆင်းရဲစစ်စစ်ဖြစ်တယ်လို့ မဆိုလိုပါဘူး။ လူတစ်ယောက်မှာ ပစ္စည်းဥစ္စာ မရှိရင်နေပါစေ သူ့မှာ ပညာ-အရာရာကို ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်တဲ့ သာရှိမယ်ဆိုရင် သူ့ကို လူဆင်းရဲလို့ မခေါ်ပါဘူး။ သူဟာ တကယ် လူချမ်းသာတစ်ယောက်ပါ။ လူတစ်ယောက် ချမ်းသာတယ်။ ဆင်းရဲတယ်ဆိုတာကို ပစ္စည်းဥစ္စာနဲ့ မတိုင်းတာပါဘူး၊ အသိပညာနဲ့ပဲ တိုင်းတာပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားကို အသိပညာ ရှိတဲ့ လူချမ်းသာများသာ နားလည်သဘောပေါက်နိုင်တယ်လို့ ဆိုလိုတာပါ” လို့ ပြန်လည်ရှင်းပြလိုက်ပါတယ်။
ဟုတ်ပါတယ်။ ပြည့်စုံတဲ့ ဉာဏ်ပညာရှိမှသာ နက်နဲတဲ့ ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားတော်ကို ထိုးထွင်းပြီးမြင်နိုင် သိနိုင်မှာပါ။ အသိဉာဏ်ပညာမရှိတဲ့သူ ဘယ်လိုဟောဟော ဘယ်လိုကျင့်ကျင့် နားမလည်နိုင်ပါဘူး။
စာဖတ်သူ သင့်မှာ များသောဥစ္စာများ မရှိလို့ သင်ဟာ လူဆင်းရဲတစ်ယောက်ဖြစ်ပါတယ်ဆိုတဲ့ သတ်မှတ်ချက်ကို မြန်မြန်ကြီး မဆုံးဖြတ်လိုက်ပါနဲ့၊ သင့်မှာ အရာရာကို အကောင်းမှန်း၊ အဆိုးမှန်းခွဲခြားသိမြင်နိုင်တဲ့ ဉာဏ်ပညာရှိနေမယ်ဆိုရင် သင်ဟာ တကယ့် လူချမ်းသာတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။
“လူတစ်ယောက်မှာ ပစ္စည်း ဥစ္စာ တစ်စိုးတစိမျှ မရှိရင်နေပါစေ၊ အသိဉာဏ် ပညာ လေးသာရှိနေမယ်ဆိုရင် သူဟာ တကယ့်လူချမ်းသာတစ်ယောက်ဖြစ်ပါတယ်” ဆိုတဲ့ response ဖြေကြားချက်လေးကို ကြားလိုက်စဉ်မှာပဲ စာရေးသူရဲ့ ခေါင်းထဲကို သုပ္ပဗုဒ္ဓ က အပြေးကလေးဝင်ရောက်လာပါတော့တယ်။ ငါ့ကို သာဓကကြည့်ပြီး သင့်ဆရာဖြေကြားချက် မှန်တယ်ဆိုတာ လက်ခံလိုက်ပါလို့လည်း သုပ္ပဗုဒ္ဓက စာရေးသူကို အသိပေးနေသလိုပါပဲ။
တကယ်တော့ စာရေးသူ Lecture သွားနားမထောင်ခင်ကလေးမှာ သုပ္ပဗုဒ္ဓနဲ့ စကားပြောဖြစ်ခဲ့ပါသေးတယ်။ ဒါကြောင့်လည်းသူဟာ ချက်ချင်း အတွေးထဲမှာ ပေါလာတာပါ။ တကယ်တော့ သုပ္ပဗုဒ္ဓက တစ်ခြားသူ မဟုတ်ပါဘူး။ ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်က ကုဋ္ဌနှုနာသည်တစ်ယောက်ပါ။ သုပ္ပဗုဒ္ဓအကြောင်းလေးကို ဖတ်ကြည့်ရအောင်ပါ။
သုပ္ပဗုဒ္ဓဟာ စားစရာမရှိအောင် ဆင်းရဲမွဲတေနေတဲ့ ကုဋ္ဌနှုနာဆွဲနေတဲ့ သူတောင်းစားတစ်ယောက်ပါ။ တစ်နေ့တော့ ဗုဒ္ဓမြတ်စွာက များစွာသော လူအများကို တရားဓမ္မဟောကြားနေပါတယ်။ အခုခေတ်လို ရပ်ကွက်များရဲ့ လမ်းအတွင်းမှာ ဟောပြောနေကြတဲ့ တရားပွဲလို ထင်ပါတယ်။ ဒီလိုနဲ့ သုပ္ပဗုဒ္ဓကလည်း အစားအသောက် တောင်းရမ်းဖို့ထွက်အလာ များစွာသော လူအုပ်ကြီးကိုတွေ့တော့ သိပ်ပျော်သွားပါတယ်။ အင်း…အလှုအတန်းကြီးတစ်ခုပြုနေတယ်နဲ့တူတယ်။ ငါ့အတွက် စားဖို့ တစ်စုံတစ်ခုတော့ ရနိုင်တယ်လို့ မျှော်တွေးပြီး လူအုပ်ကြီးရှိရာကို လာပါတယ်။ အနားလည်းရောက်ရော ဗုဒ္ဓမြတ်စွာက တရားဟောနေတာသိတော့ ရိုရိုသေသေပဲ တရားနာကြားပါတယ်။ တရားပွဲလည်းဆုံးရော သူဟာ သောတာပန်တည်သွားပါတယ်။ တရားပွဲလည်းပြီးရော သူကစဉ်းစားတယ်။ အင်း ငါဒီနေ့ထမင်းလည်း မစားရသေးဘူး။ ရပ်ကွက်ထဲတော့ မတောင်းတော့ပါဘူးကွာ၊ ဇေတ၀န်ကျောင်းမှာရှိတဲ့ သံဃာတော်တော်များရဲ့ ဆွမ်းကျန်ပဲ တောင်းစားတော့မယ်ဆိုပြီး ဘုရားနောက်ကို ထမင်းတနပ်စာရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ကလေးနဲ့ လိုက်သွားပါတယ်။ ဇေတ၀န်ကျောင်းပေါက်နားလည်းရောက်ရော……………
သိကြားမင်း………။ “ဟေ့ကောင် မင်းက အနှုတစ်ယောက်ပဲကွ၊ ကျောင်းထဲကို မ၀င်နဲ့”
သုပ္ပဗုဒ္ဓ……….။ “ဟ…. ဘာဖြစ်လို့လဲကွ”
သိကြား………။ “မင်းလို နှုနာစွဲနေတဲ့ လူနဲ့ အလွန်တရာမြတ်လှတဲ့ ဒီဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးနဲ့ မသင့်တော်ဘူး။ မတန်ဘူးကွ”
သုပ္ပဗုဒ္ဓ……..။ “ဟ.. ဘယ်နှယ့် ငါနဲ့ မတန်ရမှာလဲကွ၊ ဘုရားက င့ါဘုရား၊ တရားက ငါ့တရား၊ သံဃာက င့ါသံဃာကွ၊ ရတနာ သုံးပါးဟာ င့ါရဲ့ ကိုးကွယ်ရာကွ”
သိကြားမင်း………။ “ဟေ့ သုပ္ပဗုဒ္ဓ မင်းအခု ဘယ်သွားမလို့လဲကွ”
သုပ္ပဗုဒ္ဓ……..။ “င့ါဆရာ ဘုရားဆီ သွားမလို့ကွ”
သိကြား………။ “မင်းကွာ ဒီလောက်ဆင်းရဲမွဲတေနေတာ ထမင်းတစ်နပ်စာစားရဖို့တောင် သူများဆီ တောင်းရမ်းစားသောက်နေရတာ အခု မင်းကို တစ်သက်စားလို့မကုန်အောင် ငါပိုက်ဆံတွေ အများကြီးပေးမယ် ဒါပေမယ့်၊ ဘုရားကို ဘုရားစစ်မဟုတ်ဘူး၊ တရားကို တရားစစ်စစ် မဟုတ်ဘူး၊ သံဃာကို သံဃာစစ်စစ်မဟုတ်ဘူး။ ဘုရား၊ တရား၊ သံဃာကို ဘုရား တရား သံဃာ မဟုတ်ဘူးလို့ မင်းယုံကြည်လက်ခံမယ်ဆိုရင်၊ ဒီရတနာ သုံးပါးအပေါ်မှာ ကြည်ညိုနေတဲ့ မင်းရဲ့စိတ်ကို စွန့်လွှတ်မယ်ဆိုရင်ပေါ့ကွာ”
သုပ္ပဗုဒ္ဓ……..။ “င့ါကို ရတနာသုံးပါး စွန့်လွှတ်ဖို့ လာပြောနေတာ မင်းကဘယ်သူလဲကွ”
သိကြားမင်း………။ “ငါ သိကြားမင်းပါ”
သုပ္ပဗုဒ္ဓ……..။ “ဟေ့ သိကြားငမွဲ၊ သိကြားဆင်းရဲသား၊ မင်းက သိကြားသားပြောတယ်၊ မင်းစိတ်က မွဲနေတာပဲ။ မင်းဟာ သနားစရာကောင်းတဲ့ ဆင်းရဲတဲ့ သိကြားတစ်ယောက်ပဲ။ တကယ်တော့ ငါဟာ လူဆင်းရဲ စစ်စစ်မဟုတ်ဘူးကွ၊ ငါဟာ တကယ့်လူချမ်းသာစစ်စစ်ဖြစ်တယ်၊ ဘာကြောင့်လဲဆိုရင် ငါဟာ သူတော်ကောင်းများပိုင်ဆိုင်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ၊ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ၇ပါးကို ပိုင်ဆိုင်ထားလိုပဲ။ မင်းလို သိကြားပေါင်း ရှစ်သောင်းလေးထောင်လောက် င့ါကို ရတနာသုံးပါးကို စွန့်လွှတ်ဖို့ လာပြောလည်း ငါ ဒီရတနာသုံးပါးကို မစွန့်ဘူး။ ရတနာသုံးပါးက ငါ့ရဲ့ကိုးကွယ်ရာ အစစ်အမှန်ပဲ။ မင်းကြိုက်သလိုလုပ် သတ်ချင် သတ်ကွာ”
ဒီနေရာမှာ သုပ္ပဗုဒ္ဓရဲ့ ပြန်ဖြေပုံလေးကို ပြောပြချင်လို့ ဒီသာဓကလေးကို ထုတ်ပြလိုက်တာပါ။ သူ့မှာ ရတနာသုံးပါးကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ပြည့်စုံတယ်။ ပညာရှိတယ် ဒါကြောင့် ဒီသူတော်ကောင်းတို့မှာသာရှိတဲ့ ဒီတရားတွေကို ပိုင်ဆိုင်နေတဲ့ ငါဟာ သူဆင်းရဲစစ်စစ်တစ်ယောက် မဟုတ်ပါဘူး။ လူချမ်းသာတစ်ယောက်ဖြစ်တယ်ဆိုတာလေးကို သိစေချင်လို့ပါ။
တကယ်တော့ ဒီဝတ္ထုလေးက သောတာပန်ဂုဏ်ရည်များကို ပြထားတဲ့ သာဓကလေးပါ၊ အခွင့်ကြုံမှ ရေးပါဦးမယ်။
သုပ္ပဗုဒ္ဓနဲ့ စပ်ပြီး အတွေးတွေ ဆွေးနွေးခန်းထဲမှာ စာရေးသူ ဝေနေခဲ့ပါတယ်။ ချက်ချင်းပဲ စာဖတ်သူကို သိစေမယ်လို့ ဆုံးဖြတ်ချက်ပြုခဲ့တာပါ။
ဒီ သုပ္ပဗုဒ္ဓ ရဲ့ စကားလေးက တကယ်တော့ လောကမှာ လူချမ်းသာဆိုတာ ဘယ်လိုသူမျိုးကိုခေါ်တယ်၊ လူဆင်းရဲဆိုတာ ဘယ်လိုသူမျိုးကို ခေါ်တယ်ဆိုတာကို သိစေပါတယ်။
“ဒါကြောင့် စာချစ်သူ သင့်မှာ ပစ္စည်းဥစ္စာများ မရှိလို့ လူဆင်းရဲစားရင်းထဲ မသွင်းလိုက်ပါနဲ့။ အသိဉာဏ်မဲ့သူတွေရဲ့ အလုပ်မျိုးအတွေးမျိုးကို တွေးပြီး လူဆင်းရဲဖြစ်တယ်လို့ ကိုယ်ကိုယ့်ကို မဆုံးဖြတ်လိုက်ပါနဲ့။ တကယ်တော့ အသိပညာလေးသာ သင့်ရဲ့ သန္တာန်မှာ ရှိနေမယ်ဆိုရင် သင်ဟာ တကယ်လူချမ်းသာတစ်ယောက်ဖြစ်ပါတယ်။ ဒီထက်မက ချမ်းသာချင်တဲ့ လူချမ်းသာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ၊ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ၇ပါးလုံးကိုသာ ပြည့်စုံအောင် ကျင့်ကြံလိုက်ပါ။ ဒါဆိုရင် ကမ္ဘာ့အချမ်းသာဆုံး လူချမ်းသာတစ်ယောက်ဖြစ်ပါလိမ့်မယ်။”
ကျမ်းကိုး။
ဓမ္မပဒအဋ္ဌကထာ၊ ဗာလ၀ဂ္ဂ၊ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု။
အရှင်ဉာဏိဿရ၊ သော်တာပန်သံဃာ့ရတနာဂုဏ်ရည် တရားတော်။

ခန္တီသည်းခံခြင်း

ခန္တီ-မြန်မာလိုတော့ သည်းခံခြင်း။ သည်းခံခြင်းသည် အညံခံခြင်းဟုတော့ တိုက်ရိုက်ယူ၍ မရကောင်းသော ဝေါဟာရ တစ်ခုဖြစ်သည်။ သည်းခံခြင်း၏ ကျယ်ပြန့်သော အနက်အရ မြတ်နိုးခြင်း ခံရမှုကိုလည်း သည်းခံ၏။ မထီမဲ့မြင်ပြုခြင်း ခံရမှုကိုလည်း သည်းခံ၏။

ခန္တီကို တရားကိုယ်အားဖြင့် “အဒေါသ” ဟု၍လည်းကောင်း၊ အဒေါသ ဟူသည်မှာ “မေတ္တာ” ဟူ၍လည်းကောင်း မှတ်သားနိုင်ပါသည်။ မေတ္တာဝင်လျှင် အပြစ်မမြင်တတ်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်း၏ တရားကိုယ် ဖြစ်ရခြင်း ဖြစ်၏။

ဤလောက၌ အဓမ္မမထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိ၏။ ထိုအဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သောနည်းကို သုံးဖို့ လို၏။ ထိုမှန်ကန်သော နည်းကား သည်းခံခြင်း “ခန္တီ”ပင် ဖြစ်၏။

သည်းခံခြင်းဟူသည် နုံ့သောဒေါသဖြင့် သည်းခံသည်လည်း ရှိ၏။ ။ အဒေါသဖြင့် သည်းခံသည်လည်း ရှိ၏ ။ နုံ့သောဒေါသဖြင့် သည်းခံခြင်းကို ကြောက်၍ သည်းခံခြင်း ဟူ၍ ဆိုရ၏ ။ ကြောက်၍ သည်းခံခြင်းတွင် အာဃာတသည် အမြစ်တွယ်လျက် ရှိ၏ ။



တစ်ခုသော တစ်နေ့တွင် အမြစ်တွယ်နေသော အာဃာတမှ ထက်သော ဒေါသသည် ဖြစ်ထွန်းလာနိုင်၏ ။ ထက်သော ဒေါသ ဖြစ်ထွန်းလာလျှင် လက်စားချေခြင်းသည် မလွှဲသာ မရှောင်သာ ဖြစ်ပေါ်လာမည် ဖြစ်၏ ။ ထိုအခါ စော်ကားမှု သံသရာသည် လည်းကောင်း၊ လက်စားချေမှု သံသရာသည် လည်းကောင်း လူ့သမိုင်း၌ အတောမသတ် လည်ပတ်နေမည် ဖြစ်၏ ။

အဒေါသဖြင့် သည်းခံခြင်းသည်သာ အာဃာတကို ပယ်ဖျောက်နိုင်သဖြင့် အမုန်းသံသရာကို တိုစေနိုင်၏ ။ ဘ၀ကိုလည်း အနဂ္ဃရတနာ ဖြစ်စေနိုင်၏ ။ အနဂ္ဃရတနာ ဖြစ်ခြင်း ဟူသည်မှာ အရာရာတိုင်း၌ “ငါ- ငါ့ဥစ္စာ” ဟူ၍ သိမ်းပိုက်တတ်သော တစ်ကိုယ်ကောင်း အမြင်ကို ပယ်သတ်နိုင်ခြင်း ဖြစ်၏ ။ တစ်ကိုယ်ကောင်းအမြင် ကင်းလေလေ ဘ၀သည် တန်ဖိုးမြင့်လေလေ ဖြစ်၏ ။

အဒေါသ ဆိုကတည်းက ယင်းသည်းခံမှုတွင် အလောဘလည်း ပါရ၏ ။ အမောဟလည်း ပါရ၏ ။ မေတ္တာလည်း ပါရ၏ ။မေတ္တာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ချစ်စရာကိုသာ မြင်၏ ။ ကရုဏာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ကြင်နာစရာကိုသာ မြင်တော့၏ ။ လောက၌ ချစ်စရာနှင့် ကြင်နာစရာကိုချည်း မြင်ရလေသော အခါ မိမိ ချစ်ရသောလောက၊ မိမိ ကြင်နာရသောလောကအတွင် အနစ်နာခံချင်စိတ် အလောဘပဓါန-သည်လည်းကောင်း၊ သူတို့နှစ်သက်နိုင်မည်ကို ရွေးချယ်တတ်သော အသိဉာဏ် အမောဟပဓါန-သည်လည်းကောင်း အလိုအလျောက် ပေါ်လာ၏ ။ ဤသည်ပင် “အသင်္ခါရိက” ဖြစ်၏ ။

သည်းခံခြင်းသည် မိမိတို့၏ အမြင်အပေါ်၌ များစွာ တည်မှီ၏ ။ လောကအပေါ် ချစ်တတ်သော မျက်စိ၊ ကြင်နာတတ်သော မျက်စိ၊ ကျေးဇူးတင်တ်သော မျက်စိဖြင့်သာ ကြည့်မည်ဆိုပါလျှင် ချစ်စရာကောင်းသော လောက၊ ကြင်နာစရာကောင်းသော လောက၊ ကျေးဇူးတင်စရာ ကောင်းသောလောကအပေါ် သည်းခံနိုင်ဖွယ် များစွာ ရှိ၏။

အခါတပါး၌ ပုဏ္ဍားတစ်ယောက်သည် နွားများပျောက်သွား၍ လိုက်ရှာရာတွင် မျက်စီလည်လမ်းမှားပြီး တောထဲ၌ စားစရာမဲ့လို့ အသီးခူးစားရာမှ ချောက်ထဲသို့ ကျ၏။ ထိုအခါ မျောက်မင်းတစ်ကောင်က ၎င်းပုဏ္ဍားအား သနားဂရုဏာသက်မိပြီး ဆင်းကယ်ဆယ်လေသည်။ ချောက်အပေါ်သို့အရောက် မျောက်မင်းသည် ပင်ပန်းလွန်း၍ ထိုအကြင်ပုဏ္ဍား၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ ထိုပုဏ္ဍားသည် ဗိုက်ဆာလွန်း၍ မျောက်မင်းအား ကျောက်ခဲဖြင့် ခေါင်းထုသတ်လေသည်။ ထိုအခါ မျောက်မင်းသည် အကြီးအကျယ်ထိတ်လန့်ပြီး သစ်ပင်ပေါ်တက်ပြေးလေတော့သည်။ သို့သော် မျောက်မင်းသည် အကြင်ပုဏ္ဍားအား ရွာသို့ရောက်ရန် သူ၏ သွေးစက်တို့ဖြင့် သစ်ပင်ပေါ်မှ လမ်းပြ၍ ကူညီခဲ့ပါသည်။

ထိုဇတ်တော်တွင် မျောက်မင်းသည် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ပင်ဖြစ်သည်။ ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ရဲ့ ကြီးမားတဲ့ သည်းခံခြင်း ခန္တှီတရားကို အရှင်းသားမြင်တွေ့နိုင်ပါသည်။ မိမိအား သတ်သည့်သူကိုပင် ကြီးမားသော သည်းခံတရားဖြင့် ကူညီပေးခဲ့သည်။ တကယ်ပင် အတုယူလေးစားဖို့ကောင်းပါသည်။ ထို့ကြောင့်လဲ လောက၏ အတုမဲ့ အနှိုင်းမဲ့ သစ္စာတရားရှင် မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ “စေတနာသည် လူတိုင်းနှင့် မတန်” ဟု ကျွန်တော်တို့ ပြောဖူးပါသည်။ ထိုသို့မဟုတ် စေတနာသည် လူတိုင်းနှင့်တန်၏။ လူတိုင်းအပေါ်လဲ ထားသင့်၏။ မှန်ကန်သောစေတနာဖြစ်ပါစေ, မိမိစေတနာအား တန်ဖိုးမထားသူသည် တန်ဖိုးမထားသလောက် အပြစ်ကျရောက်တက်စမြဲပင်ဖြစ်သည်။ ထိုဇတ်တော်တွင် ထိုပုဏ္ဍားသည် ဇတ်သိမ်းမလှစွာဖြင့် နိဂုံးချုပ်ရလေသည်။ မျောက်မင်း လမ်းညွှန်သည့်အတိုင်း ထိုပုဏ္ဍား ခရီးဆက်ရာ လမ်းတွင် တွေ့သော ရေအိုင်မှာ ရေသောက်ရန် ရေကန်ထဲအဆင်း ရေပေါက်ထိသော နေရာတို့မှာ အနာများဖြစ်လေသည်။ ထိုအနာမှာ ရိုးရိုးအနာမဟုတ်ပဲ ပြင်းထန်သော နူနာသာဖြစ်လေတော့သည်။ ထိုနောက် ဥယျာဉ်တစ်ခု၌ မြေမျို၍ ဇတ်သိမ်း ဆိုးခဲ့ရလေသည်။

နိဂုံးချုပ်ရလျှင် လောကရှိ လူသားတိုင်း ကြုံတွေ့နေစမြဲ လောကဓံ အသီးသီးရှိကြသည်။ ဆိုးသည့်လောကဓံအားလည်းကောင်း၊ ကောင်းသည့်လောကဓံအားလည်းကောင်း၊ ဆိုးဆိုးကောင်းကောင်း သည်းခံခြင်း အမှုကို လက်ကိုင်ထားရမည်။ သို့မှာသာ မိမိနှင့် ထိတွေ့ဆက်ဆံနေရသော သူငယ်ချင်းမိတ်ဆွေများဖြင့် အမုန်းကင်း အာဃာတကင်းစွာ ပေါင်းသင်းဆက်ဆံရ၏။ တစ်ယောက်တည်းနေဖို့ မသင့်တော်သော လောကအတွက် ပျော်ရွှင်နှစ်လိုဖွယ်ကောင်းသော ပတ်ဝန်းကျင်ဆိုတာ ရှိသင့်၏။ ထိုပတ်ဝန်းကျင်အား မိမိသည်သာ တည်ဆောက်ရမည်ပင်။ ထို့အတွက် အကြီးမားဆုံးလိုအပ်ချက်သည် ခန္တီခေါ် သည်းခံခြင်းမှ တစ်ပါး အခြားမရှိနိုင်ပေ။ ထို့ကြောင့် ခန္တီတရား လက်ကိုင်ထား၍ အမှုကင်းပါစေလို့ ဆုမွန်တောင်းရင်း တင်ပြခြင်း တစ်ခန်းရပ်ပါရစေ မိတ်ဆွေ။

ခန္တီမင်္ဂလာ

နှိပ်စက်စော်ကား၊ အမှုများ၊ ခန့်ထား ခန္တီပါ။

ချမ်းပူစသား၊ ဘေးဒဏ်များ၊ ခန့်ထားခန္တီပါ။

ခန္တီကျင့်က၊ မေတ္တာမျှ၊ ဒေါသကင်းရှင်းသည်။

ကုသိုလ်တိုင်းတွင်၊ ခန္တီပင်၊ ပါဝင်စေရမည်။

ခန္တီရှိသူ၊ ကုသိုလ်ဟူ၊ လွယ်ကူပြည့်စုံသည်။

ခန္တီကင်းငြား၊ ကုသိုမှား၊ ပျက်ပြားလေတော့သည်။

ခန္တီအာစာ၊ ရှိသူမှာ ပညာပြည့်စုံသည်။

ခန္တီရှိ၏၊ သမာဓိ၊ အတိပြည့်စုံသည်။

ခန္တီကင်းဘိ၊ သမာဓိ၊ မရှိပျက်တော့သည်။

ခန္တီရှိမှ၊ မြတ်သီလ၊ ကျနပြည့်စုံသည်။

ခန္တီကင်းငြား၊ သီလများ၊ ပျက်ပြားလေတော့သည်။

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

မှတ်ချက်။ ။ဦးရွှေအောင်၏ “ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓ၀င်)” စာအုပ်မှ ခန္တီပါရမီအပိုင်းမှ ထုတ်နုတ် ကူးယူဖော်ပြချင်းသာ။

တည်၊ အို၊ သေမှု ဤသုံးခု အဆုံးပြုလိုသော်…

ပုထုဇဉ် သတ္တ၀ါများအဖို့ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ အိုရခြင်းဆင်းရဲ၊ သေရခြင်း ဆင်းရဲတို့သည် ဆင်းရဲတကာ ဆင်းရဲတို့တွင် အကြီးမားဆုံး ဆင်းရဲသုံးမျိုးဖြစ်၏။ သံသရာတစ်လျှောက်တွင် အဖန်ဖန် ပဋိသန္ဓေ နေခဲ့ရသဖြင့် အဖန်ဖန်အိုခဲ့ပြီး ဖြစ်သကဲ့သို့ အဖန်ဖန်လည်း သေခဲ့ပြီး ဖြစ်၏။ ဤပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း သုံးမျိုး အဆုံးမသပ်သေးသမျှ ဘ၀သံသရာ ကျင်လည်မှုသည်လည်း အဆုံးသပ်ဦးမည် မဟုတ်သကဲ့သို့ သံသရာလည်မှု အဆုံးမသပ်သေးလျင် ဆင်းရဲဒုက္ခသည်လည်း အဆုံးသပ်ဦးမည် မဟုတ်လှပေ။ ဤသို့သော အကြီးမားဆုံး ဆင်းရဲသုံးမျိုးကြောင့်ပင် အရိယာ သူတော်ကောင်းများက ဆင်းရဲလွတ်ရာလမ်းကို ရှာဖွေသွားခဲ့ကြခြင်း ဖြစ်၏။ အနှိုင်းမဲ့ ဘုရားရှင်တို့သည်ကား မိမိတို့၏ လွတ်မြောက်ရာကို ရှာဖွေရုံမျှမက သတ္တ၀ါများ၏ လွတ်ရာလမ်း အတွက်လည်း ရှာဖွေဖော်ထုတ် ပေးသွားသေး၏။ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်ပင် “ရဟန်းတို့ လောက၌ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းတရားများ မရှိပါက ဘုရားရှင်တို့သည် ပွင့်ပေါ်ဖွယ် အကြောင်းမရှိသကဲ့သို့၊ သုတ်ဝိနည်းအဘိဓမ္မာ တရားတို့သည်လည်း ထွန်းကားဖွယ် အကြောင်းမရှိ၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းဟူသော ဤတရားသုံးပါး ရှိနေကြသဖြင့်သာ ဘုရားရှင်တို့ ပွင့်ပေါ်ရခြင်းဖြစ်ပြီး သုတ်ဝိနည်းအဘိဓမ္မာ တရားများလည်း ထွန်းကားရခြင်း ဖြစ်၏”ဟု မိန့်တော်မူဖူး၏။

အင်္ဂုတ္တရပါဠိတော်၊ ဒသကနိပါတ်၊ အာကင်္ခ၀ဂ်တွင် တယောဓမ္မဟူသော ဘုရားဟော သုတ္တန် တစ်ခုရှိ၏။ ထိုသုတ်တွင် မြတ်စွာဘုရားရှင်က ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းဟူသည့် ဆင်းရဲတရား သုံးပါးကို မပယ်သတ် နိုင်ခြင်း အကြောင်းနှင့် ပယ်သတ်နိုင်ခြင်း အကြောင်းများကို အဆင့်ဆင့် ဖွင့်ဆိုရှင်းပြ ဟောကြားတော်မူထား၏။ ပယ်သတ်ရမည့် တရားများကို မပယ်သတ်နိုင်လျှင် ထိုဆင်းရဲများ ဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ပယ်သတ်ရမည့် တရားများကို အဆင့်ဆင့် ပယ်သတ်နိုင်လျင်ကား ထိုဆင်းရဲများ အဆုံးသတ်သွားမည် ဖြစ်ကြောင်း အပြည့်အစုံ ဖော်ထုတ်တော်မူထား၏။

မြတ်ဗုဒ္ဓက “ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည် ရာဂ၊ ဒေါသ၊ မောဟဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့အတူ ရာဂ၊ ဒေါသ၊ မောဟဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း သက္ကာယဒိဋ္ဌိ (ခန္ဓာငါးပါးတွင် တစ်ပါးပါးကို အတ္တဟု စွဲလန်းမှု)၊ ၀ိစိကိစ္ဆာ (ရတာနာသုံပါးနဲ့ ကံကံ၏ အကျိုးအပေါ် ယုံမှားသံသယ ရှိမှု)၊ သီလဗ္ဗတပရာမာသ (နွားခွေးစသော သတ္တ၀ါတို့၏ အကျင့်သည် သံသရာလွတ်မြောက်ကြောင်း အကျင့်ဟု မှားယွင်းစွာ ယုံကြည်ကျင့်သုံးမှု) ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုသက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း မသင့်မတင့် နှလုံးသွင်းမှု၊ လမ်းမှားကိုမှီဝဲမှု၊ စိတ်၏ဆုတ်နစ်မှု ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုမသင့်မတင့် နှလုံးသွင်းမှု၊ လမ်းမှားကိုမှီဝဲမှု၊ စိတ်၏ဆုတ်နစ်မှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း သတိမေ့လျော့မှု၊ ဆင်ခြင်ဉာဏ်ကင်းမှု၊ စိတ်ပျံ့လွင့်မှုဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုသတိမေ့လျော့မှု၊ ဆင်ခြင်ဉာဏ်ကင်းမှု၊ စိတ်ပျံ့လွင့်မှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း အရိယာတို့အား ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှု၊ ချုပ်ချယ်လိုသော စိတ်ရှိမှုဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုအရိယာတို့အား ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှု၊ ချုပ်ချယ်လိုသော စိတ်ရှိမှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း ပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှု ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း မယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှုဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုမယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း မရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေယုတ်ရှိမှု ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုမရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေယုတ်ရှိမှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း အရှက်မရှိမှု၊ အကြောက်မရှိမှု၊ မေ့လျော့မှု ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း” စသည်ဖြင့် အဆင့်ဆင့် ပယ်သတ်ရမည့် တရားများကို မပယ်သတ်နိုင်သဖြင့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းတရားသုံးမျိုးကိုလည်း မပယ်သတ်နိုင်ဘဲ ဖြစ်ရပုံကို မိန့်တော်မူ၏။

ဆက်လက်၍ ဘုရားရှင်က “ရဟန်းတို့… အရှက်မရှိ၊ အကြောက်မရှိသော သူသည် မေ့လျော့သူဖြစ်၏၊ ထိုသူသည် မေ့လျော့သူဖြစ်ရကား မရိုသေမှုကိုပယ်ရန်၊ ဆိုဆုံးမခက်မှုကိုပယ်ရန်၊ မိတ်ဆွေယုတ်ရှိမှုကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် မိတ်ဆွေယုတ်ရှိသူဖြစ်ရကား မယုံကြည်မှုကိုပယ်ရန်၊ ပြောဆိုသည်ကို မသိမှုကိုပယ်ရန်၊ ပျင်ရိခြင်းကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် ပျင်းရိသူဖြစ်ရကား ပျံ့လွင့်မှုကိုပယ်ရန်၊ မစောင့်စည်းမှုကိုပယ်ရန်၊ သီလမရှိမှုကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် သီလမရှိသူဖြစ်ရကား အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန်၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန်၊ ချုပ်ချယ်လိုသော စိတ်ရှိမှုကိုပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် ချုပ်ချယ်လိုသော စိတ်ရှိသူဖြစ်ရကား သတိမေ့လျော့မှုကို ပယ်ရန်၊ ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန်၊ စိတ်ပျံ့လွင့်မှုကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် စိတ်ပျံ့လွင်သူဖြစ်ရကား မသင့်မတင့် နှလုံးသွင်းမှုကို ပယ်ရန်၊ လမ်းမှားမှီဝဲမှုကို ပယ်ရန်၊ စိတ်ဆုတ်နစ်မှုကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် စိတ်ဆုတ်နစ်သူဖြစ်ရကား သက္ကာယဒိဋ္ဌိကို ပယ်ရန်၊ ၀ိစိကိစ္ဆာကို ပယ်ရန်၊ သီလဗ္ဗတပရာမာသကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် ယုံမှားရှိသူဖြစ်ရကား ရာဂကိုပယ်ရန်၊ ဒေါသကို ပယ်ရန်၊ မောဟကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် ရာဂကို မပယ်ဘဲ၊ ဒေါသကို မပယ်ဘဲ၊ မောဟကို မပယ်ဘဲ ပဋိသန္ဓေနေခြင်းကို ပယ်ရန်၊ အိုခြင်းကိုပယ်ရန်၊ သေခြင်းကိုပယ်ရန် မလုပ်နိုင်ကြောင်း” စသည်ဖြင့် ထိုဆင်းရဲသုံးမျိုး မပယ်သတ်နိုင်ခြင်း၏ အကြောင်း အဆင့်ဆင့်ကို အသေးစိပ် ရှင်းလင်းဟောကြားတော်မူ၏။ ဤကား ဘုရားဟောတော်မူသည့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်း အကြောင်းတရားများပင် ဖြစ်၏။

ဤနည်းနှင့် ဆန့်ကျင်စွာ ထိုတရားများကို ပယ်သတ်နိုင်မည့် နည်းကိုလည်း ဗုဒ္ဓကို ညွှန်ပြတော်မူ၏။ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း တရားသုံးမျိုးကို ပယ်သတ်လိုက ရာဂ၊ ဒေါသ၊ မောဟာ တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထိုရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်သတ်လိုက သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ သုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထိုသက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့ကို ပယ်သတ်လိုက မသင့်မတင့်နှလုံးသွင်းမှု၊ လမ်းမှာကိုမှီဝဲမှု၊ စိတ်ဆုတ်နစ်မှု သုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထို မသင့်မတင့်နှလုံးသွင်းမှု၊ လမ်းမှာကိုမှီဝဲမှု၊ စိတ်ဆုတ်နစ်မှု သုံးမျိုးကို ပယ်သတ်လိုက သတိမေ့လျော့မှု၊ ဆင်ခြင်ဉာဏ်ကင်းမှု၊ စိတ်ပျံ့လွင့်မှု သုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထို သတိမေ့လျော့မှု၊ ဆင်ခြင်ဉာဏ်ကင်းမှု၊ စိတ်ပျံ့လွင့်မှု သုံးမျိုးကို ပယ်သတ်လိုက အရိယာတို့အား ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှု၊ ချုပ်ချယ်လိုသော စိတ်ရှိမှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထိုအရိယာတို့အား ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှု၊ ချုပ်ချယ်လိုသော စိတ်ရှိမှု တရားသုံးမျိုးကို ပယ်သတ်လိုက ပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထို ပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှု တရားသုံးမျိုးကို ပယ်သတ်လိုက မယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထိုမယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှု တရားသုံးမျိုးကို ပယ်သတ်လိုက မရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေယုတ်ရှိမှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ မရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေယုတ်ရှိမှု တရားသုံးမျိုးကို ပယ်သတ်လိုက အရှက်မရှိမှု၊ အကြောက်မရှိမှု၊ မေ့လျော့မှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း စသည်ဖြင့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း သုံးမျိုးကို ပယ်သတ်နိုင်မည့် အဆင့်ဆင့်ပယ်သတ်ပုံကို ဟောကြားညွန်ပြတော်မူ၏။

ဘုရားရှင်က “ရဟန်းတို့… အရှက်အကြောက် ရှိသောသူသည် မမေ့မလျော့သူ ဖြစ်၏၊ ထိုသူသည် မမေ့မလျော့သူ ဖြစ်ရကား မရိုသေမှုကိုပယ်ရန်၊ ဆိုဆုံးမခက်မှုကိုပယ်ရန်၊ မိတ်ဆွေယုတ်ရှိမှုကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် မိတ်ကောင်းဆွေကောင်း ရှိသူဖြစ်ရကား မယုံကြည်မှုကိုပယ်ရန်၊ ပြောဆိုသည်ကို မသိမှုကိုပယ်ရန်၊ ပျင်ရိခြင်းကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် ထက်သန်သော လုံ့လရှိသူဖြစ်ရကား ပျံ့လွင့်မှုကိုပယ်ရန်၊ မစောင့်စည်းမှုကိုပယ်ရန်၊ သီလမရှိမှုကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် သီလရှိသူဖြစ်ရကား အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန်၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန်၊ ချုပ်ချယ်လိုသော စိတ်ရှိမှုကိုပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် ချုပ်ချယ်လိုသော စိတ်မရှိသူ ဖြစ်ရကား သတိမေ့လျော့မှုကို ပယ်ရန်၊ ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန်၊ စိတ်ပျံ့လွင့်မှုကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် စိတ်မပျံ့လွင့်သူ ဖြစ်ရကား မသင့်မတင့် နှလုံးသွင်းမှုကို ပယ်ရန်၊ လမ်းမှားမှီဝဲမှုကို ပယ်ရန်၊ စိတ်ဆုတ်နစ်မှုကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် စိတ်မဆုတ်နစ်သူ ဖြစ်ရကား သက္ကာယဒိဋ္ဌိကို ပယ်ရန်၊ ၀ိစိကိစ္ဆာကို ပယ်ရန်၊ သီလဗ္ဗတပရာမာသကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် ယုံမှားမှု မရှိသူ ဖြစ်ရကား ရာဂကိုပယ်ရန်၊ ဒေါသကို ပယ်ရန်၊ မောဟကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် ရာဂကိုပယ်လျှင်၊ ဒေါသကိုပယ်လျှင်၊ မောဟကိုပယ်လျှင် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းကိုလည်း ပယ်သတ်နိုင်ကြောင်း” စသည်ဖြင့် ထိုဆင်းရဲသုံးမျိုးကို ပယ်သတ်နိုင်ခြင်း အကြောင်း အဆင့်ဆင့်ကို အသေးစိပ် ရှင်းလင်းဟောကြားတော်မူ၏။ ဤကား ဘုရားရှင် ဟောတော်မူသည့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း တရားသုံးမျိုးကို ပယ်သတ်နိုင်ခြင်း အကြောင်းတရားများပင် ဖြစ်ပါ၏။

အထပ်ပါ ဒေသနာတော်အရ ပုထုဇင် သတ္တ၀ါတို့၏ သန္တာန်တွင် အဘယ့်ကြောင့် ဆင်းရဲတကာ ဆင်းရဲအပေါင်းတွင် အဆင်းရဲဆုံးဖြစ်သည့် ပဋိသန္ဓေနေခြင်း ဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ တရားများ ရှိနေကြခြင်း အကြောင်းနှင့် အရိယာသူတို့ကောင်းတို့သည် ထိုဆင်းရဲများကို မည်သို့မည်ပုံ အဆင့်ဆင့် ပယ်သတ်၍ ဆင်းရဲကင်းရာ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြခြင်း အကြောင်းများကို ကောင်းစွာ သိရှိနိုင်ကြမည် ဖြစ်၏။

အချုပ်ကောက်ကြည့်လျှင် မေ့လျောမှုနှင့်၊ မမေ့လျောမှုတို့၏ ကွားခြားမှုကြောင့် ဖြစ်သည်ကို ကောက်ချက်ချနိုင်မည် ဖြစ်၏။ မကောင်းမှု အကုသိုလ်တရားများတွင် ရှက်ကြောက်တတ်သည့် သတိဖြင့် မမေ့မလျော့ နေထိုင်နိုင်သူသည် ရိုသေခြင်း၊ ဆိုဆုံးမလွယ်ခြင်း၊ မိတ်ကောင်းဆွေကောင်း ရှိခြင်းတို့နှင့် ပြုစုံနိုင်ပြီး မိတ်ကောင်းဆွေကောင်း ရှိခြင်းကြောင့် ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊ သူတော်ကောင်းတရားကို သိလွယ်ခြင်း၊ လုံ့လ၀ီရိယရှိခြင်း တို့နှင့်လည်း ပြည့်စုံနိုင်၏။ လုံ့လ၀ီရိယရှိခြင်းကြောင့် တည်ကြည်မှု ရှိခြင်း၊ ဣနြေ္ဒတို့ကို စောင့်စည်းနိုင်ခြင်း၊ ကိုယ်ကျင့်သီလ လုံခြုံခြင်းတို့နှင့် ပြည့်စုံနိုင်၏။ သီလရှိသဖြင့်လည်း အရိယာတို့ကို ဖူးမြင်လိုခြင်း၊ အရိယာတို့၏ တရားကို ကြားနာလိုခြင်း၊ စိတ်အနှောင်အဖွဲ့ ချုပ်ချယ်မှုကင်းခြင်းတို့နှင့် ပြည့်စုံနိုင်၏။ စိတ်အချုပ်အနှောင် မရှိသဖြင့်လည်း သတိရှိခြင်း၊ ဆင်ခြင်ဉာဏ်ရှိခြင်း၊ စိတ်တည်ကြည်ခြင်းတို့နှင့် ပြည့်စုံနိုင်၏။ စိတ်တည်ကြည်သဖြင့်လည်း နှလုံးသွင်း မှန်ကန်ခြင်း၊ အယူအဆမှန်ကန်ခြင်း၊ စိတ်ဆုတ်နစ်မှု မရှိခြင်းတို့နှင့် ပြည့်စုံနိုင်၏။ စိတ်မဆုတ်နစ်သူ ဖြစ်သဖြင့်လည်း သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့ကို ခွာနိုင်ခြင်းနှင့် ပြည့်စုံနိုင်၏။ ယုံမှားမှု ၀ိစိကိစ္ဆာကင်း သဖြင့်လည်း ရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်သတ်နိုင်၏။ ရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်သတ်နိုင်သဖြင့် နောက်ထပ်တစ်ဖန် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း ဆင်းရဲတရားများ မရှိနိုင်တော့ခြင်း ဖြစ်ပေ၏။ ဤသည်မှာ သတိရှိခြင်းကို အခြေပြုကာ ပြည့်စုံသင့်သည့်တရား၊ ခွာသင့်သည့်တရားများကို ပြည့်စုံနိုင်ခြင်း၊ ပယ်ခွာနိုင်ခြင်းကြောင့်ပင် ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် ပဋိသန္ဓေတည်နေရခြင်း၊ အိုရခြင်း၊ သေရခြင်း ဆင်းရဲများကို နောက်ထပ်တစ်ဖန် မလိုချင်တော့ဘဲ ဆင်းရဲအားလုံကို အဆုံးသတ်လိုသူများ အနေဖြင့် မြတ်ဗုဒ္ဓအလိုတော်အတိုင်း မမေ့မလျော့သည့် အပ္ပမာဒ သတိတရား လက်ကိုင်ထားကာ မကောင်းမှုရှောင် ကောင်းမှုဆောင်၍ ကျင့်သင့်ကျင့်ထိုက်၊ ပြည့်စုံသင့်ပြည့်စုံထိုက်သည့် တရားများကို ကြိုးးစားအားထုတ် ကျင့်ကြံခြင်းဖြင့် အလိုရှိသည်ကို ရယူနိုင်ပါကြောင်း အသိပေးစကားပါးကာ တယောဓမ္မသုတ်ကို ကိုးကား၍ အကျိုးများစေရန် တဆင့်ပြန်လည် မျှဝေလိုက်ရပါတော့သည်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။

သုကို ယှဉ်၊ ဒုကို ကြဉ်…

“သုကို ယှဉ်၊ ဒုကို ကြဉ်” ဆိုတဲ့ မြန်မာဆိုရိုးစကား တစ်ခုရှိပါတယ်။ ဒီဆိုရိုးနဲ့ ပတ်သက်ပြီး မြန်မာဆိုရိုးစကား စာအုပ်မှာတော့ “သုစရိုက် ၁၀ပါးကို လိုက်နာကျင့်သုံး၍ ဒုစရိုက် ၁၀ပါးမှ ရှောင်ကြဉ်ခြင်း” လို့ ဖွင့်ဆိုရှင်းပြပြီး ရှင်ဥက္ကံသလင်္ကာ ဆုံးမစာမှာပါတဲ့ “သုကို ယှဉ်၊ ဒုကို ကြဉ်၊ မယှဉ်လျှင် မြုပ်တတ်သည်။ မကြဉ်လျှင် စုပ်တတ်သည်” ဆိုတဲ့ ဆုံးမစာလေးကိုပါ ကိုးကားဖော်ပြထားတာကို တွေ့ရပါတယ်။ သုကိုယှဉ်ပြီး ဒုကိုကြဉ်မှ အစဉ်ထာဝရ ဘဝလှကာ အစစအရာရာ အမြင့်နေရာမှာ ရှိကြမှာဖြစ်ကြောင်း၊ သုကိုမယှဉ်နိုင်ပါက အောက်အောက်ဘဝတွေမှာ မြုပ်နေတတ်ပြီး ဒုကိုမကြဉ်နိုင်ပါကလည်း အဲဒီတရားတွေရဲ့ စုပ်ယူခြင်းကို ခံရကာ ဘဝမှာ ဒုက္ခလှလှတွေ့လို့ စုပ်သထက်စုပ်နေကြမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သုကိုယှဉ်နိုင်အောင် ကြိုးစားပြီး ဒုကိုကြဉ်နိုင်အောင် အားထုတ်ကြရမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သုဆိုတာ သုစရိုက်ကို ပြောတာဖြစ်ပြီး ဒုဆိုတာကတော့ ဒုစရိုက်ကို ပြောတာဖြစ်ပါတယ်။ သုစရိုက်ဆိုတာ အပြစ်ကင်းတဲ့ ကောင်းတဲ့အလေ့အကျင့် အလုပ်အကိုင် အပြောအဆို အကြံအစည်လို့ အဓိပ္ပါယ်ရပြီး ဒုစရိုက်ဆိုတာကတော့ အပြစ်နဲ့တကွဖြစ်တဲ့ မကောင်းတဲ့အလေ့အကျင့် အလုပ်အကိုင် အပြောအဆို အကြံအစည်လို့ အဓိပ္ပါယ်ရပါတယ်။ တစ်နည်းအားဖြင့် သုစရိုက်ဆိုတာ ကိုယ်နဲ့ပြုတဲ့ ကောင်းတဲ့အလုပ်၊ နှုတ်နဲ့ပြောတဲ့ ကောင်းတဲ့အပြော၊ စိတ်နဲ့ကြံတဲ့ ကောင်းတဲ့အကြံများကိုဆိုပြီး ဒုစရိုက်ဆိုတာကတော့ ကိုယ်နဲ့ပြုတဲ့ မကောင်းတဲ့အလုပ်၊ နှုတ်နဲ့ပြောတဲ့ မကောင်းတဲ့အပြော၊ စိတ်နဲ့ကြံတဲ့ မကောင်းတဲ့ အကြံတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုကိုယ်နှုတ်နှလုံး သုံးမျိုးလုံးနဲ့ လုပ်ကိုင်ပြောဆိုကြံစီကြတဲ့ အလေ့အကျင့်တွေကိုပဲ စရိုက်လို့ခေါ်တာဖြစ်ပြီး ပြုလုပ်တဲ့သူတွေရဲ့ လုပ်ရပ်ကိုလိုက်ပြီး ကောင်းတဲ့ အလေ့အကျင့် သုစရိုက်၊ မကောင်းတဲ့အလေ့အကျင့် ဒုစရိုက်လို့ ကွဲပြားခြားနားသွားကြတာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ ပြုလုပ်တဲ့သူတွေရဲ့ စရိုက်ကိုလိုက်ပြီး ကောင်းတဲ့အလေ့အကျင့် ရှိသူတွေဟာ ကောင်းတဲ့သုစရိုက်တွေကြောင့် ကောင်းတဲ့အကျိုးတွေ ဖြစ်ပေါ်စေပြီး မကောင်းတဲ့ အလေ့အကျင့် ရှိသူတွေဟာ မကောင်းတဲ့ ဒုစရိုက်တွေကြောင့် မကောင်းတဲ့ အကျိုးတွေ ဖြစ်ပေါ်စေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် မကောင်းကျိုးတွေ မဖြစ်ဖို့နဲ့ ကောင်းကျိုးတွေ ဖြစ်ပေါ်စေဖို့ သုကိုယှဉ်ပြီး ဒုကိုကြဉ်ပါလို့ ပညာရှင်များက ပြောဆိုဆုံးမကြတာ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေတွေမှာတော့ သုစရိုက်တရားဆယ်ပါး၊ ဒုစရိုက်တရား ဆယ်ပါးရှိကြောင်း ဖွင့်ဆိုရှင်းပြပြီး ဒုစရိုက်ဆယ်ပါးကို မလုပ်ဘဲ ရှောင်ကြဉ်ခြင်းကိုပဲ သုစရိုက်ဆယ်ပါးလို့ အမည်တပ်ကာ ပြောဆိုခြင်း ဖြစ်ကြောင်းနဲ့ ဒုစရိုက်ဆယ်ပါးဆိုတာ တခြားမဟုတ်ဘဲ ကိုယ်နဲ့လုပ်တဲ့ မကောင်းတဲ့ ကာယကံသုံးပါး၊ နှုတ်နဲ့ပြောဆိုတဲ့ မကောင်းတဲ့ ဝစီကံလေးပါး၊ စိတ်နဲ့ကြံစည်တဲ့ မကောင်းတဲ့ မနောကံသုံးပါးကိုပဲ ဆိုလိုတာဖြစ်ကြောင်း ဖွင့်ဆိုပြပါတယ်။ အဲဒီအဖွင့်တွေအရ
ကာယဒုစရိုက် သုံးပါးဆိုတာ
၁။ သူတပါးအသက်ကို သတ်ဖြတ်ခြင်း (ပါဏာတိပါတ)
၂။ သူတပါးဥစ္စာကို ခိုးယူခြင်း (အဒိန္နာဒါန)
၃။ ကာမဂုဏ်ကိစ္စတွေမှာ ဖောက်ပြန်မှားယွင်းစွာကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) တို့ဖြစ်ပြီး
ဝစီဒုစရိုက် လေးပါးဆိုတာ
၎။ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း (မုသာဝါဒ)
၅။ ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်း (ပိသုဏဝါစာ)
၆။ ကြမ်းတမ်းယုတ်မာသော စကားကို ပြောဆိုခြင်း (ဖရုသဝါစာ)
၇။ အကျိုးမရှိ အချည်းနှီးဖြစ်သည့် ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း (သမ္ဖပ္ပလာပ) တို့ ဖြစ်ကာ
မနောဒုစရိုက် သုံးပါးကတော့
၈။ သူတပါးပိုင်ဆိုင်မှုများကို မတရားရယူရန် ကြံစည်ခြင်း (အဘိဇ္ဈာ)
၉။ သူတပါးတို့၏ အသက်နှင့်စည်းစိမ်ဥစ္စာ ပျက်စီးရာပျက်စီးကြောင်း ကြံစည်ခြင်း (ဗျာပါဒ)
၁၀။ ကံကံ၏ အကျိုးကိုပယ်၍ လွဲမှားစွာ ယုံကြည်ခြင်း (မိစ္ဆာဒိဋ္ဌိ)တို့ပဲ ဖြစ်ပါတယ်။

ဒီဆယ်ပါးကို ဒုစရိုက်ဆယ်ပါးလို့ဆိုပြီး ဒီအလုပ်တွေနဲ့ ကျင်လည်နေထိုင် လှုပ်ရှားနေတဲ့ သူတွေကိုလည်း ဒုစရိုက် အလုပ်များနဲ့ နေထိုင်သူများအဖြစ် ပြစ်တင်ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ဒီဒုစရိုက်အလုပ်တွေနဲ့ပဲ အမြဲမပျက် လုပ်ကိုင်ဆောင်ရွတ် နေသူတွေဟာလည်း ဒုစရိုက်အလုပ်များကြောင့် မကောင်းတဲ့ ဘုံဘဝများအထိ ကျရောက်နိုင်ကာ ကုသိုလ်တရားများနဲ့ ဝေးသထက် ဝေးနေကြမှာဖြစ်တဲ့အတွက် ဒီအလုပ်တွေကနေ ရှောင်ကြဉ်ကြဖို့နဲ့ ဒီလိုဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်နိုင်ပါက အလိုလို ကောင်းတဲ့သုစရိုက် အလုပ်တွေကို လုပ်နေပြီးသား ဖြစ်တဲ့အပြင် ကောင်းတဲ့ဘုံဘဝတွေမှာ ရောက်ရှိကာ ကောင်းကျိုးချမ်းသာတွေနဲ့ နီးသထက်နီးနေမှာ ဖြစ်တဲ့အတွက် ကောင်းတဲ့သုစရိုက် အလုပ်တွေနဲ့ နေထိုင်နိုင်သမျှ နေထိုင်ကြဖို့ တိုက်တွန်းပြောဆိုကြခြင်း ဖြစ်ပါတယ်။

အလွယ်ပြောရရင်တော့ မကောင်းတဲ့ ဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ ဒီဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်ပြီး နေနိုင်ပါက သုစရိုက်အလုပ်တွေကို လုပ်နေပြီးသား ဖြစ်တဲ့အတွက် ကိုယ့်ရဲ့အလုပ်တွေဟာ သုစရိုက်အလုပ် ဟုတ်မဟုတ် စဉ်းစားနေစရာ မလိုဘဲ ဒုစရိုက်အလုပ်တွေကို မလုပ်မိအောင် ကြိုးစားနေထိုင်ကြရမယ်ဆိုတဲ့ အချက်ကိုပဲ နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။ ဆိုရိုးစကားအရ ပြောရရင်တော့ ဒုကိုရှောင်ကြဉ်ခြင်းဟာ သုနဲ့ယှဉ်နေခြင်းပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကာမဂုဏ်တရားများ အားကြီးလာပြီး သီလ၊ သမာဓိ၊ ပညာ တရားများ အားနည်းလာတဲ့ ဒီနေခေတ်မှာတော့ လူအတော်များများဟာ ဒုကိုယှဉ်ပြီး သုကိုပဲ ကြဉ်နေကြတော့တာ ဖြစ်ပါတယ်။ အကုသိုလ်တရားများ လွှမ်းမိုးလာမှုမှာ အကုသိုလ်ကို အကုသိုလ်လို့ မသိဘဲဖြစ်လာတာတွေက အဆိုးဆုံး ဖြစ်လာနေပြီး အကုသိုလ်ကို အကုသိုလ်လို့ မသိတဲ့အတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာလည်း သုစရိုက်လား၊ ဒုစရိုက်တွေလားဆိုတာလည်း သိဖို့မလွယ်တော့တဲ့ အနေအထားအထိ ရောက်နေကြတော့တာ ဖြစ်ပါတယ်။ ရှောင်ကြဉ်ရမယ့် ဒုစရိုက်တွေမှာ အတော်များများ အပျော်များနေကြတော့ ကိုယ့်ရဲ့အလုပ်တွေဟာ မကောင်းတဲ့ အလေ့အကျင့်တွေ ဖြစ်နေပေမယ့် အဲဒီမကောင်းတဲ့ အလုပ်တွေအပေါ်မှာ အပြစ်လို့ မမြင်ကြဘဲ ဒုမှာပဲ ယှဉ်ပြီးရင်း ယှဉ်နေကြတော့တာ ဖြစ်ပါတယ်။ ဒုမှာယှဉ်နေသမျှ သုမှာလည်း အလိုလို ကြဉ်ပြီးသား ဖြစ်နေတဲ့အတွက် ကြာလေမြုပ်လေ၊ ကြာလေစုပ်လေပဲ ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

တစ်ချို့က မကောင်းတဲ့ ဒုစရိုက်အလုပ်တွေနဲ့ ကျင်လည်နေရပေမယ့် အချိန်တန် ကံအကျိုးပေး မရောက်လာသေးတဲ့အတွက် ကောင်းတာလေးတွေ ဖြစ်နေတဲ့အပေါ်မှာ သတိမမူမိဘဲ ဒီအလုပ်တွေနဲ့ အကျိုးပေးတယ်ဆိုကာ ဒုမှာပဲပျော်နေကြတာတွေ ရှိတတ်ပါတယ်။ ဒုနဲ့ပျော်ရင်း တဒင်္ဂအကောင်းလေးတွေ ဖြစ်နေတဲ့အပေါ်မှာ ဒုကြောင့်ကော်တယ်လို့ထင်ကာ ဒုစရိုက်အလုပ်တွေက ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြတဲ့အတွက် ကြာလေသုနဲ့ ဝေးလေဖြစ်နေကြတဲ့ သူတွေလည်း ရှိနေတတ်ပြန်ပါတယ်။ တကယ်တော့ ဒုစရိုက်အလုပ်တွေကြောင့် ကောင်းတာလေးတွေဖြစ်ပြီး ကော်နေကြတယ်ဆိုတာ တဒင်္ဂအခိုက်အတံ့ပဲ ဖြစ်ပါတယ်။ တဒင်္ဂမဟုတ်၊ ဒီဘဝတစ်လျှောက်လုံး ကော်နေကြတယ်ဆိုရင်လည်း သေပြီးနောက်မှာတော့ ဒုနဲ့ယှဉ်မိတဲ့ အလုပ်တွေကြောင့် မကော်နိုင်ဘဲ အော်နေကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။

အကျိုးတရား ပြောင်းပြန်အနေနဲ့ ပြောမယ်ဆိုရင် ဒုစရိုက်အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ် နေလိုက်ခြင်းဟာ သုစရိုက်အလုပ်တွေနဲ့ နေလိုက်ခြင်းဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ သုဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုက အကောင်းလို့ အဓိပ္ပါယ်ရတဲ့အတွက် အကောင်းလုပ်ရင် အကောင်းရမှာ သဘာဝနိယာမပဲ ဖြစ်ပါတယ်။ ဒါဟာ ဒုစရိုက်အလုပ်တွေကို မလုပ်ဖြစ်ဘဲ ရှောင်ကြဉ်လိုက်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ဒုစရိုက်တရား ဆယ်ပါးကနေ ရှောင်ကြဉ်ခြင်းဟာ ကံငါးပါးကို လုံနေခြင်းပဲ ဖြစ်ပြီး ကံငါးပါးလုံနေခြင်းဟာ အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံနေခြင်းပဲ ဖြစ်ပါတယ်။ ဒုစရိုက်တရား ဆယ်ပါးကို တူရာစုလိုက်မယ်ဆိုရင် ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒနဲ့ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ကံငါးပါးပဲ ထွက်လာမှာ ဖြစ်ပါတယ်။ ဒီကံငါးပါးဟာ ဗုဒ္ဓဘာသာတွေအတွက် အခြေခံ သီလပဲ ဖြစ်ပါတယ်။ ဒါကြောင့် သီလလုံနေခြင်းဟာ တစ်နည်းအားဖြင့် ဒုစရိုက်တရားများမှ ရှောင်ကြဉ်နေခြင်း ဖြစ်တဲ့အတွက် သေပြီးဒုတိယဘဝမှာ အပါယ်ဘေးက ရှောင်ကြဉ်ထားပြီးဖြစ်ကြောင်းနဲ့ အကျင့်သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် စောင့်ထိန်းကြဖို့လိုကြောင်း ဆိုကြခြင်းဖြစ်ပါတယ်။

ဆိုလိုတာက သုကိုယှဉ်ပြီး ဒုကိုကြဉ်နိုင်ဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ ကံငါးပါးကို လုံခြုံအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ဒုစရိုက်တရားတွေက ရှောင်ကြဉ်နေခြင်း ဖြစ်တဲ့အတွက် ကောင်းတဲ့သုစရိုက် အကျင့်တွေနဲ့ နေနေတာဖြစ်ပြီး ကောင်းတဲ့အကျင့်တွေနဲ့ နေထိုင်နေခြင်းဟာ ဒုကိုကြဉ်ပြီး သုနဲ့ယှဉ်နေတာ ဖြစ်တဲ့အတွက် ဘဝမှာ အထက်တန်းကျကျ မျက်နှာပန်းလှကာ သုနဲ့မယှဉ်တဲ့အတွက် မြုပ်ရမယ့်ဘေး၊ ဒုကိုမကြဉ်တဲ့အတွက် စုပ်ရမယ့်ဘေးတွေက အလိုလို ရှောင်ကြဉ်ပြီးဖြစ်ကြောင်း၊ အရင်းစစ်တော့ ဒီလို မမြုပ်၊ မစုပ်ဘဲ ဘဝလှနေခြင်းဟာ ကိုယ်ကျင့်သီလကို လုံခြုံစေခြင်းကြောင့် ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူမဆို ဘဝမှာ အလှတွေလာပြီး မြုပ်ရာကနေ လှုပ်လာစေဖို့၊ စုပ်ရာကနေ ကောင်းတာတွေနဲ့ ဟုတ်လာစေဖို့အတွက် ဒုလို့ခေါ်တဲ့ မကောင်းတဲ့ ဒုစရိုက်တွေကိုကြဉ်ပြီး သုလို့ခေါ်တဲ့ ကောင်းတဲ့ သုစရိုက်တွေနဲ့ယှဉ်ကာ အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် ကြိုးစားရင်း ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး လျှောက်နိုင်အောင် ရိုးသားစွာ အားထုတ်ကြပါလို့ စေတနာစကားနဲ့ အသိပါးလိုက်ရပါတယ်။
အားလုံး ဒုကိုကြဉ်ပြီး သုကို ယှဉ်နိုင်ကြပါစေ…

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။

တရွယ်ရွယ်မှာ သုတ်သင်ပါ…

“ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။
ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏။”
(ဂေါတမမြတ်စွာဘုရား)

သတ္တဝါတိုင်း သတ္တဝါတိုင်း အသက်ရှင် နေထိုင်သမျှ ကာလပတ်လုံး အရွယ်သုံးပါးကို ကျင်လည်ဖြတ်သန်း ကြရမည်သာ ဖြစ်ပါ၏။ ငယ်ရွယ်နုပျိုစဉ် ပထမအရွယ်၊ အလယ်အလတ်ဖြစ်သည့် ဒုတိယအရွယ်၊ အကြီးပိုင်းဖြစ်သည့် တတိယ အရွယ်ဟူ၍ အရွယ်သုံးမျိုး ရှိကြရာတွင် အကောင်းဆုံးအရွယ်၊ တန်ဘိုးအရှိဆုံးအရွယ်၊ အနှစ်သာရ အရှိဆုံးအရွယ်အဖြစ် မိမိဖြတ်သန်း ကျင်လည်ရာအရွယ်များမှ တရွယ်ရွယ်ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ရန် လိုအပ်လှ၏။ အရွယ်သုံးပါးလုံး အကောင်းဆုံးများဖြင့် ဖြတ်သန်းကျင်လည် နိုင်ကြမည်ဆိုက ပြောဖွယ်မရှိ အလွန်ကောင်းနေမည် ဖြစ်သော်လည်း ထိုသို့ မကောင်းနိုင်ပါလျှင်ကား တရွယ်ရွယ် တချိန်ချိန်မျှဖြစ်ဖြစ် ကောင်းနေစေရန် ကြိုးစားသင့်ပေ၏။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ သက်တမ်းအရ ပထမအရွယ်ကို မွေးစမှ အသက် ၂၅နှစ်အရွယ်အထိ သတ်မှတ်ပြီး ၂၅နှစ်မှ ၅၀ အထိကို ဒုတိယအရွယ်ဟု သတ်မှတ်ကာ ၅၀မှ ၇၅အထိ သို့မဟုတ် ၅၀အထက်အသက်များကို တတိယအရွယ်ဟု သတ်မှတ်ကြ၏။ ထိုသတ်မှတ်ချက်နှင့်အညီ မြန်မာအများ ပြောဆိုကြသည့် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဟူသည့် အပြောအဆို အသုံးအနှုန်းများလည်း ရှိနေကြ၏။ ယေဘုယျ သတ်မှတ်ကြသည့် အရွယ်များနှင့် ယေဘုယျ ပြောဆိုကြသည့် စကားများဖြစ်သဖြင့် အထူးပြောဖွယ် မရှိသော်လည်း မျက်မှောက်ခေတ် လူတို့၏ အခြေအနေများနှင့် အရွယ်ပိုင်းခြားမှုများ၊ လုပ်ဆောင်ချက်များကား ပြောစရာ ဖြစ်လာပေ၏။ မည်သည့်အရွယ်တွင်မှ အကျိုးမရကြသူများ ရှိနေခြင်းကြောင့်လည်း တချိန်ချိန် တရွယ်ရွယ်တွင်ဖြင့် မိမိအကျိုး၊ အများအကျိုး တစ်မျိုးမျိုးကို ဆောင်ရွက်ကြရန် ပညာရှိ သူတော်ကောင်းများက တိုက်တွန်းကြခြင်း ဖြစ်၏။

ထို့အပြင် အရွယ်ဟူသည် ယေဘုယျ သတ်မှတ်ချက်ဖြစ်သော်လည်း ထိုသတ်မှတ်ချက် အရွယ်သို့ မရောက်မီ ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောများ ရှိနေသဖြင့် လက်ရှိရောက်ရှိနေသည့် အရွယ်တွင် အကောင်းဆုံးဖြစ်အောင် ကျင့်သုံးနေထိုင်ကြရန် တိုက်တွန်းပြောဆိုကြခြင်းလည်း ဖြစ်ပေ၏။ မြန်မာအများ သတ်မှတ်ထားသကဲ့သို့ ပထမအရွယ်တွင် ပညာရှာရမည် ဖြစ်သဖြင့် ပညာပဲရှာနေမိရင်း ရုတ်တရက် တစ်ခုခု ဖြစ်သွားမည်ဆိုပါက၊ ဒုတိယအရွယ်တွင် ဥစ္စာရှာ ဆိုသည့်အတိုင်း ဥစ္စာပဲ ရှာနေရင်း တစ်ခုခု ဖြစ်သွားခဲ့ပါက၊ တတိယအရွယ်တွင် တရားရှာဆိုသဖြင့် တတိယအရွယ်သို့ ရောက်သည်အထိ တရားမရှာဘဲ နေလိုက်မိရင်း တတိယအရွယ်မတိုင်မီ တစ်ခုခု ဖြစ်သွားသည် ဆိုပါက မည်သို့မျှ မတတ်နိုင်၊ မည်သူမျှ မကယ်နိုင် ဖြစ်သွားမည်မှာ အမှန်ပင် ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်သတ်မှတ်ချက်များ ရှိနေသော်လည်း ထိုသတ်မှတ်ချက်များ သည် အချိန်မရွေး ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောရှိနေသဖြင့် ယခုလက်ရှိအချိန်နှင့် လက်ရှိ အရွယ်မှာသာ အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကို စောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဆိုခြင်း ဖြစ်ပါ၏။

ထိုသို့ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သဖြင့် ပညာရှိသူတော်ကောင်းများက ပထမအရွယ်တွင်လည်း ပညာရှာရင်း ကုသိုလ်ရှာကြရန်၊ ဒုတိယအရွယ်တွင်လည်း ဥစ္စာရှာရင်း ကုသိုလ်ရှာကြရန်၊ တတိယအရွယ်တွင်ကား တရားရှာရမည့် အရွယ်ဖြစ်သဖြင့် တစိုက်မတ်မတ် တရားကိုသာ ရှာကြရန် အထူးတိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး သေခြင်းတရားနှင့် ပြောင်းလဲဖောက်ပြန်မှု တရားများက လာနေနိုင်မည် ဖြစ်သဖြင့် လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်အဖြစ် သတ်မှတ်ကာ ကုသိုလ်တရားများကို ရသမျှ ပြုလုပ်သွားကြရန် သတိပေးကြခြင်း ဖြစ်ပါ၏။

အကယ်၍ အခြေအနေအရ မကောင်းသည့်အလုပ်များဖြင့် လှုပ်ရှားရုန်းကန် နေခဲ့သည်များ ရှိပါကလည်း တစ်ချိန်ချိန် တရွယ်ရွယ်တွင် သတိဝင်ကာ ပြုပြင်နိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ ပြုပြင်လိုက်သည့် အချိန်၊ ပြုပြင်လိုက်နိုင်သည့် အရွယ်သည် နောက်ကျသည်ဟူသည် မရှိသဖြင့် အလျင်အမြန် သတိဝင်ကာ ပြုပြင်ကြရမှာ ဖြစ်ကြောင်း၊ ပထမအရွယ်တွင် မပြုပြင်နိုင်ပါက ဒုတိယအရွယ်၊ ဒုတိယအရွယ်တွင် မပြုပြင်နိုင်ပါကလည်း တတိယအရွယ် စသည်ဖြင့် အရွယ်သုံးမျိုးတွင် တရွယ်ရွယ်တွင်တော့ဖြင့် သတိပြုဆင်ခြင်ကာ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မိမိကိုယ်ကို အလျဉ်အမြန် သတိဝင်ကာ မကောင်းမှု အကုသိုလ် အလုပ်များမှ သုတ်သင်လိုက်နိုင်ခြင်းသည် မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်း ဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက မိန်ကြားတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓလက်ထက်က ဗောဓိကုမာရ အမည်ရသည့် မင်းသားတစ်ပါးရှိခဲ့၏။ ဗောဓိကုမာရသည် တစ်နေ့တွင် အကောင်းဆုံး လက်သမားဖြင့် အကောင်းဆုံး ပြဿာဒ်တစ်ခုကို ဆောက်လုပ်ကာ ပြဿာဒ်ပူဇော်ပွဲ တစ်ခုကို ပြုလုပ်လေ၏။ ထိုပြဿာဒ်ပူဇော်ပွဲသို့ ဘုရားအမှူးရှိသည့် သံဃာတော်များကိုလည်း ပင့်လျှောက်ထား၏။ အိမ်ထောင်ကျသည်မှာ ကြာပြီဖြစ်သော်လည်း သားသမီး မထွန်းကားသည့် ဗောဓိမင်းသားသည် အမျိုးမျိုးသော နည်းများဖြင့် သားသမီးရအောင် ကြိုးစားသော်လည်း မရနိုင်ဘဲရှိရကား ဤတစ်ကြိမ်တွင် ဘုရားရှင်ထံ အဓိဋ္ဌာန်ပြုလိုသဖြင့် ပြဿာဒ်ပေါ်သို့ ကြွရာလမ်းတွင် အကောင်းဆုံးအခင်းကိုခင်းလျက် ဘုရားအမှူးရှိသော သံဃာတော်များ မကြွမီကပင် “ဘုရားရှင်သည် ဤအခင်းပေါ်တွင်နင်း၍ ကြွပါက မိမိတို့အား သားသမီးရပါစေ”ဟု အဓိဋ္ဌာန်ပြု ဆုတောင်းထားလိုက်၏။ ဘုရားရှင်နှင့် သံဃာတော်များ ပြဿာဒ်ပေါ်သို့ ကြွရာအခင်းထိပ်သို့ ရောက်လာသည့်အခါ အရှေ့ဆုံးမှ ကြွတော်မူသည့် ဘုရားရှင်က အခင်းများကိုဖယ်လိုက်ရန် ဗောဓိမင်းသားအား မိန့်ကြားတော်မူ၏။ ဗောဓိမင်းသားကလည်း သူ့အကြံအတိုင်း အခင်းကို နင်း၍ ကြွတော်မူရန် လျှောက်ထားလေ၏။ ဗုဒ္ဓရှင်တော်မြတ်ကလည်း အခင်းကိုသာဖယ်ရန် မိန့်တော်မူ၏။ ဗုဒ္ဓက “ဗောဓိမင်းသားအနေဖြင့် မည်မျှပင် အဓိဋ္ဌာန်ပြု၍ သားသမီး ရအောင်ကြိုးစား အားထုတ်သော်လည်း ယခုဘဝတွင်ကား ရနိုင်ဖွယ် အကြောင်းမရှိကြောင်း၊ မင်းသားတို့ လင်မယားနှစ်ယောက်သည် အတိတ်က ပြုခဲ့သည့် မကောင်းမှု အကုသိုလ်ကံကြောင့် သားသမီး မရနိုင်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မိန့်တော်မူကာ ဗောဓိကုမာရ မင်းသား၏။ အတိတ်ဇာတ်ကြောင်းကို ဟောတော်မူလေ၏။

လွန်လေပြီးသော အတိတ်ဘဝတစ်ခုက လူအပေါင်းတို့သည် ကြီးစွာသော လှေသင်္ဘောကြီးဖြင့် သမုဒ္ဒရာသို့ ရွတ်လွှင့်သွားစဉ် ပင်လယ်ပြင်ထဲ၌ ထိုသင်္ဘောကြီး ပျက်ခဲ့လေ၏။ သင်္ဘောပေါ်ပါ လူအများတွင် ဇနီးမောင်နှံနှစ်ဦးသည် ကံကောင်းထောက်မစွာဖြင့် ပျဉ်ချပ်တစ်ခုကို ရရှိပြီး ထိုပျဉ်ချပ်အကူဖြင့် လက်ပစ်ကူးကာ အသက်လုရင်း နောက်ဆုံးတွင် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိကာ အသက်ဘေးမှ ကင်းလွတ်သွားခဲ့ကြ၏။ ထိုဇနီးမောင်နှံသည် ကျွန်းပေါ်တွင် သွားလာလှုပ်ရှားရင်း စားသောက်စရာ မရှိသဖြင့် ငှက်ပေါင်းမြောက်များစွာ ဥထားသည့် ငှက်ဥများကိုသာ နှိုက်ယူဖုတ်ကင်ကာ စားသောက်ကြလေ၏။ ငှက်ဥများ မရှိသည့်အခါ ငှက်ငယ်လေးများအား ဖုတ်ကင်စားသောက်ကြ၏။ ထိုသို့ ငှက်ဥများ၊ ငှက်ကင်များကို စားသောက်လာ ကြသည်မှာ ကြာမြင့်လာခဲ့ပြီ ဖြစ်သဖြင့် ထိုဇနီးမောင်နှံ နှစ်ဦးတို့သည် အကုသိုလ်ကို အကုသိုလ်ဟုပင် မထင်ဘဲ ဖြစ်လာခဲ့၏။ ထိုဇနီးမောင်နှံသည် ပထမအရွယ်တွင်လည်း မိမိတို့၏ လုပ်ရပ်များကို မပြုပြင်မသုတ်သင်နိုင်၊ ဒုတိယအရွယ်တွင်လည်း သတိမဝင် မပြုပြင်ခဲ့၊ တတိယအရွယ်တွင်လည်း နောင်တမရ မေ့လျော့ကြကာ မကောင်းသည့် အလုပ်များဖြင့်သာ ဘဝနိဂုံး အဆုံးသတ်သွားခဲ့ကြ၏။ ထိုအကုသိုလ်၏ အပြစ်ကို ဘဝပေါင်းများစွာ ခံယူရင်း ယခုဗောဓိကုမာရ ဘဝတွင်လည်း ထိုအကုသိုလ်၏ အကျိုးဆက်အနေဖြင့် သားသမီး မရနိုင်ခြင်းဖြစ်၏။

မြတ်စွာဘုရားသည် ဗောဓိကုမာရ၏ သားသမီးမရနိုင်ခြင်းအကြောင်း အထက်ပါ အတိတ်ဇာတ်ကြောင်းကို ပြန်လည်ဟောကြားတော်မူရင်း “ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏ ” (ဓမ္မပဒ၊ အတ္တဝဂ်၊ ဗောဓိကုမာရဝတ္ထု) ဟူသော ဤတရားစကားတော်ကို မိန့်ကြားတော်မူ၏။ ဒေသနာတော်၏ အဆုံးတွင် ဗောဓိကုမာရသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်သွားလေ၏။

ဤကား အရွယ်သုံးပါး၌ တပါးပါးတွင် သုတ်သင်ရန်လိုကြောင်း မိန့်တော်မူသည့် ဘုရားရှင်၏ တရားစကား ဖြစ်ပေါ်ရာ နောက်ခံဇာတ်လမ်း တစ်စိပ်တဒေသပင် ဖြစ်ပါ၏။ ဤဒေသနာတော်တွင် ဗုဒ္ဓမြတ်စွာ မိန့်တော်မူသည်မှာ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ မိမိကိုယ်ကို ကောင်းစွာသုတ်သင်ရင်း ထိန်းသိမ်း စောင့်ရှောက်ကြရန် မိန့်တော်မူလိုရင်း ဖြစ်ပါ၏။ မှန်၏။ မိမိတို့သည် ပုထုဇဉ်များ ဖြစ်နေကြသဖြင့် အမှား မကင်းမိကြသော်လည်း ထိုအမှားကို တစ်သက်လုံး မှားမသွားမိကြရန် သတိပြုရမည် ဖြစ်ပါ၏။ သတိမပြုမိသဖြင့် မှားမိကြပါက ထိုအမှားအတွက် ပြန်လည်ပေးဆပ်ရမှုသည် အကြိမ်ပေါင်းများစွာ ဖြစ်နေကြမည် ဖြစ်ပါသောကြောင့် မိမိတို့၏ လုပ်ရပ်များကို သတိပြုဆင်ခြင်ကာ ပြုလုပ်ကြရန် ဖြစ်ပါ၏။

သေချာတွေးကြည့်ပါက အရွယ်ဟူသည် အချိန်တန်လျှင် ကျော်လွန်လာကြရမည် ဖြစ်သော်လည်း ထိုအရွယ်တွင် ဖြတ်သန်းစဉ်ကာလ လုပ်ဆောင်ခဲ့ကြသည့် လုပ်ရပ်များကား ကျော်သွား၍လည်း မရသကဲ့သို့ လွန်ထား၍လည်း ရမည်မဟုတ်နိုင်ပေ။ အရွယ်သုံးပါးတွင် ဖြတ်သန်းစဉ် လုပ်ဆောင်ခဲ့သည့် မိမိတို့၏ လုပ်ဆောင်ချက်များသည် ယခုဘဝ အရွယ်များ ကုန်ဆုံးသွားသော်လည်း နောက်နောက်ဘဝ အရွယ်များအထိ အစဉ်လိုက်ကာ အကျိုးပေးနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကုသိုလ်အလုပ်ဖြစ်စေ၊ ကုသိုလ်အလုပ်ဖြစ်စေ စေတနာဖြင့် လုပ်ဖြစ်ခဲ့ပါက အကျိုးမပေးရသေးသမျှ မပျောက်ပျက်ဘဲ အခွင့်သာက အကျိုးပေးကြသည်သာ ဖြစ်ပါ၏။ အကျိုးမပေးနိုင်သည့် အဟောသိကံများ ရှိသော်လည်း ထိုကံများသည် အလွန်သေးငယ်သည့် ကံလေးများသာ ဖြစ်နေပြီး ယေဘုယျအားဖြင့် စေတနာနှင့် လုပ်ခဲ့သည် ကံများကား အရွယ်လွန်သည်အထိ အကျိုးပေးခွင့်ရှိက ပေးနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်ဟူသည် အရေးမကြီးသော်လည်း ထိုအရွယ်တွင် လုပ်ဆောင်ကြသည့် လုပ်ဆောင်ချက်များကား အရေးကြီးလှသဖြင့် အရွယ်သုံးပါး တပါးပါးဝယ် အမှားမဝယ် မိကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ မွေးဖွားခြင်းရှိနေကြသည့် သတ္တဝါမှန်သမျှ သေဆုံးခြင်းလည်း ရှိနေကြမည့်အပြင် မွေးသေနှစ်ခုကြား ဖြတ်သန်းကြရသည့် အရွယ်များ၊ အချိန်များလည်း ရှိနေကြမည် ဖြစ်သဖြင့် ထိုဖြတ်သန်းကြသည့် အရွယ်များကို အထူးသတိပြုဆင်ခြင်ကာ ဖြစ်သန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အရွယ်သုံးပါး ဖြတ်သန်းစဉ်ကာလတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် မကောင်းသည့် အလုပ်များဖြင့် ဖြတ်သန်းကျင်လည်ခဲ့ ရသည်ရှိသော် ထိုအကုသိုလ် အလုပ်များကို တစ်ရွယ်ရွယ်၊ တစ်ချိန်ချိန်တွင် မလုပ်ဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ မထူးပါဘူးဟူသည့်စိတ်ဖြင့် မထူးဇာတ် မခင်းကြဘဲ မလုပ်ဘဲ နေလိုက်နိုင်ချိန်သည် နောက်ကျသည့် အချိန်မဟုတ်သည်ကို သတိပြုကာ လက်ရှိအချိန်၊ လက်ရှိအရွယ်မှာ အကောင်းဆုံး ပြုပြင်နိုင်အောင် မိမိကိုယ်ကို သုတ်သင်ကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မကောင်းမှုကို မလုပ်ဖြစ်အောင် သတိပြုဆင်ခြင် သုတ်သင်နိုင်လိုက်ခြင်းသည် မိမိကိုယ်ကို အကောင်းဆုံး စောင့်ရှောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သဖြင့် အရွယ်သုံးပါးတွင် တပါးပါး၌ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် တင်ပြလိုသည်မှာ “မည်သူမဆို လက်ရှိရောက်ရှိနေသည့် သက်တမ်းအရ အရွယ်သုံးပါးကို ရင်ဆိုင်ဖြတ်သန်း ကျော်လွှားကြရမည် ဖြစ်သဖြင့် မိမိတို့ ဖြတ်သန်းရမည့် အရွယ်တွင် အကောင်းဆုံးအလုပ်များ၊ အပြစ်ကင်းသည့် အလုပ်များ၊ အနှစ်ရှိသည့် အလုပ်များ၊ ကုသိုလ်အလုပ်များဖြင့် ဖြတ်သန်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ အရွယ်သုံးပါးလုံးတွင် အပြည့်အစုံ မလုပ်နိုင်သော်လည်း တရွယ်ရွယ်တွင် အကောင်းဆုံးဖြစ်အောင် အားထုတ်ကြရမှာ ဖြစ်ပါကြောင်း၊ သေချာသည်မှာ အရွယ်ဟူသည် အချိန်မရွေး ဖောက်ပြန်ပြောင်းလဲနိုင်သဖြင့် မည်သည့်အရွယ်တွင် မဆို ကုသိုလ်ကောင်းမှုများဖြင့် တွဲဖတ်ကျင်လည်နိုင်အောင် ဖြတ်သန်းကြခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း၊ မည်သည့်အရွယ်၊ မည်သည့်အချိန်ဟူသည် မည်သူမျှ အတိအကျ မသိနိုင်ဘဲ ယခုအချိန်သည်သာ တိကျသည့် အကောင်းဆုံး အချိန်ဖြစ်သဖြင့် ယခုလက်ရှိအချိန်တွင်သာ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အကောင်းဆုံး သုတ်သင်ကြရမှာ ဖြစ်ပါကြောင်း” စေတနာစကား မေတ္တာအားဖြင့် အသိပေးတင်ပြလိုက်ရပါသည်။

အားလုံး… မိမိကိုယ်ကို တရွယ်ရွယ်တွင် သုတ်သင်နိုင်ကြပါစေ…

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)