ဒီနေရာလေးကို

Saturday, March 26, 2011

အိမ်ထောင်ရေးမည်သော ဖိနပ်တစ်စုံ

ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်းဖြစ်နိုင်တယ်။ ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ် အဓိက,က ခြေထောက်နဲ့တော်ဖို့၊ ကိုက်ညီဖို့ဖြစ်ပြီး ဘယ်လို အိမ်ထောင်ရေးမျိုးဖြစ်ဖြစ် အဓိက,က စည်းချက်ညီဖို့နဲ့ သဟဇာတဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။

ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။

ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ တာရှည်ခိုင်မြဲစေပါတယ်။

ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့ ဒီလိုဖိနပ်မျိုးက စီးလိုအသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။

စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက် ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့် စီးပွါးရေးပြေးလမ်းက ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။

အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့ အိမ်ထောင်ရေးက ခုံမြင့်ဖိနပ်ဖြစ်တယ်။ ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့် ကြည့်ရတာထူးခြားတယ်။

အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးက ညအိပ်ဖိနပ်နဲ့တယ်။ ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။ ချွတ်ရတာလည်း လွယ်ကူတယ်။ ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။ အပြင်စီးထွက်ရင် လူပြောစရာဖြစ်တယ်။

ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။ ရာသီမရွေး စီးလို့ရတယ်။ ခံစားချက်တွေ ပူနွေးစေတဲ့နွေရာသီမှာ ခြေထောက်ကို အေးမြစေတဲ့လွှာချင်းဖိနပ်ကို စီးထားနိုင်ပြီး ခံစားချက်တွေ အေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။

ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။ စီးလို့ကောင်းတယ်၊ လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် အပြင်စီးထွက်လို့မရဘူး၊ လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့ မဖြစ်ဘူး။

ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့ ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့ ဖိနပ်မျိုးနဲ့တူတယ်။ ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။ စီးလိုက်တာနဲ့ စီးရအဆင်မပြေဘဲ ခြေထောက်နာတတ်တယ်။

အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။ ကြီးလေးပြီး ရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း ခြေကြော၊ ခြေရိုးတွေကို နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။

အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက စီးလိုကောင်းတဲ့ ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က ခြေထောက်ရဲ့အတိုင်းအတာနဲ့ ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။ ဘယ်လိုခြေထောက်မျိုးက ဘယ်လိုဖိနပ်မျိုး စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။

သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။ ဒါပေမယ့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တိုင်းလှပရမယ်လို့ မဟုတ်ပါဘူး။ ဖိနပ်စီးရတာ အဆင်ပြေမပြေ စီးတဲ့ခြေထောက်ကပဲသိပါတယ်။ ခရီးဝေးသွားရင် ဖိနပ်စီးမှားမှာကို လူတိုင်းကြောက်ကြတယ်။ အိမ်ထောင်ပြုရင် လူတိုင်းအနှိမ်ကျင့်ခံရမှာကို ကြောက်ကြတယ်။ ဖိနပ်က ခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ မပါးခင်၊ ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို ပြောင်းလဲသင့်ပါတယ်။

ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ ကိုယ့်ကိုနာကျင်အောင် လုပ်တာနဲ့တူတယ်။ သူတစ်ပါးက ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကို တွေ့မြင်နိုင်တယ်ဆိုပေမယ့် စီးထားတဲ့ကိုယ့်ခြေထောက် နာကျင်တာကို ကိုယ်ပဲသိပါတယ်။ ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။ ဒါပေမယ့် တချို့က တန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။

ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။ နှင်းတောကြားမှာ နှင်းဖိနပ်ရှည်ကို စီးရတယ်။ ခရီးဝေးသွားရင် ခရီးသွားဖိနပ်ကို စီးရတယ်။ လောကကြီးမှာ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်တွေအများကြီး ကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။ ခြေထောက်က တစ်စုံပဲရှိတာမို့ ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး အရွေးမမှားစေချင်ပါဘူး။

အသက်အရွယ် အကန့်အသတ်တစ်ခုထိ ခြေထောက်တွေ ရှည်လျားကြီးထွားနိုင်ပါတယ်။ ဒါပေမယ့် ဖိနပ်တွေက မပြောင်းလဲပါဘူး။ ခြေထောက်နဲ့ဖိနပ် ဘယ်အရာက အင်အားကြီးသလဲ? ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။ ဖိနပ်ရိအောင်၊ ပွန်းအောင် ခြေထောက်ကပဲ လုပ်နိုင်ခဲ့ပါတယ်။

အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့ အချိန်က ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့သင့်လျော်တဲ့ ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။ ခြေထောက်တစ်ဖက်က ယောက်ျားဆိုရင်၊ နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။ ဖိနပ်က အဲဒီခြေထောက်နှစ်ဖက်ကို တစ်စုံဖြစ်အောင် အတူတကွ ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့ ဘဝခရီးဆုံးခန်းတိုင်ထိ လျှောက်လှမ်းကြရပါတယ်။

ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ပရိတ်နာသူ၏ အင်္ဂါရပ်များ

ပရိတ်ရွတ်ဖတ်သူက လိုအပ်ချက်များ ပြည်စုံဖို့ လိုသလို ပရိတ်နာယူဘက်ကလည်း ရှိထားသင့်သော လိုအပ်ချက်များ ရှိပါသေးသည်။ ၎င်းတို့မှာ-
 ၁။ ပဉ္စာနန္တရိယကံငါးပါးဟူသော ကမ္မအန္တရာယမ်ရှိခြင်း။
 ၂။ နိယတမိစ္ဆာ ဒိဋ္ဌိကံ ဟူသော ကိလေသန္တရာယ်မရှိခြင်း။
 ၃။ ပရိတ်ပါဠိတော်၏ ဂုဏ်ကျေးဇူးကို မတုန်မလှုပ် သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့် ပြည့်စုံခြင်း။
 ၄။ ပရိတ်ပါဠိတော်ကို ရိုသေလေးစားစွာ နာယူခြင်းတို့ဖြစ်ပါသည်။
အထက်ပါ အင်္ဂါရပ်များအရ ပရိတ်နာစူ အကျိုးတရားရရှိစေဖို့ လိုအပ်ချက်များတွင်
ပဉ္စနန္တရိကကံကြီးထိုက်သူ မဖြစ်ဖို့လိုပါသည်။ ပဉ္စနန္တရိကကံဆိုသည်မှာ မာတုဃာတကကံ- အမိသက်ခြင်း။ ပိတုဃာတကကံ- အဖသက်ခြင်း။
အရဟန္တဃာတကကံ-ရဟန္တာသက်ခြင်း။ လောဟိတုပ္ပါတကကံ- ဘုရားရှင်ကို သွေးစိမ်းထွက်အောင်ပြုခြင်း။ သံဃဘေဒကကံ သံဃာကို သင်းခွဲခြင်းတို့ဖြစ်ပါသည်။
 ထိုကံကြီးငါးပါး တစ်ပါးပါးကျူးလွန်ထားသူအဖို့ ပရိတ်တော်က ကာကွယ်မပေးနိုင်ပါဘူး။
ကံကြီးငါးပါး ကင်းလွတ်သူကိုသာ ကာကွယ်ပေးနိုင်ပါသည်။ ပရိတ်တော်အာနိသင် စူးရှသက်ဝင်၏။ အန္တရာယ်ကိုတားဆီးပေးနိုင်၏။
             နိယတမိစ္ဆာဒိဋ္ဌိ ဆိုသည်မှာ မိစ္ဆာဒိဋ္ဌိအယူကိုစွဲစွဲမြဲမြဲယူခြင်းဖြစ်သည်၊ အကျိုးမရှိ၊ အကြောင်းမရှိ၊ ဘာမှလုပ်စရာမရှိဟူသော မိစ္ဆာဒိဋ္ဌိအယူကြီးများ အလွန်အကဲ စွဲမြဲနေသူများအပေါ် ပရိတ်တရားတော်အာနိသင် မသက်ရောက်ပါ၊   နိယတ
မိစ္ဆာဒိဋ္ဌိဟူသော ကိလေသာအန္တရာယ်ရှိသူများ ပရတ်တော်ကကာကွယ်မပေးနိုင်ပါ။
            ပရိတ်တော်၏ဂုဏ်ကို ယုံကြည်ခြင်းဆိုသည်မှာ ပရိတ်တော်များသည် မြတ်ဗုဒ္ဓကိုယ်တော်တိုင် နှုတ်တော်မြွတ် ဟောကြားတော်မခဲံ့ခြင်းဖြစ်ကြောင်း၊ မြတ်ဗုဒ္ဓလက်ထက်တော်ကပင် ထိုပရိတ်တော်များက အန္တရာယ်မှကာကွယ်ပေးခဲ့သော သာဓကများရှိကြောင်းစသည်ဖြင့် ပရိတ်တော်၏ဂုဏ်ကို ယုံကြည်ရမည်။ ထိုသို့ ယုံကြည်သော သဒ္ဓါတရားရှိမှလည်း ပရိတ်တော်၏အကျိုးကို ခံစားရယူနိုင်မှာဖြစ်ပါသည်။
              ရိုသေလေးစားစွာနာယူဖို့ လိုအပ်ကြောင်းလည်း အထူးပြောစရာမလိုပါ။ ပရိတ်တော်ရွတ်ဖက်နေခိုက် ငြိမ်သက်စွာထိုင်၍ မနေဘဲ စကားပြောခြင်း၊ ဟိုမှ၊ သည်မှ သွားလာလုပ်ကိုင်ခြင်း စသည်ဖြင့် ပရိတ်တော်အပေါ် မလေးစားခြင်းပင်ဖြစ်၏။
ရိုသေလေးစားစွာ နာယူမှလည်း ပရိတ်အကျိုးရရှိပါမည်။
               ရည်ရွယ်ချက်အောင်မြင်ခြင်း ၊ သမ္ပတ္တိနှစ်မျိုးမှာ ပရိတ်နာသူမှာလည်း လိုအပ်ပါသည်။ ရိုရိုသေသေ လက်ခုပ်ချီမိုးလျတ် ပရိတ်တော်မှတစ်ပါး အခြားအာရုံသို့ စိတ်မသွားစေဘဲ တည်ကြည်ငြိမ်သက်စွာ နာယူခြင်း ပယာဂသမ္ပတ္တိ၊ ပရိတ်တော်၏ဂုဏ်တော် တန်ခိုး အာနုဘော်တို့ကိုယုံကြည်ခြင်း၊ ဖိတ်ကြားသူကိုငဲ့၍ နာရခြင်း မဟုတ်ဘဲ လိုလိုလားလားနာယူခြင်း အဇ္ဈသယ သမ္ပတ္တိနှစ်ပါးနှင့်ပြည့်စုံရမည်။ ထိုသမ္ပတ္တိ နှစ်ပါးပျက်ပြား၍ ၀ိပတ္တိဖြစ်ပွားနေပါက ပရိတ်နာသူမှာ လိုအပ်သော ကောင်းကျိုးများ ရရှိလာမည်မဟုတ်ပါ။ ပရိတ်နာရကျိုးပြည့်ဝစေရန် လုပ်ရပ်ကောင်း စိတ်နေစိတ်ထားကောင်းများ မွေးမြူထားပါ။
               ဆေးဝါးသည် ရောဂါဘယကို ကင်းပျောက်စေနိုင်သောသတ္တိရှိပါ၏။ သို့ရာတွင် ဆရားခိုင်းသော ဆေးညွန်းအတိုင်း စားသင့်သောအချိန်စား၊ ရပ်သင့်သောအချိန်ရပ်၊ ရှောင်ရမည့်အစားအစာကို ရှောင်၍ ဆောင်ရမည့် အစာကိုဆောင်မှသာ ဆေးဝါးအစွမ်းထက်မြက်ပါသည်။ နည်းတူပင် ပင်ကိုယ်ကအစွမ်းထက်မြက်သော ပရိတ်တော်များ၏ အကျိုးအာနိသင် တန်ခိုးစွမ်းအင်ကို အပြည့်အ၀ ရရှိစေရန်အတွတ် ရွတ်ဖက်သူ နာကြာူသူ များမှ လိုအပ်သလို လိုက်နာဆောင်ရွက်ရမည်လည်း ဖြစ်ပါသည်။ သို့မှသာ ပုဂ္ဂိုလ်၌ကျရောက်နေသော အနာရောဂါ၊ အိမ်၊ ရပ်ကွက်စသည်၌ ကျရောက်နေသော ဘေးဘရာများ ကင်းစင်ပပြောက်ကာ ကောင်းကျိုးသုခများ ရရှိကြပါလိမ့်မည်။ ဤသည်ပင်လျှင် ပရိတ်ရွတ်ဖတ်နာကြားပုံ နည်းလမ်းကောင်းများ ဖြစ်ပါ၏။

ပရိတ်ရွတ်သူ၏အင်္ဂါရပ်များ

ပရိတ်တော်များ ရွတ်ဖတ်ရာ၌ရွတ်ဖတ်မည့် ပုဂ္ဂိုလ်ဘက်က ပြည်စုံရမည်အင်္ဂါရပ်များမှာ--
၁။ ပရိတ်ပါဠိတော် ပုဒ်အက္ခရာများကို ကျနမှန်ကန်စွာ ရွတ်ဆိုနိုင်ခြင်း။
၂။ ပရိတ်ပါဠိတော်၏ အနတ်အဓိပ္ပါယ်ကို ကျနမှန်ကန်စွာ နားလည်သဘောပေါာက်ခြင်း။
၃။ လာဘ်ပူဇော်သက္ကာရကို မငဲ့ကွက်ခြင်း။
၎။ သံသာရာမှ လွတ်မြောက်ရေးဦးတည်ကား မေတ္တာ၊ ကရုဏာရှေ့ထားလျတ် စင်ကြယ်သောစိတ်ဖြစ် ရိတ်ဖတ်ခြင်းတို့ဖြစ်ပါသည်။
ဆောင်။ ။ သဒ္ဓါလည်းစင်၊ အနတ်ထင်၊ သက်ဝင်မေတ္တာထား။
             ရွတ်ဖက်သူမှာ၊ အင်သုံးဖြာ၊ မှတ်ပါကျမ်းစကား။
              လာဘ်မငဲ့ကွက်၊ ထည့်ကာစွက်၊ မှတ်ချတ်အင်လေးပါး။
                                                         (မင်းကွန်းတိပိဋကဆရာတော်)
အထက်ပါလင်္ကာအတိုင်း ပရိတ်ရွတ်သောပုဂ္ဂိုလ်သည် ပရိတ်ပါဠိတော်လာ ပုဒ်အက္ခရာများကို ကွဲကွဲပြားပြား မှန်မှန်ကန်ကန် ရွတ်ဖက်နိုင်ရမည်။ တနှင့် သ၊ ကနှင့် ခ စသည်ဖြင့် မကွဲမပြားမရွတ်ရ။ အတိအကျ ရအောင်ကျက်မှတ်ပြီး ရွတ်ဆိုနိုင်ပါသည်။ ထိုသို့ ရွတ်ဆိုနိုင်ရုံဖြင့် မပြီးသေး။ ပါဠိတော်က ပြောသောအဓိပ္ပါယ်ကိုလည်း သိရှိနားလည်ဖို့လိုသည်၊ အဓိပ္ပါယ်သိမှသာ အဓိပ္ပါယ်အပေါ် စိတ်ရောက်လျတ် လေးနတ်တည်ကြည် ယုံကြည်မူအပြည့်ရွတ်နိုင်မည်။
               ထိုအင်္ဂါနှစ်ရပ်တွင် မေတ္တာ ကရုဏာ စိတ်ထားဖြင့် ရွတ်ဖက်ခြင်းကို ထည့်လျှင် ပရိတ်ရွတ်သူ အင်္ဂါသုံးပါးဖြစ်သည်။ လာဘ်လာဘကို မငဲ့ကွက်ခြင်းကိုထည့်လျှင် အင်္ဂါလေးပါဖြစ်၏။ ထိုအင်္ဂါနှစ်ချက်မှာ ပရိတ်ရွတ်သူ၏ စိတ်နေစိတ်ထားဖြစ်သည်။ မေတ္တာ စေတနာ အပြည့်ပါမှ ရွတ်ဖက်သောပရိတ် အာန်သင်ထက်မြတ်၏။ နည်းတူပင် လာဘ်လာဘငဲ့ကွက် ရွတ်ဖက်ခြင်း မဟုတ်မှလည်း ပရိတ်အာနိသင်ထက်မြတ်၏။ မေတ္တာ သနားကြင်နာ  ကရုဏာများ ပရိတ်တရားနာကြားသူ(လူနာ) အိမ်ရှင်တို့အပေါ် ဖြစ်ပွားနေလျှင် လာဘ်လာဘကိုငဲ့ကွက်စိတ်မရှိနိုင်သဖြင့် အင်္ဂါသုံးပါးဟုလည်း ဆိုနိုင်ပါသည်။
သို့သော် ပိုမိုပြည့်စုံ တိကျစေရန်အတွတ် လာဘ်လာဘမငဲ့ကွက်ခြင်းကိုပါ အင်္ဂါတစ်ရပ် သက်မှတ်ထားညခင်းလည်း ဖြစ်ပါသည်။
              မှန်ပါသည်။ လုပ်ငန်းတစ်ခု ရည်ရွယ်ချတ်အတိုင်း ထမြောက်အောင်မြင်နိုင်ရန်အတွတ် လုပ်ပုံကိုင်ပုံ လုပ်ရပ်ကလည်း မှန်ကန်ဖို့လိုသည်။ လုပ်ဆောင်သူ၏ စိတ်နေသဘောထားကလည်း မှန်ကန်ရမည်။  လုပ်ပုံကိုင်ပုံကို ပယောဂ၊စိတ်နေသဘောထားကို အဇ္ဈာသယဟု ပါဠိလိုခေါ်ပါသည်။
              ပရိတ်ရွတ်သောပုဂ္ဂိုလ်မှာ သမ္ပတ္တိခေါ် ပြည့်စုံခြင်းနှစ်မျိုး ရှိရမည်။ ပယောဂသမ္ပတ္တိနှင့် အဇ္ဈာသယသမ္ပတ္တိ။ ပယောဂသမ္ပတ္တိခေါ် ပရိတ်ပါဠိတော်၏ အနတ်အဓိပ္ပါယ် အမှန်သိမူ၊ ပုဒ်အက္ခရာမှန်ကိုရွတ်ဆိုနိုင်မူ လုပ်ရပ်ကောင်းနှင့် ပြည့်စုံပါ။ အဇ္ဈာသယသမ္ပတ္တိခေါ်လာဘ်လာဘကို မငဲ့ကွက်၊ နိဗ္ဗာန်ကို ဦးတည်၊ မေတ္တာ ကရုဏာအပြည့်(မေတ္တာ ကရုဏာပြဋ္ဌာန်းသော မဟာကုသိုလ်စိတ်) ထားရှိ ရွတ်ဆိုခြင်းဟူသော စိတ်နေစိတ်ထားကောင်းနှင့်လည်း ပြည့်စုံပါ၊
              သမ္ပတ္တိကို ပြောင်းပြန်ပြန်လျှင် ၀ိပတ္တိဖြစ်သည်။ အနတ်အဓိပ္ပါယ်လည်းမသိ၊ အက္ခရာမှန်လည်း မရါတ်နိုင် ဟူသော ပယောဂ၀ိပတ္တိ၊ လာဘ်လာဘငဲ့ကွက်ကာ ပရိတ်နာသူအပေါ် မေတ္တာ ကရုဏာမပါသော အဇ္ဈာသယ၀ိပတ္တိ၊ ဤနှစ်မျိုးရှိနေလျှင်  ပရိတ်ရွတ်ခြင်း ရည်ရွယ်ချက် မထမြောက်မအောင်မြင် အကျိုးမရှိနိုင်ပါ။ ၀ိပတ္တိဆိုသည်မှာ ပျတ်စီးခြင်း၊ မပြည့်စုံခြင်း ဖြစ်ပါသည်။
            ထို့ကြောင့် ဘေးအန္တရာယ်ကင်းရှင်း၍ စီးပွားဥစ္စာ ကျန်းမာ သုခ ရရှိစေရေး ဟူသော ပရိတ်တော် ရွတ်ဖတ်နာကြားရခြင်း၏ ရွည်မှန်းချက် အပြည့်အ၀ရရှိစေရေးအတွတ် ပရိတ်ရွတ်ဖက်သူဘက်မှ ရှိရမည် အင်္ဂါရပ်များ၊ သမ္ပတ္တိများကို ပြည့်စုံအောင် ဖြည့်ဆည်းထားဖို့လိုပါသည်။

ကထိန် အကြောင်းသိကောင်းစရာ


ကထိန်ဆိုသည်မှာ


ကထိန်ခင်းလှူသဖြင့် ရရှိသောအကျိုးတရားငါးပါးကို ပျက်စီးမသွားစေရန်
ခိုင်ခန့်စေတတ်သောကြောင့် ကထိန် ဟုခေါ်သည်။
ဘုရားစသော သူတော်ကောင်းအပေါင်းတို့က လေးစားကြည်ဖြူ
ချီးမွမ်းတော်မူကြသောကြောင့်လည်း ကထိန် ဟုခေါ်သည်။
အလှူမှာ ကထိန်၊ ဆွမ်းမှာပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ်ဟူ၍
ရှေးဆရာမြတ်တို့၏ တန်ဖိုးရှိလှသော စကားစဉ်ကို ဗုဒ္ဓဘာသာဝင်တိုင်း
ကြားဖူးနေကြဖြစ်သည်။
ထူးမြတ်ပါပေ့ ကထိန်အကျိုး
ကထိန်နှင့်ပတ်သတ်၍ ပကိဏ္ဏကကျမ်းမှာ­
အဆင်တန်ဆာအပြည့်အစုံနှင့်ဆင်ယာဉ်ရာချီ၍လှူသည့်အလှူ၊ မြင်းယာဉ်ရာချီ၍
လှူသည့်အလှူ၊ အဿတိုရ်အာဇာနည်မြင်းယာဉ် ရာချီ၍ပေးလှူသည့်အလှူ၊ (
ယခုခေတ်အရ အဆင့်အတန်းအမြင့်ဆုံး ကားယာဉ်စသည့်
ယာဉ်မျိုးစုံရာချီ၍လှူသည့်အလှူ) ၊ ဝတ်စားတန်ဆာရတနာအပြည့်အစုံ
ဆင်မြန်းထားသည့်မိန်းမပျိုရာချီ၍ လှူသည့် အလှူများသည်
ကထိန်ခင်းလှူ၍ရရှိသော ကုသိုလ်အကျိုးကို ၂၅၆ စိတ် စိပ်၍
တစ်စိတ်ကလေးကုသိုလ်ကိုမျှ မမှီနိုင်ဟု ရေးသားထားသည်။
ရတနာခုနှစ်ပါးတို့နှင့် အပြည့်အစုံစီခြယ်ထားသောရတနာပလ္လင်တော်ပေါင်း
၈သောင်း ၄ ထောင်နှင့်အတူ စုလစ်မွန်းချွန်အထွဋ်
တပ်လျှက်အဆင့်အတန်းအမြင့်ဆုံး ကျောင်းတော်များဆောက်လုပ်ကာ ဤ
ပထဗျာမြေပြင်မှနေ၍
အမြင့်ဆုံးဘုံဖြစ်သည့်အကနိဋ္ဌဗြဟ္မာနိုင်ငံတော်အထိ
ပြည့်နေအောင်ရှစ်သောင်းလေးထောင်မျှ အရေအတွက်ရှိကျောင်းတော်ကြီးများ
ဆောက်လုပ်လှူဒါန်းသည့်အလှူ၊ ထိုကျောင်းတော်ကြီးများထဲတွင် သင်္ကန်းသပိတ်
ပရိက္ခရာ ၈ပါး အပြည့်အစုံထည့်လှူသည့်အလှူ၊ ရတနာ ၇ပါးကိုစုပုံပြီး
ထိုအမြင့်ဆုံး နိုင်ငံတော်အထိမြင့်မားလောက်အောင် လှူသည့်အလှူများ သည်
ကထိန်တစ်ကြိမ်ခင်းလှူသည့်အလှူကို၂၅၆စိတ် စိပ်၍ရရှိသည့်
ကုသိုလ်တစိတ်ကလေးမျှကို မမှီနိုင်သေးကြောင်းဖော်ပြသည်။
အလှူမှာ ကထိန် …
အလှူမှာ ကထိန်အလှူဟာ အမြတ်ဆုံးဟူ၍ သတ်မှတ်မိန့် ကြားတော်မူကြသည်မှာ
အကြောင်းရှိသည်။
ဘာကြောင့်ကထိန်မြတ်သလဲ၊ ဒီမေးခွန်းနှင့်ပတ်သက်၍ စာရေးသူကိုယ်တိုင်
မှတ်ရလွယ်အောင် ကဗျာတစ်ပုဒ် စီကုံးထားပါသည်။
သံဃိကမို့ လှူကျိုးမြတ်သည်၊
ငါးပါးကျိုးတင့် တိုးဆင့်မြတ်သည်၊
ကာလဒါန လှူရမြတ်သည်၊
မိုးပေါ်ကျ ဒါနထူးမြတ်သည်။
သံဃိကမို့ လှူကျိုးမြတ်သည်။


ကထိန်အလှူဒါနသည် သင်္ကန်းအလှူဖြစ်သည်၊ ဒါယိကာ ဒါယိကာမ
များလှူဒါန်းကြသည့် သင်္ကန်းအများစုထဲမှ
သင်္ကန်းတစ်ထည် ဖြင့်သာ ကထိန်ခင်းလှူရပါသည်။ သံဃာတစ်ပါးအတွက် ဘုရားရှင်မှ
သင်္ကန်းသုံးထည်
အမြဲဆောင်ထားရန် ခွင့်ပြုခဲ့ပါသည်။ ပခုံးပေါ်တင်ရန် သို့မဟုတ် ခြုံလွှမ်းဝတ်ဆင်ရန်
(၁) ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်း (၂) ကိုယ်ပေါ်မှာ ဝတ်ရုံဆင်မြန်းရန် ဧကသီခေါ်
သင်္ကန်း (၃) အောက်ပိုင်းကိုယ်ဝတ်ခါးမှာ
ဆင်မြန်းဝတ်ရသည့် သင်းပိုင် အားဖြင့် သုံးထည်ဖြစ်သည်။
ထိုသုံးထည်တွင် တစ်ထည်တည်းဖြင့်သာ ကထိန်ခင်းရပါသည်။ ကထိန်လှူကြမည့်
ဒါယိကာ ဒါယိကာမ များက ကထိန်အ
တွက်ရည်မှန်းသော သင်္ကန်းလှူဖွယ်ကို လှူဆဲခဏမှာ ပုဂ္ဂိုလ်သို့
စိတ်မညွတ်စေဘဲ မိမိကထိန်ခင်းမည့် ကျောင်းတိုက်ရှိ သံဃာအားလုံးကို
စိတ်ညွတ်စေကာ သံဃာပိုင်ဖြစ်သွားအောင် သံဃာကို ရည်မှန်း၍ ကထိန်ခင်းရန်
သင်္ကန်းကို လှူတန်းရပါမည်။
သံဃာဟူသည် ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတို့ကို ဆိုလိုပါသည်။
ပုဂ္ဂိုလ်တဦးဦး အနေဖြင့် မဟုတ်တော၊့ ခင်မင်စရာ စွဲလန်းစရာ
မဖြစ်နိုင်တော့ပါ၊ (သို့မဟုတ် ဗုဒ္ဓ ဘုရားရှင်၏
သားအားလုံးသို့ရောက်အောင် စိတ်ညွတ်ပေးထားလိုက်ပါ)၊ ထိုကဲ့သို့
စိတ်ညွတ်လှူဒါန်းနိုင်လျှင် သံဃိက ဒါနအလှူဖြစ်ပြီး၊ ထိုအလှူသည်
ဥပါဒါန် အစွဲကင်းသည့် အလှူဖြစ်၍ ထူးခြားသည့် အလှူဟု
လည်းဆိုနိုင်ပါသည်။
ကထိန်အလှူရှင်များမှာ ကထိန်အလှူသင်္ကန်းကို သံဃိကဒါန ပေးလှူရသည်၊ ပြီးမှ
သံဃိက၊ သံဃာပိုင် ရလိုက်ပြီးဖြစ်သော ထိုသင်္ကန်းကို
ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတော်များက ဝိနည်းတော်နှင့်အညီ အဆင်းရဲဆုံး၊
အနွမ်းပါးဆုံး၊ အချို့တဲ့ဆုံး သံဃာကို ရွေးချယ်စိစစ် ၍ ထိုသင်္ကန်းကို
သိမ်ထဲတွင် ကမ္မဝါစာနှင့်ရွတ်ဆို အတည်ပြုကာ သံဃာ့ဆန္ဒနှင့်အညီ
ရွေးချယ်ထားသော ရဟန်းတော်အားကထိန် သင်္ကန်းကိုပေးအပ် ရမည်။
ထိုရဟန်းသည်လည်း ကထိန်အကြောင်းနှင့်ပတ်သက်၍ နားလည်/ကျွမ်းကျင်မှု
ရှိရမည်။ ကထိန်ခံယူမည့် ရဟန်းတော်မှာ ဝါကျိုးပျက်ခြင်းမျိုးလည်းမရှိစေရ။
ထိုကထိန် သင်္ကန်းကို ရရှိပိုင်ဆိုင်သော ရဟန်းတော်က
“အရှင်ဘုရားတို့ဤအပေါ်ရုံ သင်္ကန်းဖြင့် တပည့်တော်မှ ကထိန်ခင်းပါ၏” ဟု
နှုတ်မြွတ်ရွတ်ဆိုကာ “ဝိနည်းတရားတော်နှင့်အညီ
သံဃာတော်များအား ကထိန်ခင်းပြီးပါပြီ အရှင်ဘုရား၊
ထိုကထိန်အလှူအတွက် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူကြပါ”(သာဓုခေါ်တော်မူကြပါ)
ဟူ၍လျှောက်ထားရမည်။ ကျန်သံဃာတော်များမှ ထိုအလှူကို ဝမ်းမြောက်ပါ၏
ဟူ၍သာဓုခေါ်သည်နှင့်တပြိုင်နက်၊ အနုမောဒနာ သာဓုခေါ်သော ရဟန်းတိုင်း
နောက်ပိုင်းတွင်ဖေါ်ပြမည့် ဝိနည်းကံမှ(၅)လ လုံးလုံး
ကင်းလွတ်ခွင့်ရရှိကြသည်။
ကထိန်အလှူမွန်မြတ်ရခြင်းသည် ထိုကဲ့သို့ထူးခြား၍ သံဃာတော်များအားလာဘ်လာဘ
ဖြစ်ထွန်းကာ ချမ်းသာစေခြင်း
ကြောင့် မွန်မြတ်ရခြင်းဖြစ်ပါသည်။
ငါးပါးကျိုးတင့် တိုးဆင့်မြတ်သည်၊
သာသနာတော်တွင် မည်သည့်ဒါနမျိုးမှ ရှင်တော်ဗုဒ္ဓ ပညတ်ထားသော
သိက္ခာပုဒ်တော်ကို လျော့ပါး၍မရစေနိုင်ပါ၊ဤ
‘ကထိန်’ အလှူတစ်ခုကသာလျှင် အောက်၌ဖေါ်ပြမည့် ဝိနည်းသိက္ခာပုဒ်(၅)
မျိုးကို (၅)လအထိကျင့်သုံးစရာမလိုအပ်ပဲ
ကင်းလွတ်ခွင့်ရ ရှိပေသည်။
(၁) ရဟန်းတစ်ပါးသည် နေ့လည်နေ့ခင်းမြို့ထဲရွာထဲ ကြွချင်လျှင်
ကျောင်းတိုက်ရှိ ဆရာတော်(သို့မဟုတ်)ထင်ရှားရှိနေသည့်ရဟန်း
တော်တစ်ပါးပါးကို လျှောက်ထားပြီးမှ ကြွ၍ရသည်၊ မပန်ကြားပဲကြွပါက
အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၂) ရဟန်းတော်များမှာ နှစ်ထပ်သင်္ကန်း(ဒုကုဋ်) ကိုသွားရာတိုင်း
ယူဆောင်၍သွားရသည်၊ ယူဆောင်မသွားပါက ထိုသင်္ကန်းနှင့် နှစ်ရက်
သုံးရက်လောက် ကင်းကွာနေသော အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ
ကင်းလွတ်ခွင့်ရခြင်း။
(၃) ရဟန်းတော်တစ်ပါးကို ဒါယိကာ ဒါယိကာမ တစ်ဦးဦးက
ဆွမ်းစားမပင့်တတ်၍ တပည့်တော်တို့အိမ်ကို ထမင်းစားကြွပါဟု ပင့်သည်ကို
ဘုဉ်းပေးမိလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၄) ရဟန်းတစ်ပါးတွင်ရရှိလာသော မိမိပစ္စည်းကို (၁၀)ရက် အတွင်း
သတ်သတ်မှတ်မှတ် ရွတ်ဆိုစီစဉ်ထားခြင်းကို အဓိဋ္ဌာန်
ဝိကပ္ပနာပြုသည်ဟုခေါ်သည်။ ထိုကဲ့သို့ မစီစဉ်ထားပါက ၁၀ရက်ကျော်သည်နှင့်
အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၅) ဒါယိကာ ဒါယိကာမ တစ်ဦးဦးက ကျောင်းတိုက်သို့ ပစ္စည်းတစ်ခုခုကို သံဃိက
လာလှူခဲ့လျှင် ဧည့်သည် အာဂန္တုရောက်နေပါ ကဧည့်သည်အပါအဝင် ဝေစုကိုပေးရမည်၊
မပေးလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
ရဟန်းတော်များမှာ ဖေါ်ပြခဲ့သည့် အကျိုးတရားငါးမျိုးကို
ကထိန်အာနိသင်ရရှိသော အချိန်မှတပေါင်းလပြည့်နေ့အထိ
အပြစ် မသင့်ပဲ ခံစားခွင့်ရရှိသောကြောင့် ကထိန်အလှူသည် မွန်မြတ်လှပေသည်။
ရဟန်းတော်များမှာအကျိုးငါးပါးရရှိသကဲ့သို့
ကထိန်အလှူရှင်များမှာလည်းအကျိုးတရားငါးပါးကိုရရှိနိုင်ကြောင်း
ဆရာ့ဆရာ မထေရ်ကြီးများမှမိန့်ကြားတော်မူခဲ့ကြသည်။
ကထိန်လှူရမြတ်ဖလ မှတ်ကြပါလေ ငါးမျိုးပေ
(က) မပန်မကြား၊မခစား လာသွားနိုင်ပေ၊ ရပ်ထွေထွေ။
(ခ) ကိုယ်ပိုင်ဥစ္စာ၊ ထားလိုရာ၊ ထားပါလျှက်ပေ၊ ရန်ကင်းချေ။
(ဂ) ဝတ်စားဖုံဖုံ၊လွန်ပြည့်စုံ၊ကုံလုံကျက်သရေ၊လက်လက်ဝေ။
(ဃ)မိစ္ဆာအပင်း၊ရန်မျိုးကင်း၊ရှင်းရှင်းလွတ်ပေ၊ရန်မျိုးတွေ။
(င) စည်းစိမ်ဖြိုင်ဖြိုင်၊လွန်ကြံ့ခိုင်၊စိုးပိုင်လှပေ၊တင့်ဖြိုးဝေ။
( ဤကဗျာကို အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးရေးသည်ဟုမှတ်သားမိပါသည်။)
ကထိန်အလှူ ရှင်များသည်ဖြစ်လေရာဘဝတိုင်း၌…
(က) ဖြစ်လေရာပတ်ဝန်းကျင်တွင် ဇနီးသည်က ခင်ပွန်းသည်ကို၊ ခင်ပွန်းသည်က
ဇနီးသည်ကို၊ သားသမီးများက မိဘကို ကြောက်ရွံ့  စရာမလိုပဲ
မိမိတို့သွားလိုရာသို့ ချုပ်ချယ်ခြင်းကင်းစွာဖြင့်
လွတ်လွတ်လပ်လပ်သွားလာခွင့်ရနိုင်ခြင်း။
(ခ) မိမိပိုင်ပစ္စည်းကို ရန်သူမျိုးငါးပါးက မဖျက်ဆီးနိုင်ခြင်း၊
မေ့ကျန်ခဲ့သောပစ္စည်းနှင့် ပျောက်ဆုံးသွားသည့် ပစ္စည်းများကိုလည်း
အလွယ်တကူပြန်လည်ရရှိနိုင်ခြင်း။
(ဂ) အဝတ်အစားနှင့်ပတ်သက်၍ မမွေးခင်ကပင် လက်ဆောင်တပုံတပင်
ကြိုတင်ရရှိနေခြင်း၊ ခေတ်ပေါ်အကောင်းဆုံး
အဝတ်အထည်များကိုလည်း လိုသည်ထက်ပိုလွန်အောင်ရရှိခြင်း။
(ဃ) မလိုလားသူများမှ ပြုစား၍မရနိုင်ခြင်း၊ အစားအစာအဆိပ်အတောက်မဖြစ်နိုင်ခြင်း။
(င) ဖြစ်လေရာဘဝတွင် ဓနငွေကြေး၊အသုံးအဆောင်ပစ္စည်းဥစ္စာ ပြည့်စုံ
ပေါများကြွယ်ဝရခြင်း စသောကောင်းမြတ်သည့်
ကောင်းကျိုးများကိုရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။


ကာလဒါန လှူရမြတ်သည်၊
ကထိန်အလှူသည် ကာလဒါနအလှူဖြစ်၍ မွန်မြတ်သည်။ ဘုရားရှင်က ကထိန်အလှူကို
သီတင်းကျွတ်လပြည့်ကျော်(၁)ရက် မှတန်ဆောင်မုန်းလပြည့်နေ့အထိ
တစ်လခွင့်ပြုသည်။ အချိန်အခါနှင့် ကန့်သတ်၍သာလှူခွင့်ရှိသော
ရှားရှားပါးပါး လှူရသော ဒါနမျိုးဖြစ်၍ ထူးမြတ်သည်။
ထိုခွင့်ပြုချက်တစ်လတွင် ကြိုက်ရာရက်တစ်ရက်၊ ထိုတစ်ရက်တွင်လည်း
တစ်ကြိမ်သာ လှူရသောဒါနထူးဖြစ်သည်။ လှူသည့်အခါတွင်လည်း
ယနေ့လှူသောကထိန်သင်္ကန်းကို ကထိန်အလှူခံ သံဃာတော်များ အနေဖြင့်
ယနေ့ပင်လျှင် ဝိနည်းကံနှင့်အညီ နေ့ချင်းပြီး ကထိန်ခင်းရသည်။
နောက်နေ့အရုဏ်ကူးသွားလျှင်ထိုသင်္ကန်းသည် ကထိန်ခင်းနိုင်ခြင်း မရှိတော့ဘဲ
ပုပ်သိုးသွားတော့သည်။ထို့ကြောင့် ကထိန်သင်္ကန်းကို မသိုးသင်္ကန်းဟူ၍လည်း
တင်စားခေါ်ဝေါ်ကြသည်။
မိုးပေါ်ကျ ဒါနထူးမြတ်သည်။
ကထိန်အလှူသည် အလွန်သန့်ရှင်းဖို့လိုအပ်ပါသည်။ ကျောင်းတိုက်ရှိ
ရဟန်းတစ်ပါးပါးက ‘ဒကာမကြီးတို့ ဦးဇင်းတို့ကျောင်း မှာဒီနှစ်
ကထိန်မရှိဘူး’ ဟု ကထိန်ရချင်၍ ကြိုတင်ကာ
ရေလာမြောင်းပေးသဘောမျိုးနှင့် ပြော၍ခင်းပေးသော ကထိန်အလှူသည်
ကထိန်မမြောက်တော့၊ ကထိန်မဟုတ်တော့ပေ။
ထိုကထိန်ကိုခံယူမည့်ကျောင်းမှ သံဃာတော်တစ်ပါးပါးက
နှုတ်မြွတ်ပြောကြားခြင်းမပါရှိပဲ မိုးပေါ်ကျ မိုးရေပေါက် မိုးရေစက်
ကဲ့သို့ အငြိအတွယ်ကင်းပြီး သဒ္ဓါ သန့်သန့်စင်စင်ဖြင့်လာလှူသော
အလှူမျိုးဖြစ်ရမည်။ ထိုကဲ့သို့ စင်ကြယ်သော အလှူဖြစ်ခြင်းကြောင့်
ကထိန်အလှူသည် မွန်မြတ်ပေသည်။

ကထိန်ဖြစ်ရန် အကြောင်းဖန်

ကထိန်ဖြစ်ပေါ်လာရသောသမိုင်းကြောင်းနောက်ခံမှာဤသို့ဖြစ်သည်….။
စိုစွတ်သည့် မိုးရာသီသုံးလအတွင်း ခရီးသွားလာခြင်းရပ်ဆိုင်း၍
ကျောင်းတိုက်ထဲတွင် ဝါဆိုဝါကပ်ကာ ပရိယတ်၊ ပဋိပတ်
သာသနာ့အလုပ် ကိုအားထုတ်တော်မူကြသည့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား
ဝါကျွတ်ပြီးသည်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားဝယ်နိုးကြားလာသည်ကား
“ကထိန်လှူမည်” ဟူ၍ဖြစ်သည်။
ထိုကထိန်အလှူ လှူဖြစ်ရန် အကြောင်းက ရှေးခတ်တုန်းက
သင်္ကန်းအလွန်ရှားပါးခဲ့ကြသော ကောသလ ဘုရင်မင်းနှင့် အဖေတူ အမေကွဲ
ညီနောင်ရဟန်းသုံးဆယ် တို့ကို အကြောင်းပြု၍ ရှင်တော်ဘုရားက ထိုအလှူကို
ခွင့်ပြုတော်မူခဲ့ပေသည်။
ဘုရားရှင်သည် သာသနာပြုခရီး တစ်ထောက်ကြွချီတော်မူရင်း
ကပ္ပါသိကတောအုပ်အတွင်း ထိုညီနောင် သုံးဆယ် တို့ကို
တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။
ထိုညီနောင် သုံးဆယ်တို့သည် ချစ်ဇနီးမယား ကိုယ်စီနှင့် တောအုပ်ထဲသို့
ပျော်ပွဲစားထွက်ကြခြင်းဖြစ်သည်။ သုံးဆယ်ထဲတွင် တစ်ဦးသော မင်းသားမှာ
ကိုယ်ပိုင်ဇနီးမယားမရှိ၍ အပျော်မယ်တစ်ဦးကို ငှါးရမ်းခေါ်ဆောင်လာခဲ့ခြင်းက
မင်းသားသုံးဆယ်တို့ကိုကျွတ် တမ်းခရီးဆီတို့ ဦးတည်စေခဲ့ခြင်းဖြစ်သည်။
မင်းသားသုံးဆယ်တို့သည် တောအုပ်အတွင်း ပျော်ပွဲကြီး ဆင်ယင်ကျင်းပရင်း
မောပန်းကာ အိပ်မောကျ ကုန်ကြသည်။ အပျော်မယ်ကတော့ မအိပ်ပျော်နိုင်ပေ။
သူမမှာ မင်းသားတို့လောက် မပြည့်စုံသည့်အတွက် အကွက်ကောင်းကို
ချောင်းကာသောက်စား ယစ်မူး၍ အိပ်ပျော်နေကြသော မင်းသားတို့၏
ကောင်းနိုးရာရာ ရတနာများကို ချွတ်ယူထွက်ပြေးလေသည်။ အိပ်ရေးဝ၍
နိုးထလာမှ အကြောင်းစုံသိရှိရပေသည်။
ထိုအမျိုးသမီးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ အသေသတ်ရန်
ဓါးလှံတဝင့်ဝင့် ရှာပုံတော်ဖွင့်ကြတော့သည်။
သို့ရာတွင် ရှာသည်က အပျော်မယ်၊ တွေ့သည်က ရှင်တော်ဗုဒ္ဓ…။
ရှင်တော်ဗုဒ္ဓကို ဝိုင်း၍ မေးကြတော့သည်၊
အရှင်ဘုရား…… ဤနေရာမှ အမျိုးသမီးတစ် ဦး ရတနာထုပ်နှင့် ပြေးသွားသည်ကို မြင်လိုက်ပါသလား….တဲ့…။
သတ္တဝါတို့၏ ဣနြေ္ဒအနု အရင့်ကို ဖန်ခွက်ထဲတွင်ရေကို မြင်သကဲ့သို့
ကောင်းစွာမြင်နိုင်တော်မူသော ဗုဒ္ဓက၊ မင်းသားတို့ အား
မိန်းမပျောက်ကိုရှာတာနှင့် မိမိကိုယ်ကို ရှာတာ ဘယ်ဟာကအကျိုးရှိသနည်းဟု
မေးခွန်းစတင်လိုက်ရာ ပါရမီရှင် မင်းသားများအ လိုအလျောက်
ဒူးများကွေးညွတ်သွားရင်း မိမိကိုယ်တိုင်ပင် မိမိကိုယ်တွင်ရှာတာ
ကောင်းကြောင်းပြိုင်တူလျှောက်ထားမိကြသည်။
ရှင်တော်ဗုဒ္ဓ မိန့်ခွန်းတော်မြတ်သည်၊ မင်းသားတို့အတွက်
မဂ်ဖိုလ်လမ်းကို ဖြောင့်တန်းစေခဲ့သည်။ သူတို့သည်
ယခင်ဘဝများစွာသံသရာ တစ်ကွေ့က ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် တုဏ္ဍိလ
ဝက်ဘဝဖြစ်ခဲ့ရသည့်တချိန် ပျော်ပွဲစားပြုလုပ်ရန် ဝက်သားလို အပ်၍
ဗုဒ္ဓအလောင်းတော်ဝက်နှင့် ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေးတို့အား
ဝက်ပိုင်ရှင် အဖွါးအိုကို အရက်တိုက် ကာရောင်းစေခဲ့သည်။
ထိုအခါ ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေး သေဘေးကိုကြောက်လှ၍
နောင်တော်အနားတွင် ငိုယိုသည်ကိုတရား
စကားပြောရင်း ထိုမင်းသားညီနောင်သုံးဆယ်တို့အားလည်း တရားသံဝေဂ
ရစေခဲ့သည့်အပြင် တစ်သက်လုံး ဒါန၊ သီလ၊ ကုသိုလ် တိုး ပွားစေခဲ့သည်။
ထိုပါရမီမျိုးစေ့တို့သည် ယ္ခုဖူးပွင့်ခွင့် ကြုံရပေပြီ။
ဗုဒ္ဓစကားသည် ဟုတ်မှန်ပေသည်။ တစ်သံသရာလုံး ကိုယ့်ခန္ဓာကို
ဥာဏ်နဲ့ရှာကြည့်ရန်ကို မရှာတတ်၊ ရှာရကောင်းမှန်းမသိ၍ သူ များကိုပဲ
ရှာဖွေခဲ့ကြသည်။ သူများကိုရှာသဖြင့် မိမိတွင် ဒုက္ခရှည်ရန်
ဖန်တီးစုဆောင်းကြသည်။ အကုသိုလ် အပြစ်ကြွယ်သထက် ကြွယ်အောင် နေ့ရောညပါ၊ နေ့မအားညမနား စုဆောင်းတတ်ခဲ့ကြသည်။ အကြောင်းပြည့်စုံသည်နှင့် ထိုအကြောင်းများက အကျိုးတရားတစ်ခုစီ ထုတ်လုပ်ပေးသည်ကို အပါယ်တွင် ခါးစည်း၍ခံစားခဲ့ရသည်။ အိုဘေးတွေ အထပ်ထပ်၊ နာဘေးတွေ အဖုံဖုံ၊ သေဘေးတွေ အလောင်းချင်းထပ် မြေကြီးထု ယူဇနာချီ တိုးတက်လာအောင် အကြောင်းတွေကို အကျိုးလုပ်ပြီး ပေးဆပ်ခဲ့ရသည်မှာ ဆိုတာမသိတော့လောက်အောင်ဖြစ်ခဲ့ပြီ။
မိမိကိုယ်ထဲ ဥာဏ်နဲ့ရှာကြည်တော့မှ ငါမတွေ့ သူမတွေ့ပဲ ဖေါက်ပြန်ပြောင်းလွဲနေသည့် ရုပ်၊လက်သင့်ခံစားနေရသည့်ဝေဒနာ၊ အမှတ်အသားပြုပေးနေရသည့် သညာ၊မှတ်နှိုင်ဖို့ခံစားနှိုင်ဖို့ သိနှိုင်ဖို့ အမြဲတမ်းတွန်းအားပေး နေရသည့် သင်္ခါရ၊မသိပဲနေ၍မရ သိပေးနေရသည့် စိတ် အပေါင်းအစုကိုသာ တွေ့ရှိနေရပေသည်။
တရားနှင့်ကြည့်ရင်းက သူတို့၏ခန္ဓာတွင်အရှုခံ တရားလေးတွေ၏မမြဲမှုကို
ရှုဥာဏ်နှင့် ကောင်းကောင်းမြင်၊ မကြည့်ချင်တော့ လောက်အောင်
ဥာဏ်မုန်းမုန်းကာ၊ ဒုက္ခဆုံးသွားတော့မှ ဒုက္ခကုန်ဆုံးရာ နိဗ္ဗာန်ကို
ဥာဏ်အမြင်နှင့် မြင်တွေ့ သွားကြပေလိမ့်မည်။
နိဗ္ဗာန်ကိုမြင်ရမှ ဒုက္ခဖြစ်ကြောရှည်အဖြစ်မှ
လွတ်မြောက်ကြောင်းကိုသဘောပေါက်ကြလိမ့်မည်။
ပါရမီရှင် မင်းသားသုံးဆယ်တို့မှာ ရှင်တော်ဗုဒ္ဓ၏ သစ္စာစကားအဆုံးမှာ
သောတာပန်အောက်မနည်း အနာဂါမ်ထက်မပို မင်းသားအားလုံးသည်ပင် အရိယာစင်စစ် ဧကန်ဖြစ်သွားကြတော့သည်။ ရဟန်းပြုပေးရန်တောင်းပန်မှုကြောင့် ‘ဧဟိဘိက္ခု’
ရဟန်းတော်များဖြစ်ခဲ့ကြရသည်။ ရဟန်းဖြစ်ဖို့ရန် ပင်ပန်းခြင်းမရှိသည်မှာ
အတိတ်ဘဝ တစ်ချိန်ချိန်က သင်္ကန်းသပိတ်လှူခဲ့သော ပါရမီကုသိုလ်မျိုးစေ့
စိုက်ခဲ့မှုကြောင့်ဖြစ်၏။ ထိုကဲ့သို့ ကုသိုလ်မျိုးမရှိပါက သပိတ်သင်္ကန်း
မပြည့်မချင်း လိုက်ရှာနေရပေအုံးမည်။ ယ္ခုတော့ ရှင်တော်ဗုဒ္ဓက
လူဝတ်ကြောင်ဖြစ်သောထိုသူတို့ကို ‘ဧဟိဘိက္ခု’ ‘ချစ်သားရဟန်း လာခဲ့လော့’
ဟုခေါ်လိုက်သည်နှင့် လူ့အသွင်ပျောက်ကာ အားလုံးသပိတ်လွယ်ပြီးသား င်္ကန်းဝတ် ရုံပြီးသား အဆင်သင့်ရဟန်းတော်များဖြစ်ခဲ့ကြသည်။ ထိုမင်းသားသုံးဆယ်တို့အရိယာဖြစ်သွားပြီးနောက်သာသနာမှာခိုင်မာစွာရပ်တည်
နေနိုင်ပြီဟုသိရှိတော်မူပြီးသောရှင်တော်ဗုဒ္ဓသည်သာသနာပြုခရီးဆက်လက်ကြွချီတော်မူခဲ့တော့သည်။
ထိုရဟန်းတော်မြတ်အသစ်စက်စက်သုံးဆယ်တို့သည်
အရိယာအဖြစ်နှင့်တစ်ကြိမ်မျှသာ ဖူးခွင့်ရလိုက်သည့် ဗုဒ္ဓရုပ်ပုံတော်၊
တစ်ကြိမ်မျှသာ နာကြားခွင့်ရလိုက်သော ချိုမြိန်ကောင်းမြတ်လှသည့်
တရားတော်အသံတို့ကို ဆက်လက်ဖူးမြှော်လို၊ နာကြားလိုသောသဒ္ဓါ
ဆန္ဒပြင်းပြစွာနှင့် ရှင်တော်ဗုဒ္ဓရှိရာဆီမှန်းပြီး ခရီးလှမ်းရင်း
သာဝတ္တိမြို့မှ ဇေတဝန်ကျောင်းတော် မရောက်မှီသာကေတမြို့မှာ
ဝါဆိုဝါကပ်တော်မူခဲ့ကြသည်။
သာဝတ္တိနှင့် သာကေတမြို့မှာ ၆­ ယူဇနာ ဝေးကွာသည်။
နို့စို့ကလေးအမေနှင့်ခွဲနေရသကဲ့သို့ တရားနို့ ဆာလောင်စွာနှင့် ဝါဆိုဝါကပ်နေခဲ့ ရပေသည်။ ဝါကျွတ်သည်နှင့်ခရီးဆက်ခဲ့ကြသည်။
မိုးကမပြတ်တတ်သေး၊ရွံ့နွံ့စေးပေါများ၊လျှိုမြောင်တောင်ကြား
စမ်းအိုင်များကို ဖြတ်ကျော် လာခဲ့ကြရသော နုနယ်သော မင်းသားတဖြစ်လဲ
ရဟန်းတော်များမှာ အလွန်ပင်ပန်းကာ သင်္ကန်းများလည်း မိုးရေစိုရွှဲ၍
လဲစရာနတ္ထိ သနားစရာအတိနှင့် ရှင်တော်ဗုဒ္ဓရှေ့တော်မှာ ပြားပြားမှောက်ကာ
ဝပ်ချဖူးမြှော်နေကြသည်ကို ဧည့်ဝတ်စကားမိန့်ချွေကြားရင်း အတိုင်းမသိ
သနားခြင်းရှိသော ရှင်တော်ဗုဒ္ဓသည် ထိုမင်းသားသုံးဆယ်တို့ကိုအကြောင်းပြုကာ
သာသနာတော်အတွက် အရှည်ကိုရည်မြှော်လျှက် ဤထူးခြားသည့်ကထိန်အလှူတော်ကို
ခွင့်ပြုတော်မူခဲ့ပေသည်။
ထို့ကြောင့်ဗုဒ္ဓဘာသာဝင်တိုင်းသည် သာသနာတော်နှင့်ကြုံခိုက်
အလှူမျိုးစုံကို လှူဖူးစေရန် ကြိုးစားသင့်သည်ဖြစ်သလို၊ ဤထူးခြားလှ သည့်
ကထိန်အလှူကိုလည်း ရှင်တော်ဗုဒ္ဓ ခွင့်ပြုတော်မူခဲ့သည့်
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစ၍ ခဝဲပန်းတို့လှိုင်လှိုင်ပွင့်သည့်
တန်ဆောင်မုန်းလပြည့်နေ့ အထိတစ်လအတွင်း မိမိကထိန်ခင်းလိုသော
ရက်ကိုရွေးချယ်၍ ဒုက္ခခပ်သိမ်းကင်းလွတ်ရာ
မသေပန်းတို့လှိုင်လှိုင်ပွင့်နေသည့် သန္တိဓာတ်နိဗ္ဗာန်ကို
ရည်မှန်းတောင့်တပြီး လှူဒါန်းနိုင်ကြပါစေ ဟု ဆန္ဒပြုရင်း ဤကထိန်အကျိုး
ဆောင်းပါးရေးသား ပူဇော်လိုက်ရပေသည်။
အလှူမျိုးစုံ၊ ကောင်းမှုထုံ၊ အကုန်ရရှိကြပါစေ။
နိဗ္ဗာန်စခန်း၊ ရည်မျှော်မှန်း၊ လှူဒါန်းတတ်ပါစေ။
အသေလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ ဥာဏ်လင်းပေါက်ပါစေ။
မေတ္တာဖြင့် …............................................ သစ္စာပါရမီ အရှင်ဇယတိဿ (စင်္ကာပူ)