ဒီနေရာလေးကို

Friday, March 18, 2011

“လူချမ်းသာစစ်စစ်ဆိုတာ”

“လူအမျိုးမျိုး စိတ်အဖုံဖုံ” ဆိုတဲ့ လောကဆိုးရိုးစကားအတိုင်းပါပဲ။ လောကမှာ ချောမောတဲ့ လူတန်းစား အလွှာအမျိုးအမျိုး၊ မလှပတဲ့ လူတန်းစား အလွှာမျိုးမျိုး၊ ချမ်းသာတဲ့ လူတန်းစား အလွှာအမျိုးမျိုး၊ ဆင်းရဲတဲ့ လူတန်းစား အလွှာအမျိုးမျိုး စသည် စသည် အားဖြင့် များစွာရှိပါတယ်။
ဒီနေရာမှာ လောကအမြင်နဲ့ ဗုဒ္ဓအမြင်တို့အရ လူချမ်းသာ ဆိုတာ ဘယ်လိုလူစားလဲ၊ သူဆင်းရဲ ဆိုတာ ဘယ်လိုလူစားလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။ အကျဉ်းအားဖြင့်တော့ လောကအမြင်အရ လူချမ်းသာဆိုတာဟာ ပစ္စည်းဥစ္စာများစွာရှိတဲ့သူကို လူချမ်းသာလို့ ဆိုပါတယ်။ ဒီတော့ ဗုဒ္ဓအမြင်အရရော လူချမ်းသာဆိုတာ ဘယ်လိုလဲဆိုတာကို အောက်မှာ တွေ့ပါလိမ့်မယ်။ လေ့လာပြီးရင်တော့ လူချမ်းသာ ဖြစ်ချင်တဲ့ သူတစ်ယောက်အနေနဲ့ လူချမ်းသာဖြစ်အောင် ကျင့်ကြံလုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ကျင့်ကြံဖို့ လိုအပ်ပါလိမ့်မယ်။
စာရေးသူ တက်ရောက်နေတဲ့ Sri Lanka International Buddhist Academy (SIBA) မှာ Sri Lanka Association of Buddhist Studies (SLABS) 4th Bi-Annual International Conference နှစ်လေးကြိမ်မြောက်ပြည့် အပြည်ပြည်ဆိုင်ရာ ညီလာခံပွဲကြီး ဒီဇင်ဘာ ၁၀၊ ၁၁၊ ၁၂ ဆိုပြီး သုံးရက်မြောက် ကျင်းပသွားပါတယ်။
စာရေးသူရဲ့ ဘ၀မှာ ပထမဆုံး ညီလာခံပွဲကြီးကို ကြုံတွေ့ရတာပါ။ ပြီးတော့ ကိုယ့်တက္ကသိုလ်မှာ လာပြီးကျင်းပဖြစ်တော့ ပိုပြီးပျော်ရွှင်မိပါတယ်။ ဪ…ဗုဒ္ဓဘာသာ လေ့လာမှု့နဲ့ပတ်သက်ပြီး ကျင်းပတဲ့ ညီလာခံဆိုတာ ဒီလိုကျင်းပတာပါလား။ အရည်အချင်းပြည့်ဝတဲ့ ပါမောက္ခတွေ နိုင်ငံတကာက လာရောက်ဟောပြော ဆွေးနွေးကြပါလားဆိုတာ ကိုယ်တိုင် တွေ့မြင် ခံစားသိရှိရတာပါ။
စာရေးသူတို တက္ကသိုလ်မှာ ကျင်းပတာဆိုတော့ စာရေးသူတို ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ဆောင်ရွက်စရာရှိတာများကို ဆောင်ရွက်ကူညီလုပ်ဆောင်ကြရပါတယ်။ တက်တက်ကြွကြွနဲ့ပေါ့။ ဒါကြောင့်မို့လည်းပဲ စာရေးသူအနေနဲ့ ပါမောက္ခတွေ ဆွေးနွေးဟောပြောတဲ့ ခန်းမထဲကို မရောက်ဖြစ်ပါဘူး။ ခုံများပြည့်နှက်နေတာကလည်း တစ်ကြောင်းပေါ့။ ဒီလိုနဲ့ နောက်ဆုံးနေ့ ၁၂ ရက်နေ့ရောက်လာပါတယ်။ နောက်ဆုံးနေ့တော့ ငါ ဆရာတွေဟောပြောမယ့် Lecture တွေ နားထောင်ဦးမှာပဲ၊ သူတို့ ဘယ်လို ခေါင်းဆောင်ကြသလဲ၊ သူတို့ ဘယ်လိုဟောပြောကြလဲ၊ သူတို့ ဘာတွေပြောဟောပြီး ဘယ်လို ဆွေးနွေးကြသလဲ၊ ငြင်းခုန်ကြသလဲဆိုတာက သိအောင်လေ့လာဖို သွားနားထောင်မှပဲလို့ ဆုံးဖြတ်ပြီး ဘယ် ခန်းမမှာ ဘယ်ဆရာာတွေ ဘယ်လို ခေါင်းစဉ်တွေဆွေးနွေးကြမလဲဆိုတာကို သိဖို့ Session ကြည့်လိုက်တော့ စာရေးသူရဲ့ တက္ကသိုလ် ဟောပြောမယ့် အခန်း ခေါင်းစဉ်ကို သွားတွေ့ပါတယ်။
ဟောပြောမယ့် ခေါင်းစဉ်က Healthy Thinking and Healthy Action: An Investigation into the Positive Thinking Concepts in Early Buddhist Texts.-by Prof. G.A. Somaratne. ပါ။
ဒီနေရာမှာ ပါမောက္ခဟောပြောသွားခဲ့အထဲက တစ်ခုထဲကိုပဲ စာဖတ်သူကို ပြန်ပြောချင်လို့ပါ။ ပါမောက္ခက သူ့ဟောပြောချက်ထဲမှာ “လူချမ်းသာတွေပဲ သစ္စာလေးပါးကို နားလည်သဘောပေါက်နိုင်ပြီး နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်လို့” ပြောသွားတာပါပါတယ်။ ဆရာဟောပြောပြီးလို့ General Discussion or Comment လုပ်ကြတဲ့အခါမှာ တစ်ခြားနိုင်ငံက ပါမောက္ခတစ်ယောက်က ထပြီး မေးခွန်းထုတ်ပါတယ်။ သူ့မေးခွန်းက…….
“ဗုဒ္ဓရဲ့ သစ္စာလေးပါးကို လူချမ်းသာတွေပဲ နားလည်သဘောပေါက်နိုင်တယ်လို့ သင်ပြောပါတယ်။ ဒါဆိုရင် ဗုဒ္ဓရဲ့ သစ္စာလေးပါးကို လူဆင်းရဲတွေအနေနဲ့ နားလည်နိုင်စွမ်းမရှိဘူးပေါ့။ အဲဒီလို ဗုဒ္ဓကိုယ်တိုင်ကကော ဟောပြောခဲ့လား။ သင်ရော ဒီလိုအခိုင်အမာပြောသလား။” လို့မေးပါတယ်။ သှု့ရဲ့ သာဓကက လောကကြီးမှာ လူဆင်းရဲက များပါတယ်။ လူချမ်းသာတွေထက်ဆိုရင်ပေါ့။ ဒါဆိုရင် သူဆင်းရဲများအနေနဲ့ ဗုဒ္ဓရဲ့ တရားတော်များကို လေ့လာနေတာ အကျိုးမရှိဘူးပေါ့။ အလကားပဲ”
ဒီတော့ ပါမောက္ခ ပြန်ဖြေလိုက်တာလေးကို ဖတ်ကြည့်ရအောင်ပါ။
“ဗုဒ္ဓရဲ့ အလိုတော်အရ ပစ္စည်း ဥစ္စာပေါများတဲ့ လူတစ်ယောက်ကို လူချမ်းသာစစ်ဖြစ်တယ်လို့ မပြောသလို၊ စားဖို့၊ သောက်ဖို့၊ ၀တ်ဖို့ မရှိအောင် ဆင်းရဲ နွမ်းပါးနေတဲ့ လူတစ်ယောက်ကိုလည်း လူဆင်းရဲစစ်စစ်ဖြစ်တယ်လို့ မဆိုလိုပါဘူး။ လူတစ်ယောက်မှာ ပစ္စည်းဥစ္စာ မရှိရင်နေပါစေ သူ့မှာ ပညာ-အရာရာကို ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်တဲ့ သာရှိမယ်ဆိုရင် သူ့ကို လူဆင်းရဲလို့ မခေါ်ပါဘူး။ သူဟာ တကယ် လူချမ်းသာတစ်ယောက်ပါ။ လူတစ်ယောက် ချမ်းသာတယ်။ ဆင်းရဲတယ်ဆိုတာကို ပစ္စည်းဥစ္စာနဲ့ မတိုင်းတာပါဘူး၊ အသိပညာနဲ့ပဲ တိုင်းတာပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားကို အသိပညာ ရှိတဲ့ လူချမ်းသာများသာ နားလည်သဘောပေါက်နိုင်တယ်လို့ ဆိုလိုတာပါ” လို့ ပြန်လည်ရှင်းပြလိုက်ပါတယ်။
ဟုတ်ပါတယ်။ ပြည့်စုံတဲ့ ဉာဏ်ပညာရှိမှသာ နက်နဲတဲ့ ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားတော်ကို ထိုးထွင်းပြီးမြင်နိုင် သိနိုင်မှာပါ။ အသိဉာဏ်ပညာမရှိတဲ့သူ ဘယ်လိုဟောဟော ဘယ်လိုကျင့်ကျင့် နားမလည်နိုင်ပါဘူး။
စာဖတ်သူ သင့်မှာ များသောဥစ္စာများ မရှိလို့ သင်ဟာ လူဆင်းရဲတစ်ယောက်ဖြစ်ပါတယ်ဆိုတဲ့ သတ်မှတ်ချက်ကို မြန်မြန်ကြီး မဆုံးဖြတ်လိုက်ပါနဲ့၊ သင့်မှာ အရာရာကို အကောင်းမှန်း၊ အဆိုးမှန်းခွဲခြားသိမြင်နိုင်တဲ့ ဉာဏ်ပညာရှိနေမယ်ဆိုရင် သင်ဟာ တကယ့် လူချမ်းသာတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။
“လူတစ်ယောက်မှာ ပစ္စည်း ဥစ္စာ တစ်စိုးတစိမျှ မရှိရင်နေပါစေ၊ အသိဉာဏ် ပညာ လေးသာရှိနေမယ်ဆိုရင် သူဟာ တကယ့်လူချမ်းသာတစ်ယောက်ဖြစ်ပါတယ်” ဆိုတဲ့ response ဖြေကြားချက်လေးကို ကြားလိုက်စဉ်မှာပဲ စာရေးသူရဲ့ ခေါင်းထဲကို သုပ္ပဗုဒ္ဓ က အပြေးကလေးဝင်ရောက်လာပါတော့တယ်။ ငါ့ကို သာဓကကြည့်ပြီး သင့်ဆရာဖြေကြားချက် မှန်တယ်ဆိုတာ လက်ခံလိုက်ပါလို့လည်း သုပ္ပဗုဒ္ဓက စာရေးသူကို အသိပေးနေသလိုပါပဲ။
တကယ်တော့ စာရေးသူ Lecture သွားနားမထောင်ခင်ကလေးမှာ သုပ္ပဗုဒ္ဓနဲ့ စကားပြောဖြစ်ခဲ့ပါသေးတယ်။ ဒါကြောင့်လည်းသူဟာ ချက်ချင်း အတွေးထဲမှာ ပေါလာတာပါ။ တကယ်တော့ သုပ္ပဗုဒ္ဓက တစ်ခြားသူ မဟုတ်ပါဘူး။ ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်က ကုဋ္ဌနှုနာသည်တစ်ယောက်ပါ။ သုပ္ပဗုဒ္ဓအကြောင်းလေးကို ဖတ်ကြည့်ရအောင်ပါ။
သုပ္ပဗုဒ္ဓဟာ စားစရာမရှိအောင် ဆင်းရဲမွဲတေနေတဲ့ ကုဋ္ဌနှုနာဆွဲနေတဲ့ သူတောင်းစားတစ်ယောက်ပါ။ တစ်နေ့တော့ ဗုဒ္ဓမြတ်စွာက များစွာသော လူအများကို တရားဓမ္မဟောကြားနေပါတယ်။ အခုခေတ်လို ရပ်ကွက်များရဲ့ လမ်းအတွင်းမှာ ဟောပြောနေကြတဲ့ တရားပွဲလို ထင်ပါတယ်။ ဒီလိုနဲ့ သုပ္ပဗုဒ္ဓကလည်း အစားအသောက် တောင်းရမ်းဖို့ထွက်အလာ များစွာသော လူအုပ်ကြီးကိုတွေ့တော့ သိပ်ပျော်သွားပါတယ်။ အင်း…အလှုအတန်းကြီးတစ်ခုပြုနေတယ်နဲ့တူတယ်။ ငါ့အတွက် စားဖို့ တစ်စုံတစ်ခုတော့ ရနိုင်တယ်လို့ မျှော်တွေးပြီး လူအုပ်ကြီးရှိရာကို လာပါတယ်။ အနားလည်းရောက်ရော ဗုဒ္ဓမြတ်စွာက တရားဟောနေတာသိတော့ ရိုရိုသေသေပဲ တရားနာကြားပါတယ်။ တရားပွဲလည်းဆုံးရော သူဟာ သောတာပန်တည်သွားပါတယ်။ တရားပွဲလည်းပြီးရော သူကစဉ်းစားတယ်။ အင်း ငါဒီနေ့ထမင်းလည်း မစားရသေးဘူး။ ရပ်ကွက်ထဲတော့ မတောင်းတော့ပါဘူးကွာ၊ ဇေတ၀န်ကျောင်းမှာရှိတဲ့ သံဃာတော်တော်များရဲ့ ဆွမ်းကျန်ပဲ တောင်းစားတော့မယ်ဆိုပြီး ဘုရားနောက်ကို ထမင်းတနပ်စာရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ကလေးနဲ့ လိုက်သွားပါတယ်။ ဇေတ၀န်ကျောင်းပေါက်နားလည်းရောက်ရော……………
သိကြားမင်း………။ “ဟေ့ကောင် မင်းက အနှုတစ်ယောက်ပဲကွ၊ ကျောင်းထဲကို မ၀င်နဲ့”
သုပ္ပဗုဒ္ဓ……….။ “ဟ…. ဘာဖြစ်လို့လဲကွ”
သိကြား………။ “မင်းလို နှုနာစွဲနေတဲ့ လူနဲ့ အလွန်တရာမြတ်လှတဲ့ ဒီဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးနဲ့ မသင့်တော်ဘူး။ မတန်ဘူးကွ”
သုပ္ပဗုဒ္ဓ……..။ “ဟ.. ဘယ်နှယ့် ငါနဲ့ မတန်ရမှာလဲကွ၊ ဘုရားက င့ါဘုရား၊ တရားက ငါ့တရား၊ သံဃာက င့ါသံဃာကွ၊ ရတနာ သုံးပါးဟာ င့ါရဲ့ ကိုးကွယ်ရာကွ”
သိကြားမင်း………။ “ဟေ့ သုပ္ပဗုဒ္ဓ မင်းအခု ဘယ်သွားမလို့လဲကွ”
သုပ္ပဗုဒ္ဓ……..။ “င့ါဆရာ ဘုရားဆီ သွားမလို့ကွ”
သိကြား………။ “မင်းကွာ ဒီလောက်ဆင်းရဲမွဲတေနေတာ ထမင်းတစ်နပ်စာစားရဖို့တောင် သူများဆီ တောင်းရမ်းစားသောက်နေရတာ အခု မင်းကို တစ်သက်စားလို့မကုန်အောင် ငါပိုက်ဆံတွေ အများကြီးပေးမယ် ဒါပေမယ့်၊ ဘုရားကို ဘုရားစစ်မဟုတ်ဘူး၊ တရားကို တရားစစ်စစ် မဟုတ်ဘူး၊ သံဃာကို သံဃာစစ်စစ်မဟုတ်ဘူး။ ဘုရား၊ တရား၊ သံဃာကို ဘုရား တရား သံဃာ မဟုတ်ဘူးလို့ မင်းယုံကြည်လက်ခံမယ်ဆိုရင်၊ ဒီရတနာ သုံးပါးအပေါ်မှာ ကြည်ညိုနေတဲ့ မင်းရဲ့စိတ်ကို စွန့်လွှတ်မယ်ဆိုရင်ပေါ့ကွာ”
သုပ္ပဗုဒ္ဓ……..။ “င့ါကို ရတနာသုံးပါး စွန့်လွှတ်ဖို့ လာပြောနေတာ မင်းကဘယ်သူလဲကွ”
သိကြားမင်း………။ “ငါ သိကြားမင်းပါ”
သုပ္ပဗုဒ္ဓ……..။ “ဟေ့ သိကြားငမွဲ၊ သိကြားဆင်းရဲသား၊ မင်းက သိကြားသားပြောတယ်၊ မင်းစိတ်က မွဲနေတာပဲ။ မင်းဟာ သနားစရာကောင်းတဲ့ ဆင်းရဲတဲ့ သိကြားတစ်ယောက်ပဲ။ တကယ်တော့ ငါဟာ လူဆင်းရဲ စစ်စစ်မဟုတ်ဘူးကွ၊ ငါဟာ တကယ့်လူချမ်းသာစစ်စစ်ဖြစ်တယ်၊ ဘာကြောင့်လဲဆိုရင် ငါဟာ သူတော်ကောင်းများပိုင်ဆိုင်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ၊ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ၇ပါးကို ပိုင်ဆိုင်ထားလိုပဲ။ မင်းလို သိကြားပေါင်း ရှစ်သောင်းလေးထောင်လောက် င့ါကို ရတနာသုံးပါးကို စွန့်လွှတ်ဖို့ လာပြောလည်း ငါ ဒီရတနာသုံးပါးကို မစွန့်ဘူး။ ရတနာသုံးပါးက ငါ့ရဲ့ကိုးကွယ်ရာ အစစ်အမှန်ပဲ။ မင်းကြိုက်သလိုလုပ် သတ်ချင် သတ်ကွာ”
ဒီနေရာမှာ သုပ္ပဗုဒ္ဓရဲ့ ပြန်ဖြေပုံလေးကို ပြောပြချင်လို့ ဒီသာဓကလေးကို ထုတ်ပြလိုက်တာပါ။ သူ့မှာ ရတနာသုံးပါးကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ပြည့်စုံတယ်။ ပညာရှိတယ် ဒါကြောင့် ဒီသူတော်ကောင်းတို့မှာသာရှိတဲ့ ဒီတရားတွေကို ပိုင်ဆိုင်နေတဲ့ ငါဟာ သူဆင်းရဲစစ်စစ်တစ်ယောက် မဟုတ်ပါဘူး။ လူချမ်းသာတစ်ယောက်ဖြစ်တယ်ဆိုတာလေးကို သိစေချင်လို့ပါ။
တကယ်တော့ ဒီဝတ္ထုလေးက သောတာပန်ဂုဏ်ရည်များကို ပြထားတဲ့ သာဓကလေးပါ၊ အခွင့်ကြုံမှ ရေးပါဦးမယ်။
သုပ္ပဗုဒ္ဓနဲ့ စပ်ပြီး အတွေးတွေ ဆွေးနွေးခန်းထဲမှာ စာရေးသူ ဝေနေခဲ့ပါတယ်။ ချက်ချင်းပဲ စာဖတ်သူကို သိစေမယ်လို့ ဆုံးဖြတ်ချက်ပြုခဲ့တာပါ။
ဒီ သုပ္ပဗုဒ္ဓ ရဲ့ စကားလေးက တကယ်တော့ လောကမှာ လူချမ်းသာဆိုတာ ဘယ်လိုသူမျိုးကိုခေါ်တယ်၊ လူဆင်းရဲဆိုတာ ဘယ်လိုသူမျိုးကို ခေါ်တယ်ဆိုတာကို သိစေပါတယ်။
“ဒါကြောင့် စာချစ်သူ သင့်မှာ ပစ္စည်းဥစ္စာများ မရှိလို့ လူဆင်းရဲစားရင်းထဲ မသွင်းလိုက်ပါနဲ့။ အသိဉာဏ်မဲ့သူတွေရဲ့ အလုပ်မျိုးအတွေးမျိုးကို တွေးပြီး လူဆင်းရဲဖြစ်တယ်လို့ ကိုယ်ကိုယ့်ကို မဆုံးဖြတ်လိုက်ပါနဲ့။ တကယ်တော့ အသိပညာလေးသာ သင့်ရဲ့ သန္တာန်မှာ ရှိနေမယ်ဆိုရင် သင်ဟာ တကယ်လူချမ်းသာတစ်ယောက်ဖြစ်ပါတယ်။ ဒီထက်မက ချမ်းသာချင်တဲ့ လူချမ်းသာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ၊ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ၇ပါးလုံးကိုသာ ပြည့်စုံအောင် ကျင့်ကြံလိုက်ပါ။ ဒါဆိုရင် ကမ္ဘာ့အချမ်းသာဆုံး လူချမ်းသာတစ်ယောက်ဖြစ်ပါလိမ့်မယ်။”
ကျမ်းကိုး။
ဓမ္မပဒအဋ္ဌကထာ၊ ဗာလ၀ဂ္ဂ၊ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု။
အရှင်ဉာဏိဿရ၊ သော်တာပန်သံဃာ့ရတနာဂုဏ်ရည် တရားတော်။

No comments:

Post a Comment