ဒီနေရာလေးကို

Saturday, October 22, 2011

ကြောက်လန့်ဖွယ်ရာ ဒု-သ-န-သော အကြောင်း

အရပ်စကားတစ်ခုရှိပါတယ်။ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယ လွန်ကျူးမိလျှင် ဒု-သ-န-သော
ထိုက်လိမ့်မယ်ဆိုတဲ့စကားရပ်လေးတစ်ခုပါ။ထိုဒု-သ-န-သော ဆိုတဲ့ စကားလုံးလေးခုဖြစ်ပေါ်လာပုံဟာ
ဒီလိုပါ။တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံးလေးခုဟာ သူဌေးသားလေးဦးရဲ့လူဘဝရနေခိုက်
ငွေကြေးချမ်းသာမှု အရှိန်အဝါကို မကောင်းတဲ့အကုသိုလ်နေရာမှာ အသုံးချပြီး သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲကျရောက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီးစွာ အော်ဟစ်မြည်တမ်းလိုက်တဲ့အသံများဖြစ်ပါတယ်။ဒီ ဒု-သ-န-သော ဖြစ်ပေါ်လာပုံအတိတ်အကြောင်းကို ပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း၊အင်မတန်မှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သံဝေဂယူစရာဖြစ်ပါတယ်။ဒီအကြောင်းကို ကောသလမင်းကြီးအားအကြောင်းပြုပြီး မြတ်စွာဘုရားရှင်က ဟောကြားတော်မူခြင်းဖြစ်ပါတယ်။

သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် တစ်ခုသော ပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ့ ဆင်ဖြူတော်ကိုစီးပြီး နေပြည်တော်ကို လှည့်လည်ပါတယ်။အဲဒီအခါမှာ အိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍ မိမိအားလှမ်းမျှော်ကြည့်ရှုနေသော မိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက်လက်လှည့်လည်ခြင်း မပြုနိုင်တော့ဘဲ နန်းတော်သို့ ပြန်လာခဲ့ရပါတယ်။

နန်းတော်သို့ရောက်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင်လင်ရှိသူဖြစ်သလော၊မရှိသူဖြစ်သလောဟူသော အကြောင်းကိုစုံစမ်းရန် စေလွှတ်လိုက်ပါတယ်။မင်းလုလင်၏ စုံစမ်းချက်အရ ကာမပိုင် လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင် ထိုမိန်းမ၏ ယောင်္ကျားကိုခေါ်စေပြီး မိမိအနီး၌ အမြဲခစားရန် မင်းလုလင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။

ဒါပေမယ့် မင်းလုလင်ဟာ မင်းမှူထမ်း လုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့ အမိန့်ကို မငြင်းပယ်ဝံ့တာကြောင့် တထိတ်ထိတ် တလန့်လန့်နဲ့ နန်းတော်တွင်း၌ ခစားနေရတာပါ။ကောသလမင်းကြီး၏ အကြံကိုလည်း တစ်စွန်းတစ်စ ရိပ်မိနေတာကြောင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မရှိစေရန် အထူးဂရုစိုက်ပြီး ဆောင်ရွတ်ပေးပါတယ်။

ကောသလမင်းကြီးသည် တစ်လ နှစ်လခန့်ကြာသည့်တိုင်အောင် ထိုမင်းလုလင်အပေါ်၌ အပြစ်ရှာလို့မရတဲ့နောက်ဆုံး ထိုမင်းလုလင်ကိုခေါ်ကာ နေပြည်တော်ကနေ တစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍ အရုဏဝတီမည်တဲ့ မြေနီမှုန့်နှင့် ကုမုဒြာ ကြာပန်းတို့ကို ယူဆောင်ရန်စေခိုင်းလိုက်ပါတယ်။ညနေ မိမိ ရေးချိုးရန်အမီ ပြန်ရောက်မလာပါက အပြစ်ဒဏ်ပေးမည်ဟူ၍လည်းမိန့်ကြားလိုက်ပါတယ်။

ထိုမင်းလုလင်လည်း ဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာ အပူတပြင်းထွက်ခွာသွားပါတယ်။ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီး အရုဏဝတီမြေမှုန့်နှင့် ကုမုဒြာကြာပန်းတို့ကို ယူဆောင်ကာ နေပြည်တော်သို့ပြန်ခဲ့ပါတယ်။မြို့တံခါးဝရောက်တော့ နေမဝင်သေးသော်လည်း တံခါးပိတ်ထားပြီး ဖြစ်သည်ကိုတွေ့တော့ မင်းကြီး၏ အထူးတမန်တော်ဖြစ်၍ တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးက မည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထားကြောင်း တံခါးမှူးက ပြန်ပြောပါတယ်။

ထိုမင်းလုလင်ဟာ မိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှူးကိုသက်သေထား၍ မြေမှုန့်နှင့်ကြာပန်းတို့ကို ထားခဲ့ပြီး မြို့ပြင်ရှိကျောင်းတစ်ကျောင်းမှာသွားအိပ်ပါတယ်။မင်းပြစ်မင်းဒဏ်သင့်၍ ချစ်လှစွာသောဇနီးနှင့်ကွဲကွာရတော့မည်အဖြစ်ကိုလည်း တွေးပြီး ပူပန်နေတာကြောင့်ကောင်းစွာမအိပ်နိုင်ပဲဖြစ်နေပါတယ်။ကောသမင်းကြီးကတော့ နောက်တစ်နေ့မှာ မင်းလုလင်ကိုသတ်ပြီး သူမိန်းမကို အပိုင်သိမ်းယူရမယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေပြန်ပါတယ်။

ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏ အပြင်မှ ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုကိုထူးဆန်းစွာပေါ်ထွက်လာတာကိုကြားရတော့ ထိတ်လန့်တုန်လှုပ်သွားပါတယ်။အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ပဲ နံနက်မိုးလင်းလျင် လင်းချင်း ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍ အကြောင်းစုံကိုပြောပြပါတယ်။ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့အသံတို့ကို ကောင်းစွာ အနက်အဓိပ္ပါယ်ကိုဖော်နိုင်စွမ်းမရှိပါဘူး။ဒါပေမယ့်အထင်သေးမည်ဆိုတာကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန်လိုက်ပါတယ်။ဘယ်လိုပြန်လိုက်သလဲလို့ဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့ အသံက အရမ်းကိုကြောက်စရာကောင်းလှကြောင်း၊အသက်အန္တရာယ်ပင်ထိခိုက်နိုင်ကြောင်းဖြစ်ပါတယ်လို့ လျှောက်ထားပါတယ်။အဲဒီတော့မင်းကြီးလည်း အလွန်ကြောက်လန့်တာကြောင့် အဲဒီအန္တရာယ်ကို တားဆီးနိုင်မည့် ယတြာကိုအမြန်စီစဉ်ခိုင်းပါတယ်။

ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီး၏ အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍ (သဗ္ဗသတ)မည်သောယဇ်ပူဇော်မှုကိုပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲ၊နွား၊အစရှိသော တိရိစ္ဆာန် အမျိုးမျိုးနှင့် သတို့သား သတို့သမီးများကို တစ်မျိုးလျှင် တစ်ရာစီ ရရှိအောင် ဖမ်းဆီးစေပါတယ်။သားသမီး ဆွေမျိုးများဖမ်းဆီးခြင်းခံရသော မြို့သူမြို့သားများလည်း ဟစ်အော်ငိုကြွေးကြ၊တစ်ချို့လည်းတောထဲသို့ပြေးပုန်းကြနဲ့ သာဝတ္ထိမြို့ကြီးမှာ ကမ္ဘာပျက်သည့်အလားဖြစ်နေပါတော့တယ်။

ထိုအဖြစ်ပျက်တွေကို မလ္လိကာမိဖုရားကြီးကြားတော့ ကောသလမင်းကြီးကို ပုဏ္ဏားရဲ့ စကားကိုမယုံကြည်သင့်ကြောင်း၊မြတ်စွာဘုရားရှင်ကိုသာ အကြောင်းအကျိုးသိအောင်လျှောက်ထားမေးမြန်းသင့်ကြောင်း လျှောက်ထားပါတယ်။ကောသလမင်းကြီးလည်း မလ္လိကာမိဖုရားကြီးကိုခေါ်ကာ မြတ်စွာဘုရားသီတင်းသုံးတော်မူတဲ့ ဇေတဝန်ကျောင်းသို့သွားပြီး အကြောင်းစုံကိုမြတ်စွာဘုရားအားလျှောက်ထားပါတယ်။ဒီအခါမှာ မြတ်စွာဘုရားရှင်က ဒကာတော်မင်းကြီး မကြောက်ပါလင့်၊ဘာအန္တရာယ်မှမရှိပါဟုမိန့်ကြားပြီး ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုအကြောင်းကို အနက်အဓိပ္ပါယ်ပေါ်လွင်အောင်ဟောတော်မူပါတယ်။

ထို ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုမှာ လောဟကုမ္ဘီငရဲ၌ကျခံနေရတဲ့ ငရဲသားလေးဦးတို့က အသီးသီး အော်ဟစ်လိုက်သည့်အသံများဖြစ်ကြောင်း၊ထိုငရဲသားလေးဦးမှာ ရှေးဘဝက သူဌေးများဖြစ်ကြကြောင်း၊မိမိတို့ပိုင်ဆိုင်တဲ့ ငွေများကို အကျိုးရှိအောင်အသုံးမချဘဲ ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ကာမပိုင်ယောင်္ကျားမရှိတဲ့ မိန်းမ စတဲ့ မိန်းမများကိုငွေဖြင့်ဖြားယောင်းပြီး သောက်စားမူးရစ် ပြီး မှားယွင်းစွာ ဖောက်ပြန်ခဲ့ကြကြောင်း၊ထိုမကောင်းမှုများကြောင့် သေလွန်သည့်အခါ လောဟကုမ္ဘီငရဲသို့ကျရောက်ပြီး ဆင်းရဲဒုက္ခများခံစားရ၍ နောင်တ ..တရားရရှိကြောင်းထုတ်ဖော်ပြောကြားတဲ့စကားသာဖြစ်ကြောင်း၊သူတို့ပြောလိုတဲ့ စကားကို အပြည့်အဝဆုံးအောင်မပြောနိုင်ရှာပဲ အစ တစ်လုံးစီသာပြောဆိုနိုင်ပြီး အောက်သို့ပြန်ပြီးနစ်မြုပ်သွားကြကြောင်း၊

ငရဲသားလေးဦးတို့အနက် ပထမဆုံးတစ်ဦးမှာ "ဒုဇ္ဇီဝိတ မဇီဝိမှ" သူဌေးသားဘဝက မကောင်းသော အသက်မွေးမှုပြုခဲ့မိခြင်းကို ပြန်လည်ပြောဆိုလိုသော်လည်း ရှေ့ဆုံး(ဒု)ဆိုတဲ့စကားတစ်လုံးကိုသာပြောနိုင်ပြီး အောက်သို့ပြန်လည်နစ်မြုပ်သွားကြောင်း၊ဒုတိယငရဲသားက "သဋ္ဌိဝဿသဟဿနိ" နှစ်ပေါင်းခြောက်သောင်းတိုင်အောင် ငရဲ၌ ကျခံရပုံကို ညည်းညူပြောဆိုခြင်းသာဖြစ်ကြောင်း ထိုသို့ပြောဆိုသော်လည်း စကားဆုံးအောင်မပြောနိုင်ပဲ(သ)တစ်လုံးထဲသာပြောဆိုပြီး အောက်သို့နစ်မြုပ်သွားကြောင်း၊တတိယ ငရဲသားက "နတ္ထအန္တော ကုတောအန္တော" ငရဲဒုက္ခ၏ အဆုံးအဆ မထင်ပုံကိုညည်းညူလိုသော်လည်း(န)တစ်လုံးသာညည်းညူနိုင်ခြင်းသာဖြစ်ကြောင်း၊ စတုတ္ထငရဲသားအနေနဲ့ ကျွန်န်ုပ်သည် နောင်ဘဝတွင် ကောင်းသော အလုပ်ကိုသာအားထုတ်မည်ဟူသော အဓိပ္ပါယ်ဖြင့် သောဟံနူန ဣတော ဂန္တွာ စသော ဂါထာကို ရွတ်ဆိုလျက်(သော)ဟူသော အစ တစ်လုံးသာပြောဆိုနိုင်ပြီး အဆုံသတ်သွားကြောင်းဟောတော်မူပါတယ်။

မြတ်စွာဘုရားရဲ့ (ဒု၊သ၊န၊သော) ဟူသော အဓိပ္ပါယ်ကိုနားကြားပြီးတဲ့အခါမှာတော့ ကောသလမင်းကြီး အင်မတန်ကြောက်လန့်တုန်လှုပ်သွားပြီး နောက်နောင် သူတစ်ပါး မယားများအား ပြစ်မှားခြင်းမှ လုံးဝ ရှောင်ကြဉ်ပါတော့မည်ဟုဆုံဖြတ်ချက်ချမှတ်ပြီး ၊ထိုအခိုက်တန့်မှာပင် ကြာပန်းသွားယူသော မင်းလုလင်လည်း မြတ်စွာဘုရားရှင်ထံကိုရောက်လာတော့ ကာယကံရှင်များ စုံညီနေချိန်တွင် မြတ်စွာဘုရားရှင်က ထပ်မံပြီး
"အိပ်မပျော်ဘဲ နိုးကြားနေသူအား ညတာသည်ရှည်၏"
"ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏"
"တရားကိုမသိသော လူမိုက်တို့အား သံသရာသည် ရှည်ကြာလှပေ၏" ဟူသော တရားဒေသနာတော်ကိုဟောကြားတော်မူပါတယ်။တရားအဆုံးမှာ မင်းလုလင်သည် သောတာပန်အဖြစ်သို့ရောက်ရုံမျှမက မင်းပြစ်မင်းဒဏ်မှလည်းကင်းလွတ်သွားပါတယ်။ကောသလမင်းကြီးလည်းယဇ်ပူဇော်ရန်ဖမ်းဆီးထားသော သတ္တဝါအားလုံးကိုချက်ချင်းလွှတ်ပေးရန် အမိန့်ပေးလိုက်ပါတယ်။အသက်ဘေးမှ လွတ်ကင်းသွားတဲ့ သူများလည်း မလ္လိကာမိဖုရားကြီးကို ကျေးဇူးတင်၍ မဆုံးနိုင်အောင်ရှိနေပါတော့တယ်။

ဒီဒေသနာတော်အရ (ဒု၊သ၊န၊သော)ဆိုတဲ့ အပြစ်သည် အင်မတန်ပင်ကြောက်မက်ဖွယ်ရာ၊သံဝေဂယူဖွယ်ရာပင်ဖြစ်ပါတယ်။အားလုံးသော သူများလည်း သူဌေးသားလေးဦးရဲ့ အဖြစ်ဆိုးနဲ့ မကြုံအောင် ကိုယ်ကျင့်သီလကိုစောင့်ထိန်းကြပါလို့ အသိပေးနှိုးဆော်လိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

‘ဓမ္မဖြင့် ဘဝကို တည်ဆောက်စေချင်”

သတ္တဝါမှန်သမျှ မိမိတို့၏ ဘဝကို လှပလိုကြ၏။ လှပသည့် ဘဝကိုတည်ဆောက်လိုကြ၏။ သာယာသည့်ဘဝ၊ အေးချမ်းသည့်ဘဝ၊ ဘေးမသန်းသည့်ဘဝကို လိုလားကြ၏။ ထို့ကြောင့်လည်း ထိုထိုဘဝ လှပစေရန် နည်းအမျိုးမျိုးဖြင့် ပုံဖော်ကြ၊ တည်ဆောက်ကြ၊ ဖန်တီးကြခြင်း ဖြစ်၏။ အချို့က ဘဝကို ကာယဖြင့် တည်ဆောက်ကြ၏။ အချို့က ဓနဖြင့် တည်ဆောက်ကြ၏။ အချို့က ဉာဏဖြင့် တည်ဆောက်ကြ၏။ အချို့က အရှိန်အဝါဖြင့် တည်ဆောက်ကြ၏။ အချို့က ဂုဏ်ပကာသနဖြင့် တည်ဆောက်ကြ၏။ မည်သည့်နည်းဖြင့် မည်သို့ပင် တည်ဆောက်ထားသော်လည်း ထိုတည်ဆောက်မှုများတွင် ဓမ္မမပါလျှင်ကား အခိုက်အတန့်မျှသာ တည်ဆောက်နိုင်၏။ ဓမ္မ“အား”ဖြင့် ပံ့ပိုးမထား၊ ထိန်းချုပ်မထားလျှင် ထိုထိုနည်းဖြင့် တည်ဆောက်ထားသည့် ဘဝအမျိုးမျိုးသည် ရေရှည်တည်တံ့ရန် မလွယ်ကူလှပေ။ ပစ္စုပ္ပန် သံသရာ လှပစေရန် တည်ဆောက်ထားမှု မဖြစ်နိုင်လှပေ။ ဓမ္မပါမှ ဘဝသာယာပြီး အလှဖြာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ယခုမျက်မှောက်ဘဝမှသည် နောင်သံသရာ၊ ထိုမှနိဗ္ဗာန်တိုင်အောင် သာယာလှပသည့် ဘဝကို တည်ဆောက်လိုသူများသည် ဓမ္မဖြင့် ဘဝကို တည်ဆောက်သင့်ကြောင်း ဆိုခြင်း ဖြစ်၏။ လူအတော်များများက ဓမ္မဟုဆိုလာလျှင် အသက်ကြီးသူများ၊ သေခါနီးသူများ၊ ဘဝကူးကောင်းလိုသူများ စသူတို့ အတွက်သာ လိုအပ်သည်ဟု ထင်မှတ်တတ်၏။ အထူးသဖြင့် ပညာရှာနေကြသည့် ပထမအရွယ် လူငယ်များ၊ ဥစ္စာရှာနေကြသည့် ဒုတိယအရွယ် လူရွယ်များက မိမိတို့၏ အရွယ်များသည် ဓမ္မရှာရမည့်အရွယ် မဟုတ်၊ ဓမ္မရှာရမည့် အရွယ်သည် အိုမင်းမစွမ်းဖြစ်လာသည့် တတိယအရွယ်သာ ဖြစ်သည်ဟု ခံယူထားတတ်ကြ၏။ ထို့ကြောင့်လည်း ပညာရှာနေသည့်အချိန်၊ ဥစ္စာရှာနေသည့် အချိန်များတွင် ဓမ္မဖြင့် ဝေးနေကြပြီး ဓမ္မအားမပါဘဲ မိမိတို့၏ အရွယ်များကို တည်ဆောက်နေကြခြင်း ဖြစ်၏။ ပြဿနာမှာ ဓမ္မမပါဘဲ တည်ဆောက်ထားသဖြင့် ပထမအရွယ်တွင်လည်း ဘဝကို ကောင်းစွာတည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့ ဒုတိယအရွယ်တွင်လည်း ဘဝမှာ ဖရိုဖရဲ ပြန့်ကြဲနေမြဲသာ ဖြစ်နေသည့် အချက်ပင်ဖြစ်၏။ တတိယအရွယ်ရောက်လာမှ ဘဝကို ဓမ္မဖြင့် တည်ဆောက်ကြစို့ဟု ဆိုပြန်သော်လည်း အိုမင်းမစွမ်း ဖြစ်လာမှုက “အိုရင်မင်း မစွမ်းတော့ဘူး”ဟု ဆိုသကဲ့ဖြစ်ကာ အနှစ်ရှာမရဘဲ ဖြစ်နေတတ်ကြပေ၏။ စင်စစ်ဓမ္မသည် ဘဝသာဖြစ်၏။ ဓမ္မပါမှ ဘဝသာယာမည်ဖြစ်ပြီး အလှဖြာနိုင်မည် ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ဓမ္မကို အခြေပြုမှ ဘဝလူနေမှုတွင်လည်း အစစအရာရာ အဆင်ပြေမှုများ ဖြစ်စေနိုင်ပေ၏။ ဘဝထဲတွင် ဓမ္မတွဲနေမှ ဘဝလည်း မလွဲမသွေ တည့်မတ်နေမည် ဖြစ်၏။ ဤ၌ဆိုလိုသည့် ဓမ္မဟူသည် အကျင့်သိက္ခာ၊ တည်ကြည်မှုနှင့် ပညာဉာဏ်ရှိမှုများကို ဆိုလိုခြင်း ဖြစ်၏။ စာစကားဖြင့် ပြောလျှင် သီလ၊ သမာဓိ၊ ပညာ ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ် တရားများပင်ဖြစ်၏။ ဘဝကို တည်ဆောက်ရာတွင် ကိုယ်ကျင့်တရားသည် အလွန်အရေးကြီးလှ၏။ ထိုအတူ စိတ်ကိုတည်တည်ငြိမ်ငြိမ် ဖြစ်စေမည့် တည်ကြည်မှု သမာဓိတရားနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို နှိုင်းချိန်နိုင်သည့် ပညာဉာဏ်သည်လည်း အထူးလိုအပ်လှ၏။ ထိုသို့သော အကျင့်တရား၊ တည်ကြည်မှုအားနှင့် ဆင်ခြင်မှုအားကို အခြေခံကာ ဘဝကို တည်ဆောက်ထားသင့်၏။ ထိုတရားများကို လက်ကိုင်ထားပြီး တည်ဆောက်ထားသည့် ဘဝသည် မည်သည့်အချိန်တွင် မည်သို့ပင် ပြောင်းလဲဖောက်ပြန်သော်လည်း တုန်လှုပ်မှုမရှိ၊ ကြောက်ရွံ့မှုမရှိဘဲ အရာအားလုံးကို ကျော်လွှားကာ အကောင်းဆုံး အနေအထားတွင် ရှိနေတတ်ပေ၏။ ဓမ္မကို အခြေခံကာ တည်ဆောက်ထားသည့် ဘဝသည် အတက်အကျ အနိမ့်အမြင့်ဟူသည့် လောကဓံဒီလှိုင်း၏ ရိုက်ပုတ်မှုဒဏ်ကို ကြံ့ကြံ့ခံကာ လိုရာပန်းတိုင် အရောက်လှမ်းနိုင်၏။ လောကဓံနှင့် ကြုံလာလျှင် တုန်လှုပ်မှုမရှိသည့် ဘဝသည် ကြံ့ခိုင်သည့်ဘဝ၊ အားရှိသည့်ဘဝ၊ တည်ငြိမ်သည့် ဘဝသာ ဖြစ်သဖြင့် ထိုကဲ့သို့သော ဘဝမျိုးကို တည်ဆောက်နိုင်ရန် ဓမ္မကိုသာ အခြေခံကြရမည် ဖြစ်ပါ၏။
သို့သော် ခက်သည်မှာ လူအတော်များများက လက်တွေ့တွင် ဘဝကို ဓမ္မမပါဘဲ တည်ဆောက်နေကြခြင်းပင်ဖြစ်၏။ ဓမ္မကို လစ်လျူရှုကာ မမြဲသည့် ရုပ်ပိုင်းဆိုင်ရာများဖြင့် ဖန်တီးတတ်ကြခြင်းပင်ဖြစ်၏။ စည်းစိမ်ဥစ္စာဖြင့် ဘဝကို တည်ဆောက်သူများ၊ ရာထူးဂုဏ်ဖြင့် ဘဝကို တည်ဆောက်သူများ၊ လောကီပညာရပ်များဖြင့် ဘဝကို တည်ဆောက်သူများအဖြစ် တဒင်္ဂဘဝကို တည်ဆောက်ကာ ဓမ္မကို ဘေးဖယ်ထားတတ်ကြခြင်းပင်ဖြစ်၏။ အချို့မှာ ဓမ္မမပါဘဲ ခဏတာဖြစ်သည့် စည်းစိမ်ဥစ္စာများဖြင့် ဘဝကို တည်ဆောက်နေကြသဖြင့် စည်းစိမ်ဥစ္စာကို အမှီပြု၍ မာန်မာနတက်တတ်ကြသကဲ့သို့ ထိုစည်းစိမ်ဥစ္စာများ ပျက်သွားသည့် အခါတွင်လည်း အလွန်သောက ဖြစ်တတ်ကြပြန်၏။ အချို့လည်း ဘဝကို ဓမ္မမပါဘဲ ရာထူးပါဝါများ၊ လောကီအတတ်ပညာများဖြင့် တည်ဆောက်နေကြသဖြင့် ထိုဂုဏ်များကို အမှီပြု၍ ဂုဏ်မောက်ကာ အမှန်ပျောက်နေ တတ်ကြသကဲ့သို့ ထိုဂုဏ်များပျောက်သည့် အခါတွင်လည်း ဓမ္မမရှိသဖြင့် ဖြေဆည်ရာလည်း မရှိဘဲ ဖြစ်တတ်ကြပြန်၏။
အမှန်အားဖြင့် ဘဝတွင် စည်းစိမ်ဥစ္စာများ၊ အတတ်ပညာများ၊ ရာထူးဂုဏ်သိန်များ မည်မျှပင် မြင့်မားများပြား နေသော်လည်း သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရား ရှားပါးလျှင်ကား ထိုမြင့်မားသည့် အရာများဟု ထင်နေတတ်သည့် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာစသည်များဖြင့် တည်ဆောက်ထားသည့် ဘဝသည် အချည်းနှီးသာ ဖြစ်နေပေ၏။ သိက္ခာသုံးပါးဖြင့် အားဖြည့်ထားမှု မရှိသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ ဖြစ်တတ်သကဲ့သို့ ဖရိုဖရဲလည်းဖြစ်တတ်ကာ အမှားအမှန်လည်း မခွဲခြားတတ်ဘဲ ဖြစ်နေတတ်ပေ၏။ မှန်၏။ ဘဝတစ်ခုကို တည်ဆောက်ရာတွင် စည်းမဲ့ကမ်းမဲ့ မဖြစ်ရေးအတွက် သီလသိက္ခာသည် အထူးလိုအပ်လှ၏။ သီလဟုဆိုလျှင် အတော်များများက ငါးပါးရှစ်ပါး ကိုးပါးဆယ်ပါးစသည့် သိက္ခာပုဒ်များကိုသာ ပြေးမြင်တတ်၏။ စင်စစ် မိမိတို့ ကျင်လည်နေကြရသည့် နေ့စဉ်ဘဝများတွင် ကိုယ်အမူအရာများဖြင့် မိမိသူတပါး မထိခိုက်အောင်၊ နှုတ်စကားဖြင့် မိမိသူတပါး မထိပါးအောင် ထိန်းသိမ်းနေထိုင်ခြင်း၊ သူ့ကျောင်းနေ သူ့စာအံ ဆိုသကဲ့သို့ နေရာဌာနအသီးသီးတွင် ချမှတ်ထားသည့် စည်းကမ်းများကို စောင့်စည်းနေထိုင်ခြင်း စသည်များသည်လည်း သီလတရားများပင် ဖြစ်ပါ၏။ ထိုသို့ ကိုယ်နှုတ်အမူအရာများနှင့် မိမိသူတပါး မထိခိုက်အောင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းနေထိုင်ခြင်းသည် ဓမ္မကို အခြေခံထားသည့် ဘဝတည်ဆောက်မှုပင် ဖြစ်ပေ၏။
ထို့အတူ ဘဝကိုတည်ဆောက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ခိုင်မာမှု ရှိစေရန် သမာဓိသိက္ခာကို အားပြုပေးရန် လိုအပ်လှ၏။ သမာဓိ၏ သဘောသည် တည်ကြည်ခြင်း ဖြစ်သဖြင့် သမာဓိကို အခြေခံထားသည့် ဘဝတည်ဆောက်မှုသည် ဟိုလိုလိုဒီလိုလို ဟိုမရောက်ဒီမရောက် ဖြစ်တတ်သည့် စိတ်အစဉ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်စေရန် ထောက်ပံ့ပေးနိုင်မည် ဖြစ်၏။ ခိုင်မာသည့် စိတ်ဖြင့် မယိမ်းမယိုင်သည့် ဘဝတည်ဆောက်မှု ဖြစ်ရန် သမာဓိက အထောက်အကူ ပေးနိုင်မည်ဖြစ်၏။ ဘဝတည်ဆောက်ရာတွင် အာရုံအမျိုးမျိုးဖြစ်နေသည့် စိတ်အစဉ်ကို အာရုံတစ်ခုတည်းတွင် စူးစိုက်မှုပေးနိုင်ရန် သမာဓိဖြင့် အားပြုပေးရမည် ဖြစ်၏။ ထိုသို့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရှိရှိ တည်ဆောက်ထားသည့် ဘဝသည် ဓမ္မကို အခြေပြုကာ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ဓမ္မကို လက်တွေ့ဘဝတွင် အသုံးချလိုက်ခြင်းမျိုးလည်းဖြစ်ကာ ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းမျိုးလည်း ဖြစ်နေပေ၏။
ထို့အပြင် ဓမ္မဖြင့် ဘဝကို တည်ဆောက်ရာတွင် စည်းကမ်းတကျ၊ တည်တည်ငြိမ်ငြိမ် ရှိရုံဖြင့် မလုံလောက်သေးဘဲ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လည်း လိုအပ်လှ၏။ ထိုသို့ မှန်ကန်သည့် ရွေးချယ်မှုဖြင့် ဘဝကို တည်ဆောက်နိုင်စေရန် ပညာသိက္ခာကို အားပြုပေးရမည် ဖြစ်၏။ ပညာသည် လောကီပညာ၊ လောကုတ္တရာ ပညာဟု နှစ်မျိုးရှိရာတွင် ဉာဏ်နှင့်ယှဉ်သည့် ပညာသည် အကောင်းအဆိုး၊ အကြောင်းအကျိုးနှင့် အမှားအမှန်ကို ခွဲခြားစိစစ်ပေးနိုင်သဖြင့် မှန်ကန်သည့် ဘဝတစ်ခု တည်ဆောက်နိုင်ရေးအတွက် ပညာတရားသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပေ၏။ ထို့ထက် တစ်ဆင့်တက်၍ တရားဘာဝနာ အားထုတ်သဖြင့် ရရှိလာသည့် အသိဉာဏ်ပညာ ဆိုလျှင်ကား ဘဝတွင်အကောင်းဆုံး အထောက်အပံ့ကို ပေးနိုင်မည်ဖြစ်ပြီး မည်သို့သော အခြေအနေမျိုး ဖြစ်ပါစေ အလွယ်တကူ ကျော်လွှားကာ မိမိစိတ်ကို မိမိအနိုင်ယူနိုင်သည်အထိ ပံ့ပိုးပေးနိုင်မည် ဖြစ်၏။
မှန်၏။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားခြင်း၊ တရားအလုပ်ကို အားထုတ်ထားခြင်းဖြင့် ဘဝကို တည်ဆောက် ထားသူများသည် ဘဝတွင် တွေ့ကြုံရတတ်သည့် အတက်အကျ၊ အနိမ့်အမြင့်၊ အကောင်းအဆိုး၊ ချီးမွန်းကဲ့ရဲ့၊ ရှိခြင်းမရှိခြင်း စသည့် လောကဓံများကို ဓမ္မအားဖြင့် တုန်လှုပ်ခြင်းမရှိ အလွယ်တကူ ကျော်လွှားနိုင်၊ ဘဝ၏ အခက်အခဲများကို ကြံကြံခံနိုင်ကြပြီး အရာရာသည် အမြဲမရှိခြင်းဟူသော သဘောအမှန်ကို သိရှိထားသဖြင့်လည်း မိမိတို့၏ စိတ်များကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ကြ၏။ အကယ်၍ ဘဝကို ဓမ္မဖြင့် တည်ဆောက်ထားခြင်း မရှိပါက လောကဓံတရားများကြောင့် အမှားများရောက်ကာ ဘဝဟာလည်း အစစအရာရာ အဆင်မပြေဘဲ ဖြစ်နေတတ်၏။ မည်သို့ပင်ဆိုစေ အကောင်းဆုံးကား ဓမ္မဖြင့် ဘဝကို တည်ဆောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။
ဆိုလိုသည်မှာ နည်းအမျိုးမျိုးဖြင့် ဘဝအမျိုးမျိုးကို တည်ဆောက်ကြရာတွင် မှန်ကန်သည့် ဘဝတည်ဆောက်မှု ဖြစ်စေရန် ဘဝတွင် ဓမ္မဖြင့် အလှဆင်ကာ ဓမ္မဖြင့်အားပြုပြီး ဓမ္မကို အခြေခံထားရမှာ ဖြစ်ကြောင်း၊ ဓမ္မမပါသည့် ဘဝသည် စည်းမဲ့ကမ်းမဲ့ဖြစ်ကာ ဖရိုဖရဲနိုင်လှပြီး အမှားအမှန်ကို ခွဲခြားနိုင်ခြင်း မရှိသဖြင့် ထိုသို့သော ဘဝမျိုးမဖြစ်ရအောင် သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး အကျင့်တရားများ လက်ကိုင်ထားကာ လက်တွေ့ဘဝထဲမှာ ဓမ္မကိုတွဲ၍ တည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ ဘဝကို တည်ဆောက်ကြရာတွင် အကျင့်သီလပိုင်း၊ စိတ်တည်ကြည်မှုအပိုင်း၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန်နိုင်မှု အပိုင်းများမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍများဖြစ်ပြီး ထိုကဏ္ဍများသည် ဓမ္မကတွဲပေးနိုင်သည့် အပိုင်းများဖြစ်သဖြင့် ဓမ္မကို အခြေခံကာ ဘဝကို တည်ဆောက်ရမှာဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။
ထို့ကြောင့် သာယာသည့်ဘဝ၊ ငြိမ်းချမ်းသည့်ဘဝ၊ အပြစ်ကင်းသည့်ဘဝ စသည်ဖြင့် ဘဝအမျိုးမျိုးကို နည်းအမျိုးမျိုးဖြင့် တည်ဆောက်ကြသူများသည် မိမိတို့၏ ဘဝတွင် အမှန်ပင် ငြိမ်းချမ်းသည့် ဘဝတစ်ခု၊ သာယာသည့် ဘဝတစ်ခု၊ အပြစ်ကင်းသည့် ဘဝတစ်ခုကို တည်ဆောက်နိုင်ရန် ကာယအား၊ ဓနအား၊ ဂုဏ်ပကာသန အားများထက် ဓမ္မအားကို အသုံးပြုကာ ဓမ္မအားဖြင့် အားပြုပြီး ဓမ္မကို အခြေခံသည့် ဘဝအဖြစ် တည်ဆောက်ကြရမည် ဖြစ်သဖြင့် ဘဝကို ဓမ္မဖြင့် တည်ဆောက်နိုင်အောင်သာ ကြိုးစားသင့်ပါကြောင်း အသိပေး တိုက်တွန်းရင်း လက်တွေ့ဘဝကို ဓမ္မဖြင့်တွဲကာ ဖန်တီးတည်ဆောက်နိုင်ကြစေရန်လည်း ဆန္ဒပြုလိုက်ရပါသည်။ကျမ်းကိုး
ဓမ္မရံသီ်။

မေတ္တာဖြင့် အရှင်မုနိန္ဒ ဓမ္မာစရိယ.B.A eng..M.A ..India Magadh University။

ပါဠိစာပေ လေ့လာကြစို့ (အခြေခံ)

   (1)          (2)           (3)         (4)            (5)
..........................................................................
          က              ခ               ဂ            ဃ               င
          ka              kha            ga           gha             nံa
...................................................................................................

          က္က              က္ခ             ဂ္ဂ             ဂ္ဃ               င်
          kka            kkha           gga         ggha            nံ
....................................................................................................

          င်္က              င်္ခ               င်္ဂ             င်္ဃ              -
          nံka            nံkha           nံga         nံgha            -
.....................................................................................................

         ပါဠိစာပေရဲ့   နှစ်ထပ်ဆင့်ပုံစံများဟာ  ပြုချင်သလိုပြု ဆင့်ချင်သလို
ဆင့်လို့ မရပါဘူး  အထက်ပါပုံစံကို လေ့လာကြည့်မယ် .....
(1) နဲ့ (2) ကို တစ်တွဲ
(3) နဲ့ (4) ကို တစ်တွဲ
စတင်လေ့လာကြည့်ရအောင် 
(က)ဟာ ဦးဆောင်သူဖြစ်တယ်လို့မှတ်ပါ ဒါ့ကြောင့် (က - ၂လုံး ) ဆင့်လို့ရတယ်။
(ခ) ဟာ နောက်လိုက်သူလို့မှတ်  ဒါ့ကြောင့် (ခ - ၂)လုံး ဆင့်လို့မရဘူးလို့မှတ်ပါ။
ဆင့်မရတဲ့နောက်လိုက် (ခ)ကို နှစ်ထပ်ဆင့်ချင်ရင်တော့ ဘယ်လိုလုပ်ပေးရမလဲ ?
စဉ်းစားဖို့လိုပြီပေါ့ .......
နောက်လိုက်ပီပီ ဦးဆောင်သူ(က)ရဲ့အောက်မှာပဲ(ခ)ဟာ  နေခွင့်ရှိပါတယ် ။
ဒါဟာ တရားမျှတပါတယ်နော် ..........
........................................................................................................
(ဂ)ဟာ ဦးဆောင်သူဖြစ်တယ်လို့မှတ်ပါ ဒါ့ကြောင့် (ဂ - ၂လုံး ) ဆင့်လို့ရတယ်။
(ဃ)ဟာ နောက်လိုက်သူလို့မှတ်  ဒါ့ကြောင့် (ဃ-၂)လုံးဆင့်လို့မရဘူးလို့မှတ်ပါ။
ဆင့်မရတဲ့နောက်လိုက် (ဃ)ကို နှစ်ထပ်ဆင့်ချင်ရင်တော့ ဘယ်လိုလုပ်ပေးရမလဲ ?
စဉ်းစားဖို့လိုပြီပေါ့ .......
နောက်လိုက်ပီပီ ဦးဆောင်သူ(ဂ)ရဲ့အောက်မှာပဲ(ဃ)ဟာ  နေခွင့်ရှိပါတယ် ။
ဒါလည်းပဲ  တရားမျှတပါတယ်နော် ..........
............................................................................................................


(5)ဟာသူတို့ နှစ်တွဲလုံးကို တွဲခေါ်သွားတဲ့ရထားခေါင်းတွဲနဲ့တူတယ်လို့မှတ်ပါ။
အဲ့ဒီတော့(5)ရဲ့ခေါ်ဆောင်ရာကို လိုက်ချင်ရင် နောက်လိုက်ပဲပေါ့ ......
နောက်လိုက်ပီပီ (5)ရဲ့အောက်မှာပဲနေရမယ်။
ဒါလည်းပဲတရားမျှတပါတယ်နော် ...........
..............................................................................................................
ဒါဆိုရင် က။ခ။ဂ။ဃ။င။ ဤအက္ခရာ- ၅ - လုံးရဲ့ နှစ်ထပ်ဆင့်ပုံဟာ အဲ့ဒါ အကုန်ပဲ
မှတ်သားရတာလည်း အစီအစဉ်ကျကျနန စီစဉ်ထားတာမို့ မေ့စရာအကြောင်းလည်း မရှိတော့ဘူးလေ ....
ဆရာဝန်ပေးတဲ့ ဆေးကို လိပ်ပတ်လည်အောင်သောက်လိုက်တဲ့သဘောပေါ့ဗျာ ...
ဆေးငါးလုံး (ကို့စ်) ကုန်သွားပြီနော် ......
  ဆေးတွေ ကို့စ် ကုန်သွားပြီဆိုရင်  ရောဂါသက်သာမှု့ရှိမရှိ စစ်ဆေးကြည့်မယ်
ဘယ်လိုစစ်ဆေးမှာလဲ ဘာတွေနဲ့စစ်ဆေးမှာလဲပေါ့ ......
ဟုတ်ကဲ့ .... အဲ့ဒါက ဆရာဝန်ဆီသွားစရာမလိုပါဘူးခင်ဗျာ ......
  ပါဠိစာပေမှာ သရတွေဘယ်လောက်ရှိလဲဆိုတာ သိထားရမယ်လေ....
သိပ်မများပါဘူး .......

      (အ)     (အာ)    (ဣ)    (ဤ)    ( ဥ )     ( ဦ )    (ဧ)    ( သြ )
      ( - )     ( - ာ)   ( - ိ )    ( - ီ)    ( - ု)      ( - ူ)     (ေ-)   (ေ- ာ)

   အထက်ဖော်ပြပါ သရတွေထဲမှာ ( က ) တစ်လုံးတည်းကို အစားထိုးကြည့်မယ်။

      က       ကာ        ကိ    ကီ      ကု      ကူ       ကေ       ကော

   အထက်ပါ သရ (၈)လုံးထဲကမှ (အ)  (ဣ) ( ဥ ) - သရသုံးလုံးကို နာသိကသံဖြစ်တဲ့  နိဂ္ဂဟိတ် ( -ံ ) သေးသေးတင် လိုက်ရင်  နောက်ထပ်
မိတ်ဆွေ သုံးယောက် ထပ်တိုးလာမယ်လေ ......
          
                    (အံ)     (ဣံ)     ( ဥံ )  ဆိုတဲ့ မိတ်ဆွေသုံးယောက်ပါပဲ .......

အဲ့ဒီသုံးခုထဲကို  (က) နဲ့ပဲ အစားထိုးကြည့်မယ်ဆိုရင် .......

                  ကံ       ကိံ     ကုံ    ..... စသည်  ဖြစ်လာတယ်
  အထက်ဖော်ပြပါ (၈) နဲ့ မိတ်ဆွေသုံးယောက် ပေါင်းလိုက်တော့(၁၁)လုံးဖြစ်လာတယ် ....... ကြည့်မယ် ....


က       ကာ       ကိ      ကီ       ကု       ကူ       ကေ       ကော

ကံ                   ကိံ              ကုံ

.ခ        ခါ        ခိ        ခီ         ခု         ခူ         ခေ        ခေါ

ခံ                   ခိံ                 ခုံ

 အဲ့ဒီလိုပါပဲခင်ဗျာ ...... စ  ဆ  ဇ  ဈ  ဉ   ...... ကိုလည်း ထပ်လေ့လာကြည့်မယ်ဆိုရင်  အထက်ဖော်ပြပါအတိုင်းမှတ်သားရပါမယ် .......

        
             (1)          (2)           (3)         (4)            (5)

        စ             ဆ          ဇ           စ်             ဉ
        ca            cha        ja           jha           a
      
        စၥ             စ ၦ          ဇၨ           ဇၩ              ည

       cca           ccha       jja         jjha            a

       
        ဉၥ             ဉ  ၦ          ဉ ၨ          ဉၩ         
         ca         cha      ja        jha      

 အဲ့ဒီလိုပါပဲခင်ဗျာ .....   ဒီနေ့တော့ ကော်နရှင်သိပ်မကောင်းပါ၍ ဒီလောက်နဲ့ပဲ

မေတ္တာသုတ်ပါဠိ+အနက် ဖြစ်ပေါ်လာပုံနှင့်ရွတ်ဆိုကျိုး

၁။ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။

ဧ၀မာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။

သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။

၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။

သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။

သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘ၀န္တု သုခိတတ္တာ။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။


၇။ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။

ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။

၉။မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနောယာဝတာဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာတု။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။


၁ ။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို။ နေဝ ဒဿန္တိ ၊ မပြနိုင်ကြကုန်။ ယမှိစေ၀ ၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင်။ ရတ္တိန္ဒိဝံ၊ နေ့ည မပျက် အခါခပ်သိမ်း။ အတန္ဒိတော ၊ ပျင်းရိခြင်းမရှိဘဲ။ အနုယုဉ္ဇန္တော ၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည်။


၂။သုခံ ၊ ချမ်းချမ်းသာသာ။ သုပတိ ၊ အိပ်စက်ရ၏။ သုတ္တော ၊ အိပ်ပျော်သည်ရှိသော်။ ကိဉ္စိ ၊ တစ်စုံတစ်ခုသော။ ပါပံ စ ၊ အိပ်မက်ဆိုးကိုလည်း။ နပဿတိ ၊ မမြင်မက်ရ။ ဧ၀ါမာဒိဂုဏူပေတံ ၊ ဤသို့အစ ရှိသော အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော။ တံပရိတ္တံ ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို။ မယံ ၊ ငါတို့သည်။ ဘဏာမ ၊ ရွတ်ကြကုန်စို့။

၃။သန္တံ ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ ၊ နိဗ္ဗာန်ကို ။ အဘိသမေစ္စ ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍။ (ဝိဟရိတုကာမေန ၊ နေခြင်းငှာ အလိုရှိသော )အတ္ထကုသလေန ၊ အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည်။ ယံ ကရဏီယံ ၊ ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည်။ အတ္ထိ ၊ ရှိ၏။ တံ ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို။ ကရဏီယံ ၊ ပြုကျင့်ထိုက်ပေ၏။ သက္ကော စ ၊ စွမ်းနိုင်သူလည်း။ အဿ ၊ ဖြစ်ရာ၏။ ဥဇူ စ ၊ ဖြောင့်မတ်သူလည်း။ အဿ ၊ ဖြစ်ရာ၏။ သုဟုဇူ စ ၊ အလွန်ဖြောင့်မတ်သူလည်း။ အဿ ၊ ဖြစ်ရာ၏ ။ သုဝစော စ ၊ ဆိုဆုံးမလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ မုဒု စ ၊ နုညံ့ပျော့ပျောင်းသူလည်း။အဿ၊ဖြစ်ရာ၏။အနတိမာနိ စ ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏။

၎ ။သန္တုဿကော စ ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဘရော စ ၊ အမွေးအမြူလွယ် သူလည်း ။ အဿ ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ ၊ နည်းပါးသောကိစ္စရှိသူလည်း။ အဿ ၊ ဖြစ်ရာ၏။ သလ္လဟုက၀ုတ္တိ စ ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊ အိမ်သူ လူတို့၌ ။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

၅။ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်။ ဝိညူ ၊ ပညာရှိဖြစ်ကုန်သော။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပဝဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊ ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို ။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင် ။ န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တဝါ မှန်သမျှတို့သည် ။ သုခိနော ဝါ ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ဝါ ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း။ ဟောန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။

၆+၇ ။အနဝသေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ဝါ ၊ အကြင် ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည်လည်းကောင်း ။ ယေ ထာဝရာ ဝါ ၊ အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ ဒီဃာ ဝါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ မဟန္တာ ၀ါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တဝါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ဝါ ၊ အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တဝါတို့သည်လည်းကောင်း ။ ယေ ရဿကာ ဝါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တဝါတို့သည်လည်းကောင်း ။ ယေ အဏုမာ ဝါ ၊ အကြင်သေးငယ်မှုန်မွား သတ္တဝါများ တို့သည်လည်းကောင်း ။ ယေ ထူလာ ဝါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တဝါမျိုးတို့သည်လည်းကောင်း ။

ယေ ဒိဋ္ဌာ ဝါ ၊ အကြင်မြင်ဘူးသော သတ္တဝါတို့သည်လည်းကောင်း ။ ယေ အဒိဋ္ဌာ ဝါ ၊ အကြင်မမြင်ဘူးသော သတ္တဝါ တို့သည်လည်းကောင်း ။ ယေ ဒူရေ ဝသန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တဝါ တို့သည် လည်းကောင်း ။ ယေ အ၀ိဒူရေ ဝသန္တိ ၊ အကြင်အနီးအရပ်၌ နေကြသောသတ္တဝါ တို့သည်လည်းကောင်း ။ ယေ ဘူတာ ဝါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်လည်းကောင်း ။ ယေ သမ္ဘဝေသီ ဝါ ၊ နောင်ဖြစ်ရမည့်ဘဝကိုရှာ အကြင်ပုထုဇဉ် သက္ခ သတ္တဝါတို့သည်လည်းကောင်း။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော။ ပါဏဘူတာ ၊ သတ္တဝါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏။ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော သတ္တဝါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန်သတည်း။

၈။ပရော ၊ တစ်ပါးသူတစ်ယောက်သည် ။ ပရံ ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို ။ နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသောအရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။ နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့်လည်းကောင်း။ ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို။ နဣစ္ဆေယျ ၊ အလိုမရှိပါစေလင့်။

၉။မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည်။ နိယံပုတ္တံ ၊ မိမိရင်နှစ်သားရင်းဖြစ်သော။ ဧကပုတ္တံ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင်။ အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊ ဤအတူလည်း။ သဗ္ဗဘူတေသု ၊ အလုံးစုံသောသတ္တ၀ါတို့၌။ အပရိမာဏံ ၊ အတိုင်းအတာပမာဏမရှိသော။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ။

၁၀။ဥဒ္ဓံ၊ အထက်လောက အရူပဘ၀၌လည်းကောင်း။အဓော ၊အောက်ပြည်လောက ကာမဘ၀၌လည်းကောင်း။တိရိယံ ၊ အလယ်လောက ရူပဘ၀၌လည်းကောင်း။သဗ္ဗလောကသ္မိံအလုံးစုံသောလောက၌။ အပရိမာဏံ ၊ အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော ။ မာနသံ ၊ စိတ်ကို ။ အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို။ အသပတ္တံ ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏။

၁၁။တိဋ္ဌံ ၀ါ ၊ ရပ်လျှက်သော်လည်းကောင်း ။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။ နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက် ။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။ ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏။ ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊ ထူးမြတ်သော။ ဝိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်မှုကုန်ပြီ။


၁၂။သော ၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊ အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာသီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ်နှင့်။ သမ္မန္နော ၊ ပြည့်စုံသူသည် ။ (သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ဝိနေယျ ၊ တစ်စမကြွင်း အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။ ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ နဧတိ၊ မရောက်ရတော့ပေ။ (သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)၏ ပရိတ်ကြီးနိဿယကျမ်းမှကောက်နှုတ်ချက်။)


မေတ္တာသုတ်ပရိတ်တော်ဖြစ်ပေါ်လာပုံ
မေတ္တာသုတ် ဖြစ်ပေါ်လာချိန်က ဝါခေါင်လပြည့်နေပါ။မြတ်စွာဘုရားရှင်လက်ထက်က ရဟန်းငါးရာဟာ ဘုရားရှင်ကိုယ်တော်မြတ်ထံက ကမ္မဋ္ဌာန်း သင်ယူပြီးတော့ သပ္ပာယဖြစ်ရာ အရပ်သွားပြီး တရားအားထုတ်ကြပါတယ်။အဲလိုတရားအားထုတ်နေကြတုန်း သံဃာတော်တွေက အောက်မှာ တရားအားထုတ်နေတော့ သစ်ပင်ပေါ်မှာနေကြတဲ့ နတ်တွေက ရဟန်းတော်များရဲ့ သီလတန်ခိုးကြောင့် သစ်ပင်ပေါ်မှာ မနေနိုင်ကြဘူး။သူတို့သားသမီးတွေ လက်ဆွဲပြီးတော့ ဟိုသွား ဒီသွား ဒီလိုနေကြရတယ်။သူတို့စိတ်ထဲမှာအရှင်မြတ်တွေ မကြာခင် ပြန်ကြလိမ့်မယ်ဆိုပြီးတော့ ဒီလိုပဲ စောင့်စားပြီးနေခဲ့ကြတယ်ဒါပေမယ့် တော်တော်ကြာပေမယ့် ပြန်မယ့်လက္ခဏာ မတွေ့ရတော့ သူတို့ကလဲ ရဟန်းတော်တွေပြန်ပြေးအောင် ခြောက်လန့်ကြတယ်။ဖောက်ပြန်တဲ့ ကြောက်မက်ဖွယ်ရာ အဆင်းတွေပြ အသံတွေပြုနဲ့ ခြောက်လှန့်ကြပါတယ်။

အဲဒီအသံတွေအကြောင်းပြုပြီးတော့ ရဟန်းတော်တွေ ကြောက်ကြ လန့်ကြတော့ သမာဓိမရကြဘူး၊စိတ်တည်ငြိမ်မှုမရကြဘူး၊တရားမတိုးတက်ဘူး၊အဲဒီအခါ တို့ဒီနေရာမှာ သပ္ပါယ မဖြစ်ဘူးဆိုပြီး ဘုရားရှင်ထံကို ပြန်ဖို့ တိုင်ပင်ကြပြီး ဝါတွင်းကြီးပဲ မြတ်စွာဘုရားရှင်ထံကို ပြန်လာကြပါတယ်။မြတ်စွာဘုရားရှင်ထံကိုရောက်တော့ မြတ်စွာဘုရားရှင်က ဘယ်နှယ်ကြောင့် ဝါတွင်းကြီးပြန်လာကြတုန်းလို့မေးတော်မူတော့ မိမိတို့ အဖြစ်အပျက်ကို ပြန်ပြီးတော့လျှောက်ထားပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားရှင်က အဲဒီရဟန်းတော်များဟာ အဲဒီနေရာမှာ သူတို့အတွက် သပ္ပါယမျှတတဲ့နေရာ၊တရားထူးရဖို့ အကြောင်းထူးရှိတဲ့နေရာဆိုပြီးတော့မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို သင်ပေးတော်မူပါတယ်။ အန္တရာယ်ကင်းတဲ့ပရိတ်အဖြစ်လည်းကောင်း၊အန္တရယ်ကင်းဖို့ရာအရံအတားပရိတ်အဖြစ်ဖြင့်လည်းကောင်း၊ မေတ္တာဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းဖို့ရာ ဘာဝနာအဖြစ်ဖြင့်လည်းကောင်း၊သင်ပေးတော်မူလိုက်ပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆီက သင်ကြားပြီးတော့ နောက်ဆုံးသူတို့ စောစောက သီးတင်းသုံးရာတောထဲကိုပြန်သွားကြပါတယ်။ပြီးတော့မြတ်စွာဘုရားရှင်ညွှန်ကြားတော်မူလိုက်တဲ့အတိုင်း မေတ္တာတွေပွားကြ၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းကြ၊မေတ္တာသုတ် ပရိတ်တွေ ရွတ်ကြနဲ့ အဲသလိုရွတ်လာကြတော့ နောက်ဆုံးနတ်များက ရဟန်းတော်များအပေါ်မှာ ချစ်မြတ်နိုးလာကြတယ်။ရဟန်းတော်များရဲ့ ဝတ်ကြီး ဝတ်ငယ်တွေကို နတ်များကပြုလုပ်ပေးကြပါတယ်။ရဟန်းတော်များကို စိတ်ချမ်းသာအောင် ဆောင်ရွတ်ပေးကြပါတယ်။
ရဟန်းတော်များလည်း အရင်ကလို အခြောက်အလှန့်မခံပဲ စိတ်ချမ်းချမ်းသာသာနဲ့ တရားအားထုတ်ခွင့်တွေရတော့ သမာဓိတွေတည်ကြည်လာပြီး ဈာန်တွေရလာ၊ထိုမှတစ်ဆင့် မဂ်၊ဖိုလ်တွေရလာပြီးတော့ နောက်ဆုံးရဟန္တာဖြစ်သွားကြပါတယ်။အဲဒီတုန်းက ရဟန်းတော်များရဲ့အဖြစ်ဟာ ဝါခေါင်လပဲ၊မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ထံမှာ မေတ္တာသုတ် ပရိတ်တရားကိုယူဆောင်ပြီးလာကြ၊မေတ္တာပွားတရားအားထုတ်ကြရာကနေ မေတ္တာအခါတော်နေ့ဆိုပြီး ဝါခေါင်လပြည့်နေ့ကိုသတ်မှတ်ခဲ့တာပါ။ဒါကမေတ္တာသုတ်ဖြစ်ပေါ်လာပုံပါ။(သပြေကန်ဆရာတော်တရားစာအုပ်မှ ကောက်နှုတ်ထားပါသည်)။


ရွတ်ဆိုကျိုး။ ။ ၁။ချမ်းသာစွာအိပ်စက်ရခြင်း။
၂။ချမ်းသာစွာနိုးရခြင်း။
၃။အိပ်မက်ကောင်းမက်ခြင်း။
၎။လူအများချစ်ခင်ခြင်း။
၅။နတ် ဗြဟ္မာစသော တစ်ခြားသတ္တဝါများကလည်းချစ်ခင်ခြင်း။
၆။နတ်တို့စောင့်ရှောက်ခြင်း။
၇။လက်နက်၊အဆိပ်၊မီး စသည်တို့ကြောင့် မသေခြင်း။
၈။စိတ်တည်ကြည် ငြိမ်သက်ခြင်း။
၉။မျက်နှာ ကြည်လင် ရွှင်ပြခြင်း။
၁၀။မတွေ မဝေပဲ သတိရှိလျက် သေရခြင်း။
၁၁။သေသောအခါ ဗြဟ္မာ ဖြစ်ရခြင်း စတဲ့ အကျိုးတရား(၁၁)ပါးကိုရစေပါတယ်။(အဂုၤတၱရ၊ဧကာဒသက)
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com

“အို ကာလာမတို့-မှတ်သားကြလော့

“အို ကာလာမတို့-
(၁) တဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်
(၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။
(၆) အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံ မျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈) ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့ ….

မင်္ဂလာတရားတော် - ၅

 မင်္ဂလာတရားတော် - ၅
သားငယ်
`လူမိုက်ကို ရှောင်ခွာ၊ လူလိမ္မာကို ဆည်းကပ်၊ ပူဇော် အပ်သူကို ပူဇော်ပါ´ ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ (၃)ဖြာအနက်၊ ရှေ့မင်္ဂလာ(၂)ပါးကိုတော့ အရင်စာတွေမှာ ရေးပြီးပြီနော်။ အခုစာမှာ ပူဇော်အပ်သူကို ပူဇော်တာဟာ ပူဇာစ ပူဇနေယျမင်္ဂလာ၊ ကောင်းမြတ်တဲ့ ပူဇနေယျမင်္ဂလာ၊ ကောင်းမြတ်တဲ့မင်္ဂလာဖြစ်ကြောင်း ပြောပြမယ်။

ဦးဇင်းရဝေနွယ် (အင်းမ)ရဲ့ မင်္ဂလာအတွေးများလို စရရင်-
ပူဇာစ၊ ပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ။
ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်
မြတ်သောမင်္ဂလာမည်။
သုံးပါးရတနာမိဘများနှင့် ဆရာသမားကိုပူဇော်လေ။

ပထမဆုံးပူဇော်ထိုက်သူတွေဟာ ဘယ်သူတွေလည်း ဆိုတာ သိဖို့လိုတာပေါ့နော်။

ပူဇော်ထိုက်သူတွေကတော့ ရတနာ မြတ်သုံးပါး၊ မိဘ၊ ဆရာ၊ အစ်ကို၊ အစ်မ၊ ဦးကြီး၊ ဦးလေး၊ အဒေါ်စတဲ့ အသက်ကြီးဆွေမျိုးများ၊ ယောက္ခမ၊ လင်ယောက်ျား တို့ပါပဲ။


ဘာလို့ပူဇော်ထိုက်တာလဲ။ မြတ်စွာဘုရားက မိမိနဲ့အတူ သတ္တ၀ါတွေကို သနားတော်မူလို့ ချမ်းသာသုခရနိုင်တဲ့ နည်းလမ်း ကို ဟောပြတယ်။

တရားတော်တွေက ဘုရားဟောပြထားတဲ့ နည်းလမ်း ကောင်းတွေဖြစ်တယ်။

သံဃာတော်တွေက အဲဒီတရားအတိုင်းကျင့်ပြီး မိမိတို့ သိသမျှ တဆင့်ဟောပြတယ်။
ဒါတွေက ပူဇော်ထိုက်တဲ့အကြောင်းရင်းတွေပေါ့ကွယ်။

ဆရာက တပည့်တွေကို ပညာသင်ပေးတယ်။ တတ်သိ နားလည်အောင်လည်း ဆုံးမသွန်သင်တာကြောင့် ပူဇော်ထိုက် တယ်။ မိဘဘိုးဘွားစတဲ့ ဆွေမျိုးကြီးများက မိမိကိုလိမ္မာအောင် ဆုံးမကြတယ်။ မေတ္တာထားကြတယ်။ ဘေးရန်ပေါ်လာရင် ကာကွယ်စောင့်ရှောက်ကြ၊ ကူညီကြလို့ ပူဇော်ထိုက်တယ်။

ယောက္ခမကလည်း သမက်၊ ချွေးမတို့ကို သားရင်း၊ သမီးရင်းလို ချစ်ခင်စောင့်ရှောက်ကြလို့ ပူဇော်ထိုက်တယ်။ ခင်ပွန်းသည်က ကိုယ့်ဇနီးကို အသက်တမျှ ချစ်မ၀ဘဲ လုပ်ကိုင် ကျွေးးမွေး စားဝတ်နေရေး အပူအပင် ကင်းဝေစေလို့ အိမ်ရှင် မရဲ့ အပူဇော်ကို ခံထိုက်တယ်။

အပူဇော်ခံထိုက်သူတွေကို ဘယ်လိုပူဇော်ကြမှာလဲ။
တရားနဲ့ ပူဇော်တာ။
ပစ္စည်း၊ ၀တ္ထုနဲ့ ပူဇော်တာ။
လက်အုပ်ချီမှု၊ ရှိခိုးမှုနဲ့ ပူဇော်တာ။
ဂုဏ်ကျေးဇူးကို ဖော်ထုတ်ချီးကျူး ပူဇော်တာ။
ဝေယျာဝစ္စ၊ လုပ်ကိုင်ခြင်းနဲ့ ပူဇော်တာ။ ဒီလို ပူဇော်နည်း အမျိုးမျိုးရှိတယ်ကွဲ့။

တရားတော်တွေကို ရွတ်ဖတ်လို့၊ သီလ ဆောက်တည် လို့၊ ဘာဝနာပွားများလို့၊ ချိန်ခါမလပ် အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲ ကျင်းပလို့၊ ပဋိပတ်၊ ပရိယတ်သင်တန်းတွေပို့ချလို့၊ အဲဒါတွေ အားလုံး တရားနဲ့ ပူဇော်ကြတာပါ။

ရတနာမြတ်သုံးပါး၊ မိဘဆရာသမားတို့ကို ပစ္စည်းဝတ္ထု နဲ့ ကန်တော့တာကို ပစ္စည်းနဲ့ပူဇော်တာ။ မြန်မာနှစ်ဆန်း တစ်ရက်နေ့နဲ့ ၀ါကျွတ်ချိန်မှာ လူကြီး၊ မိဘ၊ ဆရာသမား၊ သက်ကြီး ရွယ်အိုတို့ကို ပစ္စည်းဝတ္ထုနဲ့ ပူဇော်ပွဲတွေ ကျင်းပလေ့ ရှိကြတယ်။

ပူဇော်တာလို့မသုံးတဲ့ ပူဇော်မှုတစ်မျိုး ရှိသေးတယ်။ အဲဒါက ချီးမြောက်တာပါ။ ကိုယ်နဲ့တန်းတူသူ၊ ကိုယ့်အောက်ငယ် သူများကို ကြီးသူများက ချီးမွမ်းဖွယ်ရာတွေ့တဲ့အခါ ချီးမွမ်းတာ ၊ ပစ္စည်းဝတ္ထု၊ ပိုက်ဆံ (မုန့်ဘိုး)တို့ကို ဆုအဖြစ်ပေးတာတွေက `ချီးမြောက်ခြင်း´ ပါပဲ။

သားငယ်တို့ အခြေခံပညာအဆင့်တုန်းက စာမေးပွဲ ထူးထူးချွန်ချွန်အောင်ရင် ဆရာ-ဆရာမတွေကရော၊ မိဘတွေ ကပါ ချီးကျူးစကားတွေပြောကြတယ်၊ ဆုချီးမြင့်ကြတယ်။ ပညာထူးချွန်ဆု၊ အကျင့်စာရိတ္ဈဆု၊ စည်းကမ်းရိုသေ၊ လိုက်နာမှု ဆု၊ အားကစားဆုစတဲ့ ဆုအမျိုးမျိုးနဲ့ ချီးမြောက်ခဲ့ကြတယ်။

ဒါကြောင့်၊ ကြီးငယ်မရွေး အကျင့်စာရိတ္တကောင်းသူ တွေ၊ ပညာထူးချွန်သူတွေ၊ အများအကျိုးအတွက် အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အနစ်နာခံပြီး ဆောင်ရွက်သူတွေ၊ နိုင်ငံ့ဂုဏ် မြင့်တင်သူတွေဟာ ပူဇော်တာ၊ ချီးမြောက်တာကို ခံထိုက်သူတွေ ဖြစ်တယ်။ ပူဇော်တာ၊ ချီးမြောက်တာ ခံထိုက်သူတွေကို ပူဇော်မှု ချီးမြောက်မှုပြုတာဟာ ကောင်းမြတ်တဲ့ မင်္ဂလာပါပဲ။

ကျေးရွာ၊ ရပ်ကွက်မှအစ တစ်နိုင်ငံလုံး ကောင်းမြတ်တဲ့ မင်္ဂလာတွေ လွှမ်းခြုံသွားရင်ဖြင့် တို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးလာမယ်၊ ချမ်းသာ ကြွယ်ဝလာမယ်။ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှလှ ရပ်တည်နိုင်မယ်ပေါ့။

သားငယ်ရေ၊ ဒီသဘောထားတွေက မြတ်စွာဘုရားရဲ့ အလိုအတိုင်းပါ။ မြတ်ဗုဒ္ဓကလည်း တရားနဲ့အညီ ကျင့်ကြံ အားထုတ်သူကိုမှ ချီးမြောက်တော်မူတာ၊ နှစ်သက်တော်မူတာ။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံကာနီးမှာ `လောကုတ္တရာတရား ကိုးပါးရကြောင်း တရားကောင်းကိုကျင့်ခြင်းဖြင့် ပူဇော်မှသာ အကောင်းဆုံးပူဇော်ခြင်းမည်တယ်´ လို့ ဟောတော်မူခဲ့တယ်ကွဲ့။

ဒါကြောင့်၊ ဘုရားကြိုက်တဲ့ပူဇော်မှု၊ ဆရာမိဘတွေ နှစ်ခြိုက်တဲ့ ပူဇော်မှုနဲ့ ပူဇော်ကြတာဟာ အကောင်းဆုံးပါကွယ်။

သားငယ်တို့က ကျောင်းသားဆိုတော့ ရတနာသုံးပါး ဦးထိပ်ပန်ဆင်ကာ၊ ဆရာမိဘစကား နားထောင်ပြီး ကျောင်း သားကျင့်ဝတ်နဲ့အညီ စာကြိုးစားနေတာဟာ ရတနာမြတ် သုံးပါးနဲ့တကွ ဆရာ-မိဘတို့ကို အကောင်းဆုံး ပူဇော်မှု ပြုနေ ခြင်းပါပဲ။

ဒီလိုအကောင်းဆုံးနည်းနဲ့ ပူဇော်မှုပြုရင် စာမေးပွဲ အောင်မယ်။ သင့်လျော်တဲ့အလုပ်ရမယ်။ ဘ၀ကို ကောင်းစွာ တည်ဆောက်နိုင်မယ်။ စိတ်ချမ်းမြေ့မယ်။ ကျန်းမာစွာနဲ့ အသက် ရှည်မယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာတော့ အဆင်းလှမယ်။ ခွန်အားဗလကောင်းမယ်စတဲ့ အကျိုးကျေးဇူးအဆင့်ဆင့်ရပြီး ဘ၀သံသရာမှာ ချမ်းသာစွာ နေနိုင်ပြီပေါ့။

အင်မတန် အကျိုးများ ကြီးပွားချမ်းသာစေတာကြောင့် ဆောင်ကိုဆောင်သင့်တဲ့ မင်္ဂလာပါကွယ်။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
အမေ
http://www.pti31.com/

မင်္ဂလာတရားတော် - ၎

 မင်္ဂလာတရားတော် - ၎
သားငယ်
ကျောင်းရောက်ပြီဆိုရင် စတွေ့ရသူက ဆရာနဲ့ အပေါင်းအသင်းပဲရှိတယ်။ ဆရာကိုတော့ ရွေးလို့မရဘူးနော်။ မလွဲမသွေကိုပေါင်းရမှာ။ ဒါကြောင့် အရင်စာထဲမှာ “ဆရာ ကိုယ်တိုင်လူမိုက်မဖြစ်ဖို့ အရေးကြီးတယ်” လို့ ရေးခဲ့ တာပေါ့။

အခုစာမှာ ဦးဇင်းရဝေနွယ် (အင်းမ)ရေးတဲ့ မင်္ဂလာ အတွေးများလို့ စရရင်-

ပဏ္ဍိတာနဉ္စ သေ၀နာ၊ ဧမင်္ဂလမုတ္တမံ။
ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည်
ကောင်းမြတ်သော မင်္ဂလာမည်၏။
ပညာရှိကိုအရှည်တွဲလို့ မှီဝဲဆည်းကပ်နည်းယူလေ။

အပေါင်းအသင်းကိုတော့ ရွေးပေါင်းလို့ရတယ်။ ဘယ် လိုဟာ ပေါင်းရမလဲ။ တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသကတော့ မှတ်မိလွယ်အောင် မိန့်မြွက်ထားတယ်။

“အပေါင်းအသင်းကြောင့် ဆင်းရဲဒုက္ခဖြစ်ရရင်၊ အဲဒီ အပေါင်းအသင်းကို ဗာလလို့မှတ်ပါ။ မပေါင်းဘဲနေလို့ရရင် နေပါ။ မပေါင်းဘဲနေလို့မဖြစ်လို့ ပေါင်းသင်းဆက်ဆံရရင် သတိကြီးစွာထား ပေါင်းပါ။ အပေါင်းအသင်းကြောင့် ချမ်းသာသုခရရင် သူ့ကို မခွဲတမ်း ပေါင်းသင်းကာ ချစ်ခင်မြတ်နိုး အားကိုးကြပါ” တဲ့။

ဆရာတော်ကြီး မိန့်ကြားချက်က မှတ်လို့လွယ်တယ် နော်။ မြတ်စွာဘုရားက ပညာရှိဆိုတာ-

“ကောင်းတာတွေးနေတဲ့သူ၊
ကောင်းတာပြောနေတဲ့သူ၊
ကောင်းတာလုပ်နေတဲ့သူ”
လို့ ဖွင့်ပြတယ်။

ကံသုံးပါးစလုံး ကောင်းအောင်ပြုမှတော့ ပေါင်းသင်းသူ၊ တစ်ဖတ်သားကို ချမ်းသာသုခ ရစေတာပေါ့။ မြတ်စွာဘုရားရဲ့ ပညာရှိ အဓိပဍ္ဎါယ်ဖွင့်ပြချက်ကို အများနားလည်အောင် မှတ် လွယ်အောင် ဆရာတော်ကြီးက မိန့်ကြားထားတာ သားငယ်ရဲ့ ။ ဆိုလိုရင်းက တူပါတယ်။

အခုသားငယ်တို့ သူငယ်ချင်းသုံးယောက် အတူနေ ကြရာမှာ အဆင်ပြေကြတယ်၊ စိတ်ချမ်းသာကြတယ်၊ ပျော်ရွှင် ကြတယ်ဆိုတော့ အမေဖြင့် ၀မ်းသာနေရတယ်။

သားငယ်တို့ သူငယ်ချင်း သုံးယောက်စလုံး ရိုးရိုးသား သားနဲ့ ကြိုးစားနေကြသူတွေဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင် ကြတယ်။ စောင့်ရှောက်ကြတယ်။ မကောင်းတာ တားမြစ်ကြ တယ်။ ကောင်းတာညွှန်ပြကြတယ်။ တစ်ဦးရဲ့ကောင်းကျိုးကို တစ်ဦးက လိုလားကြတယ်။ အချင်းချင်း စာဆွေးနွေးကြတယ် ။တစ်ဦးစကား တစ်ဦးနားထောင်ကြတယ်။

သားငယ်တို့ သုံးယောက်စလုံးရဲ့ သဘောထားနဲ့ ပြုမှု ဆောင်ရွက်ပုံ ပုံရိပ်တွေဟာဖြင့် ပညာနဲ့တူတဲ့ မိတ်ဆွေကောင်း တို့ရဲ့ လက္ခဏာနဲ့ ကိုက်ညီနေတယ်ကွဲ့။

ဒါကြောင့်လည်း မိဘနဲ့ဝေးနေပေမယ့် စင်ကာပူမှာ နေရတာ ပျော်နေတာပေါ့။ ပျော်တယ်၊ အဆင်ပြေတယ်ဆိုတာ မိတ်ဆွေကောင်းအချင်းချင်း အတူတူပေါင်းသင်း နေထိုင်ရလို့ ပါပဲ။ မိတ်ဆွေကောင်းနဲ့ မပေါင်းရရင် အဆင်မပြေနိုင်ဘူး။ အဆင်မပြေရင် မပျော်နိုင်ဘူး။ နေ့စဉ်နဲ့အမျှ စိတ်ညစ်နေရမှာပဲ သားငယ်။

အခုလို သူငယ်ချင်းသုံးယောက်နဲ့အတူ မနေရခင်က ကျောင်းသားတစ်ဦးနဲ့ သားငယ် အတူနေခဲ့ကြတယ်နော်။ တစ်ခန်းထဲသာ အတူနေကြတယ်။ စကားမပြောမိကြဘူးတဲ့။ သူဘာလုပ်နေတယ် ကိုယ်မသိ၊ ကိုယ်ဘာလုပ်နေတယ်သူမသိ၊ နီးရက်နဲ့ဝေးနေကြတယ်။ နွေးနွေးထွေးထွေး မရှိကြတော့ သားငယ်စိတ်ညစ်ခဲ့တယ်မို့လား။

မေတ္တာခြုံမှ လုံတာတဲ့။ မေတ္တာဆိတ်သုဉ်း နေလေ တော့ အမေတို့လဲ သားငယ်အတွက် စိုးရိမ်ပူပန်လို့ပေါ့။

ဒါကြောင့် မြတ်စွာဘုရားက “မိတ်ဆွေကောင်း (ကလျာဏမိတ္တ) သည် လိုအပ်သော အကျိုးတရားအလုံးစုံ အပြည့်အ၀ ပြီးစေနိုင်သည်”လို့ အရှင်အာနန္ဒာ ကို မိန့်ကြားတော်မူခဲ့တယ်။

မြန်မာ့သမိုင်းကိုပြန်ကြည့်ရင် အနော်ရထာမင်းစောဟာ၊ ပညာရှိ အရှင်အရဟံကို ဆည်းကပ်႟ ပေါင်းသင်းရတဲ့အတွက် မြန်မာနိုင်ငံတော်မှာ ဗုဒ္ဓသာသနာတော်ဟာ နေလိုလလို ထွန်း လင်းတောက်ပခဲ့ရတယ်။ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးများလဲ။ ကိုးကွယ်ရာ စင်ကြယ်ခဲ့ကြတယ်။ ချမ်းသာသုခ ရခဲ့ကြတယ်။ မှောင်ထဲနေခဲ့ကြရာက အလင်းထဲ ရောက်ခဲ့ကြ တယ်။ ဒါဟာ ပညာရှိတစ်ဦးကို ပေါင်းဖေၞရတဲ့ အကျိုးဆက် တွေလေ၊ အခုထိခံစားရဆဲမို့လား။

သားငယ်လဲ ပညာတတ်ဖြစ်အောင်ကြိုးစား။ ပညာ တတ်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့် သာသနာကို အကျိုးပြုပါကွယ်။ ဒါဟာ ကိုယ့်နိုင်ငံကို ကျေးဇူး ဆပ်ရာရောက်တယ်။ ကိုယ့်လူမျိုးကို ကျေးဇူးဆပ်ရာ ရောက် တယ်။ ကျေးဇူးတရား သိရမယ်။ သိပြီး ဆပ်ရမယ်။ ဒါမှ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်” ဖြစ်တယ်သားငယ်ရဲ့။

သားငယ်ရေ၊ မိတ်ဆွေကောင်းဆိုတာ လူငယ်လူကြီးမရွေး လိုအပ်တယ်။ အမေဖြင့်အသက်အရွယ်သာကြီး လာတယ်။ လစဉ်ထုတ် မဂ္ဂဇင်းထဲက ၀တ္ထုဆောင်းပါးတွေ ဖတ်ဆဲ၊ ဖတ်ရတာပျော်မွေ့ဆဲပေါ့။ တရားဘာဝနာနဲ့ ဝေးခဲ့ တယ်လေ။

အမေတို့ကျောင်းကို ဆရာမအသစ် ဒေါ်မြခင် ရောက် လာတယ်။ ဆရာမက ပရိတ်ကြီး(၁၁)သုတ် အာဂုံဆောင်တယ်။ နေ့စဉ်နေ့တိုင်း ရွတ်ဖတ်ပူဇော်တယ်။ ဘုရားရှိခိုးတယ်။ တရား ထိုင်တယ်။ ဆရာမရဲ့မျက်နှာဟာ ကြည်လင်ဝင်းပလို့နေတယ်။
ဆရာမနဲ့ ခင်မင်ရင်းနှီးလာတော့မှ ဆရာမရဲ့ဘာသာ တရားကိုင်းရှိုင်းမှုအလေ့၊ အမေ့ဆီ ကူးစက်လာတော့တယ်။ မိတ်ဆွေကောင်းနဲ့ ပေါင်းဖက်မိလို့ ကောင်းတဲ့အလေ့အကျင့်တွေ စွဲလာလိုက်တာ ဆရာမအငြိမ်းစားဘ၀မှာ အခြေအနေပေးလာ တော့ ဘာသာရေးသင်တန်းမျိုးစုံတွေ တက်ဖြစ်တယ်။ တရား ရိပ်သာ ၀င်ဖြစ်တယ်။ ကောင်းတဲ့အကျိုးဆက်ကတော့ စိတ်အေး ချမ်း၊ ချမ်းမြေ့ရပါတယ် သားငယ်။

လူမိုက်ကို မမှီဝဲ၊ မဆည်းကပ်ခြင်းနဲ့ ပညာရှိကို မှီဝဲ ဆည်းကပ်ခြင်းတို့ဟာ ခေါင်းနဲ့ပန်းလိုပါပဲ၊ ပူးတွဲလေ့လာသင့်တဲ့ အခြေခံမင်္ဂလာနှစ်ပါးဖြစ်တယ်။ ဒါကြောင့်လဲ မြတ်စွာဘုရားက ရှေးဦးစွာ ဟောတော်မူတာကွဲ့။

အပေါင်းအသင်းကို ရွေးပေါင်းရသလို၊ ကိုယ်တိုင်လဲ ကိုယ်ကိုယ်တိုင်ရဲ့ မကောင်းတဲ့အပြုအမှု၊ ကောင်းတဲ့အပြုအမှု များစွာထဲက ကောင်းတာရွေးလုပ်၊ ကောင်းတာရွေးပြော၊ ကောင်းတာရွေးကြံစည်ပြီး ကောင်းအောင်ကြိုးစားသူ မင်္ဂလာနဲ့ ပြည့်စုံသူဖြစ်ပါစေလို့ အမေဆန္ဒပြုပါတယ်။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ
အမေ
http://www.pti31.com/

မင်္ဂလာတရားတော် - ၃

  မင်္ဂလာတရားတော် - ၃

သားငယ်

ကလေးဘ၀က အော်ဟစ်ရွတ်ဆိုခဲ့ဖူးတာက-
`လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ
´။

အမေ တွေးကြည့်မိတယ်။ လူရယ်လို့ဖြစ်လာရင် ကင်း အောင်နေလို့မရတဲ့ လူတန်းစား၊ နှစ်ရပ်ကတော့၊ မိဘနဲ့ ဆရာပါပဲ။ ပထမဆုံး တွေ့ဆုံရတာက မိဘ၊ ဒုတိယတွေ့ဆုံ ရတာက ဆရာ။

ဒါကြောင့် `မိဘက လူမိုက်မဖြစ်ဖို့အရေးကြီး တယ်´ လို့ အမေရေးခဲ့တာပေါ့။ အခုလည်း ဆရာက လူမိုက် မဖြစ်ဖို့ အမေ ရေးလိုက်တယ် သားငယ်။


အသက် (၄)နှစ်မှာ မူကြိုကျောင်း၊ (၅)နှစ်ပြည့်တော့ စာသင်ကျောင်းကိုရောက်ကြရပြီ။ ကျောင်းက ဆရာ-ဆရာမ တွေနဲ့ တွေ့ကြရပြီ။ ဆရာက ပြုစုသူ၊ ဥယျာဉ်မှူးဆိုတော့ ကလေးရဲ့ ဘ၀ခရီးအတွက် အလွန်ကို အရေးပါတဲ့သူပေါ့။

အရေးပါသူမို့ မင်္ဂလာဆရာဖြစ်စေချင်တယ်။ ဆရာက စာရေးသားနည်း စနစ်မှန်ကန်ဖို့၊ စာဖတ်တတ်ဖို့၊ စည်းကမ်း တကျရှိဖို့၊ ကျောင်းသူ-ကျောင်းသားအချင်းအချင်း ပေါင်းသင်း တတ်ဖို့၊ စာနာစိတ်ရှိတတ်ဖို့၊ လောကရေးရာအဖြာဖြာ သွန်သင် စရာတွေကို ကျောင်းသားအားလုံးအပေါ် တပြေးညီမေတ္တာစိတ် နဲ့ညွှန်ပြဖို့ လိုတယ်လေ။

ဆရာက ညီမျှမှုမရှိဘဲ မျက်နှာလိုက်ရင် ကလေးတွေရဲ့ စိတ်ထဲမှာ ခိုးလို့ခုလုဖြစ်သွားစေတယ် မဟုတ်လား။ ဒါတွေက မလိုလားစရာတွေပါ။

ကျောင်းနေစ ကလေးတွေနဲ့ စတွေတဲ့ဆရာဟာ ပျိုးပင် လေးတွေကို ဂရုစိုက်စောင့်ရှောက်ရသလို၊ တယုတယ ပြုစု ရမှာပဲ၊ ပုံသွင်းမှန်ဖို့လိုတယ်။ `ဆရာဟာလူမိုက်မဖြစ်ဖို့ အရေးကြီးသလို၊ မေတ္တာ၊ ကရုဏာ၊ လက်ကိုင်ထားရသူ တွေလည်း ဖြစ်ကြရမယ်´။

စာသင်ခန်းထဲက ကျောင်းသားအားလုံးကို ကျောသား႟ ရင်သား၊ မခွဲမခြားရှိရမယ် သားငယ်ရဲ့။ အမှန်ကတော့ ဆရာ၊ ဆရာမကလည်း ကိုယ့်မှာရှိတဲ့ ဥစ္စာဓနဂုဏ်ရှိန်၊ ဆွေမျိုးဂုဏ်ရှိန် ၊အပေါင်းအသင်းဂုဏ်ရှိန်၊ ရှိရှိသမျှ ဂုဏ်ရှိန်တွေကို ခ၀ါချပြီး ကလေးတွေကို လမ်းမှန်ညွှန်သူ၊ အမှောင်ပယ်ခွင်း အလင်း ဆောင်သူ၊ မိမိကိုယ်ကို ဆရာပီသသူအဖြစ် ခံယူဖို့လိုတယ်။

ဆရာနဲ့ကျောင်းသား စိတ်ထားဖြူစင်စွာနဲ့ တူယှဉ်ကာ လိုရာခရီးကို တာဝန်ကျေပွန်စွာ လျှောက်လှမ်းကြရမယ်လေ။ မင်္ဂလာဆရာနဲ့ မင်္ဂလာတပည့်လေးတွေပေါ့ကွယ်။
ကျောင်းရောက်စ ကလေးဟာ ဆရာကို မပေါင်း သင်းလို့ မရတော့ဘူး။ ရှောင်လို့လည်း မရဘူး။ တပည့်ဆိုတာ ဆရာညွှန်တဲ့အတိုင်း လိုက်မိကြတာကိုး။

သားငယ်သိဖူးတဲ့ ဇာတ်လမ်းတွေကိုပဲ ထပ်ပြောပြ ဦးမယ်။ လက်ညိုးတွေဖြတ်တဲ့ အင်္ဂုလိမာလဟာ ဆိုးချင်လို့ ဆိုးတာမဟုတ်ဘူး။ သူ့ဆရာက `လူ့လက်ညိုးတစ်ထောင်နဲ့ ငါ့ကို ပူဇော်ရမယ်´ ပြောလို့ ဆရာကိုပူဇော်ချင်တာနဲ့ လူဆိုးဖြစ်သွား ရတယ်။

အဇာတသတ်မင်းလည်း ဆရာဒေ၀ဒတ်ကြောင့် ဖခင် သတ်သူဖြစ်သွားရတယ်။

သူတို့ဆရာတွေက ပညာတတ်လူမိုက်။ပညာတတ်တာနဲ့ မိုက်တာဟာ တခြားစီ။ ဒါကြောင့် `ဆရာဟာ လူမိုက်မဖြစ်ဖို့ အရေးကြီးတယ်´ လို့ ပြောရ တာပေါ့။

သားငယ်ရေ၊ အခုခေတ်ရေစီးကြောင်းအတိုင်း ဆရာ- ဆရာမများလည်း မျောပါရတယ်ဆိုတာ အမေလက်ခံပါတယ်။ သို့သော် စေတနာ၊ မေတ္တာကိုတော့ မပျောက်စေချင်ဘူး။ ရှိမြဲ အတိုင်း၊ ထားမြဲအတိုင်းထားပြီး သင်ပြစရာရှိတာသင်ပါ။ တွေးခေါ်ဆင်ခြင်တတ်အောင် သင်ပါ။ စာစီစာကုံး ကိုယ်တိုင် ရေးခိုင်းတာတို့၊ သင်္ချာကိုယ်တိုင်တွက်စေတာတို့ပေါ့။ ကျောင်းစာ ကလည်း ကိုယ်တိုင်မှတ်သား၊ လေ့ကျင့်ပါမှ ဥာဏ်ရည်ဖွံ့ဖြိုး တာကွဲ့။

အစာအာဟာရလိုပါပဲ။ ကိုယ်တိုင်စားမှ၊ အချိန်မှန်မှန် သင့်တင့်လျောက်ပတ်စွာ စားသုံးပေးမှ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်ပြီး အကျိုးဖြစ်ထွန်းသလိုပေါ့ကွယ်။

ဘုရားရှင်က `အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရောသိယာ = မိမိသည်ပင်လျှင် မိမိအားကိုးရာ ပေတည်း။ အဘယ်သူသည် မိမိအားကိုးရာဖြစ်ပါအံ့ နည်း´ လို့ ဟောတော်မူထားပါတယ်။

ဒါကြောင့်၊ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်ထား၊ ရိုးသား ကြိုးစားတဲ့ စိတ်ထားလေးတွေကို ဆရာတွေက သွင်းပေး စေချင်တယ်။ ဒါက လမ်းကြောင်းမှန်ပဲ။ လမ်းကြောင်းမှန်ပေါ်သို့ ပို့ပေးစေချင်တာပါကွယ်။

စာမေးပွဲပါမယ် ထင်တာလောက်သာ ရွေးသင်တာမျိုး၊ ကျောင်းစစ်စာမေးပွဲဆိုရင်လည်း ကိုယ်မေးမယ့် စာပုဒ်လောက် ကို ပြန်ကာလှန်ကာ စည်းဝါးကိုက် သင်ကြားတာမျိုး၊ တကယ် တတ်မြောက်အောင်မသင်ဘဲ၊ စာမေးပွဲမှာ အမှတ်ရအောင် ဟန်ပြကောင်းအောင် သင်နေတာမျိုး၊ မျက်နှာကြီးငယ်လိုက်ပြီး စာမေးပွဲအဖြေလွှာ စစ်ဆေးတာမျိုး ပြုလုပ်နေတဲ့ ဆရာဟာ မကောင်းတာကြံစည်သူ၊ မကောင်းတာပြောသူ၊ မကောင်းတာ လုပ်သူ ဖြစ်ပြီပေါ့။

တစ်ချို့ဆရာ-ဆရာမများ လုပ်ကိုင်လေ့ရှိပုံကို ရေးပြ မယ်နော်။ စာမေးပွဲနားနီးရင် စာကိုသာ ကျက်မှတ်ဖို့ မတိုက် တွန်းဘဲ ဟိုဂါထာ႟ ဒီဂါထာတွေ ကျက်စေတာတို့၊ ဆယ်တန်းဝင် ခွင့်ကဒ်၊ ဘောပင်၊ ခဲတံ၊ စာရေးကိရိယာများကို ဆရာတော် တစ်ပါးထံမှာ သိဒ္ဓိတင်ပေးတာတို့၊ ဘာသာစုံအတွက် အဆောင် ယတြာများလုပ်ပေးတာတို့၊ သူရဿတီမယ်တော်ကို ရှိခိုးစေတာ တို့ ဒါတွေလုပ်ကြတယ်၊ ဆရာ-ဆရာမတွေက ဦးဆောင်ဦးရွက် လုပ်ကြတာ။ ဒါတွေဟာ ကျောင်းသားတွေကိုယ်တိုင် ကြိုးစား အားထုတ်တဲ့စိတ်ဓါတ် လျော့ပါးစေတယ်။

ကိုးကွယ်ရာများပြီး သရဏဂုံလည်း ညိုးနွမ်းစေတယ်။

အမှောင်ခွင်း၍ အလင်းဆောင်ရမယ့်သူများကိုယ်တိုင် က ပညာရင်နို့သောက်စို့ဆဲ ငယ်ရွယ်သူများကို မှောင်တကာ့ အမှောင်ဆုံး မိစ္ဆာဒိဋ္ဌိ လမ်းကြောင်းပေါ် တင်ပို့ပေးနေကြတယ်။

သားငယ်ရေ၊ မိစ္ဆာဒိဋ္ဌိ အယူက အပြစ်အကြီးဆုံး၊ ကြောက်စရာအကောင်းဆုံးကွဲ့။ အပြစ်ကြီးတဲ့ ပဉ္စာနန္တရိယကံကို ကျူးလွန်တဲ့ အပြစ်ထက်ကို ကြီးတယ်။ မိစ္ဆာဒိဋ္ဌိ အယူရှိရင် အပါယ်ငရဲကို ကျိန်းသေကျရမှာ။ ကမ္ဘာပျက်တောင်မှ ငရဲကမလွတ်ကြောင်း၊ အခြားမပျက်တဲ့ကမ္ဘာက ငရဲတွေဆီ ပြောင်းရွေ့ခံရကြောင်း အရင်စာထဲမှာလည်း အမေရေးခဲ့ပြီးပြီ။

အနီးကပ်ဆုံး အတူနေရတာက မိဘဆိုပေမယ့် ပညာ သင်ချိန်ရောက်တာနဲ့ ဆရာက ရှောင်လွှဲမရတဲ့ ပေါင်းသင်းရသူ ဖြစ်ပြီလေ။ တဖြည်းဖြည်း အတန်းကြီးလာလေ မိဘထက် ဆရာ နဲ့က ပိုပြီးထိတွေ့ရချိန် များလေပေါ့။

ဆရာဟာ ကျောင်းသားလေးတွေရဲ့ ဘ၀ကို ဖန်တီးသူ၊ ဖန်တီးရှင်ပါပဲ၊ ပန်းပုဆရာပါ။ ကောင်းရာသို့လည်း ပို့နိုင်သူ၊ ဆိုးရာသို့လည်းပို့နိုင်သူ၊ စွမ်းအားရှင်တွေပါ။ ဒီစွမ်းအားရှင် တွေက လူမိုက်မဖြစ်ဖို့ အရေးကြီးတယ်လို့ အမေတွေးမိ တာပါကွယ်။
သားငယ်လည်း ဆရာရဲ့ ကောင်းရာညွှန်တဲ့ လမ်း ကြောင်းပေါ်မှာ ကောင်းတာလုပ်၊ ကောင်းတာပြော၊ ကောင်း တာကြံစည်၊ ကောင်းအောင်ကြိုးစားသူ ဖြစ်ပါစေလို့ အမေဆန္ဒ ပြုပါတယ်။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

အမေ

http://www.pti31.com/

ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် - ၂

  မင်္ဂလာတရားတော် - ၂

သားငယ်
လောကီ၊ လောကုတ္တရာ နှစ်ဖြာကြီးပွားချမ်းသာရရေး အတွက် အသက်အပိုင်းအခြားအလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်သွားရမယ့်မင်္ဂလာတွေကို ပိုင်းခြားပြခဲ့ပြီးပြီနော်။

လောကီအတွက်မင်္ဂလာအပါး(၃၀)၊ လောကုတ္တရာ အတွက်(၈)ပါး၊ ပေါင်း(၃၈)ပါးရှိလို့ (၃၈)ဖြာမင်္ဂလာ ခေါ် ကြောင်းလဲ ပြောခဲ့ပြီ။

ပထမဆုံး မြတ်စွာဘုရားဟောတာက ပေါင်းသင်း ဆက်ဆံရေး မင်္ဂလာ(၃)ပါးထဲက လူမိုက်နဲ့ မပေါင်းသင်းဖို့ပဲ။ လူမိုက်နဲ့ဆက်ဆံပေါင်းသင်းမှုကို ရှေးဦးစွာရှောင်လိုက်ရင် နောက်နောင်မင်္ဂလာတွေ ဖြစ်ပေါ် ခွင့်ရှိတာကြောင့် ထိပ်ဆုံး ထားပြီး ဟောရတယ်။


ဦးဇင်း ရဝေနွယ် (အင်းမ)ရေးတဲ့ မင်္ဂလာအတွေးများလို စရရင်-
အသေ၀နာ ဗာလာနံ၊ ဧတံမင်္ဂလမုတ္တမံ။
လူမိုက်ကိုမမှီဝဲ၊ မဆည်းကပ်ခြင်းသည်
မြတ်သောမင်္ဂလာမည်။
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊
မမှီဝဲနဲ့ ကင်းအောင်နေ။

အမေတွေးကြည့်မိတယ်၊ သားသမီးဖြစ်လာပြီဆိုတော့ ပထမဆုံးပေါင်းရတာက မိဘ၊ မိဘအရိပ်မှာ ခိုလှုံနေကြရတယ်။ မိဘနှစ်ပါးဆိုတာဟာ သားသမီးနဲ့ ဘယ်လိုမှ ရှောင်လွဲမရတဲ့ လက်ဦးဆရာသမားကြီးတွေပါ။
ဒါဖြင့် မိဘကိုယ်တိုင် လူမိုက်မဖြစ်ဖို့ အရေး ကြီးပြန်တယ်၊ ဒီတော့ လူမိုက်ဆိုတာ ဘယ်လိုဟာလဲ။

ဒီမေးခွန်းကိုဖြေဖို့ သားငယ်မျက်စေ့ထဲမှာ အရက်မူးရမ်းနေသူတို့၊ ခိုးဆိုး၊ လုယက်၊ တိုက်ခိုက်၊ သတ်ဖြတ်နေသူတို့ကို မြင်ယောင် နေမိမှာနော်။

လူမိုက်ဆိုတာ
မကောင်းသောအကြံကို ကြံခြင်း။
မကောင်းသောစကားကို ပြောခြင်း။
မကောင်းသောအလုပ်ကို လုပ်ခြင်းတို့တည်း။

`ဤလက္ခဏာရှိသူကား အမျိုးမြတ်သူဖြစ်စေ၊ ပစ္စည်း ကြွယ်ဝသူပင်ဖြစ်စေ၊ ဆရာပင်ဖြစ်စေ၊ မည်သူမဆို၊ ဗာလခေါ် လူမိုက်ပင်ဖြစ်သည်´ လို့ မြတ်စွာဘုရားဟောတော်မူချက်ကို ဆရာတော်ကြီးများ ဖွင့်ပြရေးသားထားတာတွေ အမေဖတ် ခဲ့တယ်၊ မှတ်ခဲ့တယ်။

ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုနဲ့ မကောင်းလုပ်၊ မကောင်းပြော၊ မကောင်းကြံရင် လူမိုက်ပေါ့။
တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသရေးတဲ့ အခြေပြုမင်္ဂလသုတ်စာအုပ်မှာ `မည်သူ့ကိုမျှ၊ မညာကြနှင့်၊ မိဘဆရာ၊ ဖြစ်စေကာလည်း၊ သူဟာဗာလ၊ ပဏ္ဍိတဟု၊ ကျနခွဲလှစ်၊ တွေ့တိုင်းစစ်၊ စနစ်ကျစေကွယ့်´ ဟု အတိအလင်း ရေးသားထားခဲ့တယ်။

မိဘရဲ့ ၀တ္တရားထဲမှာလည်း `မကောင်းတာ တားမြစ်၊ ကောင်းတာညွှန်၊ အတတ်ပညာတွေ သင်ပေးရမယ်´ လို့ပါတယ်။ ကလေးတွေ စကားပြောတတ်ပြီဆိုကတည်းက၊ တစ်ချို့မိဘက `တာတာ´ လို့နှုတ်ဆက်၊ လက်ကလေးနှစ်ဖက်ယှက်ပေးပြီး `ဦးတော်´ ဦးချစေတဲ့အမူအရာကောင်းတွေ သင်ပေးကြတယ်။

တစ်ချို့မိဘက `လက်ဝါးပြ´ `လက်သီးဆုပ်ပြ´ တဲ့။ မကောင်းတဲ့ အမူအရာတွေ သင်ပေးကြတယ်၊ ကလေးကို ဆဲ တတ်အောင် သင်ပေးပြီး၊ ကလေးဆဲသံကိုအားပေး၊ အား မြောက်ပြုတဲ့ မိဘတွေလဲရှိကြတယ်။
သိတတ်စအရွယ်ရောက်တော့လဲ လောကကြီးတစ်ခွင် လုံးမှာရှိတဲ့ သိစရာ၊ တတ်စရာတွေကို သိအောင်၊ တတ်အောင် သင်ပေးခဲ့တာလဲ မိဘတွေဘဲလေ။ သားသမီးလေးတွေကို ခိုင်းလို့ ရတဲ့အရွယ်မှာ မိခင်လုပ်သူက ဈေးဝယ်ခိုင်းရင်း လမ်းမှန်ညွှန်ဖို့၊ စောင့်ကြည့်အကဲခပ်ဖို့ အများကြီးလိုအပ်တယ်။

ကလေးဆိုတာ အချီးကျူးခံချင်တယ်မို့လား။ ဈေးဝယ် တော်တယ်၊ တတ်တယ်လို့ အချီးကျူးခံချင်တာနဲ့ ဈေးသည်မသိ အောင် ခိုးဝှက်ယူလာတတ်တယ်။ ဒါကို မိခင်က သတိမရှိရင် မကောင်းတဲ့ ခိုးယူတဲ့အကျင့် စွဲသွားပါလေရော။ တစ်ချို့မိဘက သိလျက်နဲ့လက်ခံတာ၊ အားပေးတာ၊ သင်ပြပေးတာ ရှိသေးတယ်။

ငယ်စဉ်က အမေ မဆုံးမခဲ့လို့သာ သူခိုးဖြစ်ရတယ်လို့ ခိုးမှုနဲ့အကျဉ်းကျခံရဆဲ သားက အကျဉ်းခန်း သံတိုင်ကြားက မိခင်ရဲ့နားကို ကိုက်ဆွဲခဲ့ကြောင်းလဲ သားငယ်သိခဲ့ပြီးပါ။

ဒီတော့ မိဘက ဗာလမဖြစ်ဖို့ အလွန်ကို အရေးကြီး တာပေါ့။ မိဘသင်ကြားတဲ့အပေၞ မူတည်ပြီး သားသမီးတွေ စရိုက်ကွဲပြားသွားကြရတယ်။

တစ်ချို့မိဘက ကိုယ့်သားသမီးရဲ့အခြေအနေမှန်ကို လက်ခံပြီး၊ ပြုပြင်သင့်တာ ပြုပြင်ပေးကြတယ်။ တစ်ချို့က အကောင်းသာလက်ခံပြီး၊ အဆိုးကိုလက်မခံဘူး။ နားထောင် နိုင်စွမ်းမရှိကြဘူး။ သားသမီးကို လူမိုက်ဖြစ်စေဖို့ရာ အားပေး သလိုဖြစ်နေတယ်။

ပညာသင်ကြားပေးရာမှာ မိဘက သားသမီးအပေါ် ထားရှိတဲ့သဘောထားက အသွင်ပြောင်းလာတယ်။ အမေတို့ ကျောင်းသားဘ၀တုန်းကတော့ မိဘတွေက ကိုယ့်သားသမီးကို တကယ့်ကို ကြိုးစားအားထုတ်အောင်၊ အတတ်ပညာရအောင်၊ ဆရာပြောတဲ့ သားသမီးရဲ့အခြေအနေမှန်ကို နာခံပြီး ပြုပြင် ခဲ့ကြတယ်၊ စောင့်ကြပ်ခဲ့ကြတယ်၊ ကောင်းရာကို ညွှန်ခဲ့ကြတယ်။

အခုခေတ်မှာ မိဘက သားသမီးအပေါ်ထားရှိတဲ့ သဘောထားက အတတ်ပညာရဖို့ထက် လက်မှတ်ရဖို့၊ အမှတ် များများရဖို့ အဓိကဖြစ်နေတယ်။ အမှတ်များများရဖို့ ဘယ်လို လုပ်ရမလဲ။ ပိုက်ဆံကုန်ခံပြီး နည်းလမ်းစုံ သုံးကြတယ်။

ငွေရှိရင် အရာရာပြီးစေတယ်။ တို့မှာငွေရှိတယ်လို့ မာန် တက်ပြီး သားသမီးကိုလဲ အယူအဆ အတွေးအမြင်တွေ အမှား ဘက်ကိုရောက်စေတော့တယ်။ သားသမီးရဲ့ စစ်မှန်တဲ့အစွမ်းကို ပျောက်ကွယ်စေပြီး မိဘရဲ့အစွမ်းအစတွေသာ ဖေါ်ထုတ် သုံးနေ ကြလေရဲ့။

ဘာသာစုံကျူရှင်ဆရာ၊ ဘာသာစုံဂိုက်တွေနဲ့ သားသမီး များမှာ ကိုယ်တိုင်ကြိုးစား အားထုတ်ခွင့်မရှိတော့ဘူး။ ရေသာခိုဖို့၊ အပျင်းထူဖို့၊ မတွေးချင်ဖြစ်သွားပြီ။ ဉာဏ်ထက်မြက်စေတဲ့ ဦးနှောက်အသုံးမချတော့ပြီ။ စာမေးပွဲမဖြေနိုင်ဘူးလား။ ရတယ်။ မပူနဲ့။ မိဘတာဝန်ထား စသည့်ဖြင့်ပေါ့လေ။

သားသမီးရဲ့ဘ၀နစ်မွန်းဖို့၊ ငတုံးဖြစ်ဖို့၊ ငွေကုန်ခံနေတဲ့ သဘောဖြစ်နေတယ်။ `မိမိကိုယ်သာ အားထားရာ၊ ကံ၊ ဉာဏ်၊ ၀ီရိယအပေါ် အခြေပြုအားထုတ်ရမယ်´ ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အလိုကျတွေနဲ့ သွေဖီနေခြင်းကို မိဘတွေက ရှေ့ဆောင်လမ်းပြ လုပ်နေကြတယ်။

သားငယ်ရေ၊ စိတ်မကောင်းစရာအဖြစ်ကလေး ကြားရ၊ မြင်ရတာကို ပြောပြရအုံးမယ်။
တစ်နေ့က၊ အိမ်နားမှာ စာမေးပွဲဖြေပြီး ပြန်လာတဲ့ ကျောင်းသားလေးက `ရိုက်ပြန်ပြီ၊ လူကြားထဲမှာလဲ ကျိန်ဆဲ လာတယ်၊ မေ့လို့ပါဆိုနေ၊ နှိပ်စက်ကြပါ´ နဲ့ ငိုကြီးချက်မနဲ့ ရိုက်နေတဲ့အမေ့ကို ပြောနေတာလေ။

အမှတ်ပြည့်ရအောင် မဖြေနိုင်ခဲ့တဲ့သားကို အပေါင်း အသင်း၊ ကျောင်းသားများကြားမှာ ဆူဆဲခဲ့ပြီး၊ အိမ်မှာလဲ ရိုက်ပုံရပါတယ်။ အမှတ်ဝက်လောက်ကို မရော့စေချင်ဘူးတဲ့၊ ဖြစ်နေလိုက်ကြတာနော်။

အမေဖြင့် သနားလိုက်တာ။ ကိုယ်ချင်းစာမိတယ်။ အမေငယ်စဉ်ကလဲ ဒီကလေးလို ခံခဲ့ရဖူးတယ်။ အမေ့ရဲ့ အဆိုအဆဲ၊ အရိုက်အနှက်ခံခဲ့ရတာ၊ အပေါင်းအသင်းကြားမှာ ဆိုတော့ ရှက်လိုက်တာလေ။ လူ့ပြည်မှာ အသက်ရှင်ချင်စိတ် ကို မရှိဘူး။ ချက်ချင်းပျောက်ကွယ်သွားချင်စိတ် ဖြစ်ခဲ့တယ်။

ဒီလုပ်ရပ်တွေက မိဘတွေရဲ့ မဟာအမှားကြီးတွေပါ။ ဒီလိုမိဘတွေလည်း တစ်ပုံကြီး သားငယ်ရဲ့။ အမှန်တော့ သား သမီးအပေါ် စေတနာထားတာထက်၊ မိဘချင်းပြိုင်၊ အနိုင်ရ ချင်တဲ့စိတ်က ပိုများနေကြတာလေ။
မိဘကြောင့် လူဆိုးဖြစ်၊ ထောင်တန်းကျ၊ မိဘက အတတ်ပညာ သင်မပေးခဲ့လို့ ကုဋေရှစ်ဆယ် သူဌေးသား ခွက် လက်စွဲ တောင်းစားရတဲ့ဘ၀ ရောက်ရတာတွေ ဟိုရှေးတုန်းက ရှိခဲ့သလို အခုခေတ်လဲရှိတယ် သားငယ်ရဲ့။

အမေ့ရဲ့တပည့်လေးတစ်ဦးပေါ့။ ဉာဏ်ရည်မြင့်တယ်။ ကြိုးစားရင် အတန်းထဲမှာ အတော်ဆုံးဖြစ်နိုင်တယ်။ ပညာ သင်ယူလိုဟန်ရှိတာနဲ့ အမြဲဆုံးမမိတယ်။ နားထောင်ပြီး စာကြိုး စားတာတွေ့ရလို့ ၀မ်းသာနေမိတယ်။
မကြာပါဘူး၊ ကျောင်းလစ်တာနဲ့၊ ကျောင်းသားချင်း ရန် ဖြစ်တာနဲ့ ဒုံရင်းရောက်သွားရော။

သူ့အပေါင်းအသင်းတွေက မကောင်းတဲ့အပြင်၊ မိဘတွေကပါ မဆုံးမကြဘူး။ ကောင်းရာမညွှန်ဘူး။ ရန်ဖြစ်ရင် `ဦးအောင်သာဆော်ခဲ့၊ မညံ့ခဲ့နဲ့´ လို့ မှာကြားတာ။ သူ့ခြေရာကိုနင်းစေချင်တာတဲ့။ သူ့အဖေက ထောင်ထွက်လူမိုက်လို့ ဂုဏ်တယူယူနဲ့ပေါ့။

ဓါတ်ညံ့ဆိုတာ ကူးစက်မြန်လေတော့ အမေ့တပည့် လည်း မိုက်သွားပြီပေါ့။ မြို့ဘုရားပွဲညမှာ သူငယ်ချင်းတစ်စု၊ မူုးယစ်သောက်စား၊ ပျော်ပါး၊ စကားများကြပြီး၊ တပူးတတွဲတွဲ၊ ချစ်လှချည့်ရဲ့ဆိုတဲ့ သူငယ်ချင်းကို ဓါးနဲ့ထိုးလိုက်တယ်။ ဓါးထိုး ခံရသူလဲ သေ၊ သူလဲ ထောင်တွင်းဝင်သွားရရော။

နောက်တစ်ဦး ရှိသေးတယ်။ အဲဒါက သားငယ်နဲ့ အတန်းတူ ကျောင်းသားလေ။ အတန်းတူပေမယ့် အသက်က ကြီးတယ်။ တစ်တန်းလုံးအပေါ် ဗိုလ်ကျအနိုင်ယူချင်တဲ့ ကျောင်းသား။ သူ့ရဲ့အနိုင်ကျင့်မှုကို ဆရာက ဆုံးမတယ်။ ဆရာရဲ့ ဆုံးမမှုကို မနာခံတဲ့အပြင် ဆရာကိုပြန်ရိုက်တယ်။ မိဘကပါ အားပေးအားမြောက်ပြုလို့ အဲဒီကျောင်းသားကို ကျောင်းက ထုတ်လိုက်ရတယ်။ ပညာသင်ကြားခွင့်မရဘူး။ အဲဒါကို မိဘကိုယ်တိုင်က မမှုပေါင်တဲ့လေ။ ပညာမတတ်လဲ ထမင်းစားရ တာပါပဲလို့ ဆိုတယ်။

မကောင်းတဲ့လမ်းကြောင်းဆီသို့ သားသမီးများကို ကိုယ်တိုင်ပို့ပေးနေသူဖြစ်မှန်းလဲ မိဘများကိုယ်တိုင် မသိဘူး ဖြစ်နေကြတယ်။

ဒါက တစ်ဘ၀အတွက်တင်ပါ။ နောင်ဘ၀သံသရာ အတွက် ကိုးကွယ်ရာမများဖို့၊ ရတနာ မြတ်သုံးပါးသာလျှင် ကိုးကွယ်ရာအစစ်ဖြစ်ကြောင်း ညွှန်ပြဖို့ မိဘမှာ တာဝန်အရှိဆုံး လို့ အမေယူဆတယ်။
အခြေခံအကျဆုံးက အထက်တန်းစား ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက်ဖြစ်အောင် ပြုစု၊ ပျိုးထောင်ပေးဖို့ပါပဲ။ ကိုးကွယ်ရာများတဲ့ အမွေဆိုးတွေ သားသမီးတွေဆီ လက်ဆင့် ကမ်းမပေးသင့်ဘူး။

အန္တရာယ်ကြီးလွန်းလို့ပါကွယ်။ သာသနာ ပျောက်ကွယ်နိုင်တဲ့အရေးကွဲ့။ ဗုဒ္ဓသာသနာတော်ကြီး အိန္ဒိယ မြေပေါ်က ပျောက်ကွယ်ခဲ့ရတာ ကိုးကွယ်ရာ များမှုတွေကြောင့် ပေါ့။

ကိုးကွယ်ရာများတဲ့ မိစ္စာဒိဋ္ဌိအယူက အပြစ်အကြီးဆုံးပဲ။ အပါယ်ငရဲကို ကျိန်းသေကျမှာ။ ကမ္ဘာပျက်တောင်မှ ငရဲက မလွတ်ဘူး။ တစ်ခြားမပျက်တဲ့ ကမ္ဘာက ငရဲတွေဆီ ပြောင်းရွှေ့ ခံရတယ်။

အမိရင်းကိုသတ်ခြင်း၊ အဘရင်းကိုသတ်ခြင်း၊ ရဟနာ ကိုသတ်ခြင်း၊ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာတော်အား သင်းခွဲခြင်းဆိုတဲ့ သိပ်ကိုအပြစ်ကြီးတဲ့ ပဉ္စာ နန္တရိယကံကို ကျူးလွန်တာတောင်မှ ဒီကမ္ဘာတည်သည်အထိပဲ ငရဲခံရတယ်။ ကမ္ဘာပျက်ရင် ငရဲကလွတ်တယ်။

ကဲ သားငယ်ရေ၊ ကိုးကွယ်မှုမှားတာ များတာက အပြစ် အကြီးဆုံးခံရမယ့် သာသနာပျောက်ကွယ်စေရေး လမ်းကြောင်း။ ဒီလမ်းကြောင်းဆီ မရောက်အောင် သားသမီးတွေကို မိဘတွေက တားရမယ်။

သမ္မာဒိဋ္ဌိလမ်းကြောင်းမှန်ကို ညွှန်ပြ ရမယ်။ ဒါက မိဘတွေရဲ့ အကြီးမားဆုံး တာဝန်လို့ အမေ ယူဆတယ်။
ဒါကြောင့် မမှီဝဲ၊ မဆည်းကပ်ဘဲ နေလို့မရတဲ့၊ အနီး ကပ်ဆုံး အတူနေရတဲ့ မိဘက၊ လူမိုက် မဖြစ်ဖို့ အရေးကြီး တယ်လို့ အမေတွေးမိတာပေါ့ သားငယ်ရဲ့။

မိဘရဲ့ကောင်းရာညွှန်တဲ့ လမ်းကြောင်းပေါ်မှာ ကောင်းတာလုပ်၊ ကောင်းတာပြော၊ ကောင်းတာကြံစည်၊ ကောင်းအောင် ကြိုးစားသူ၊ မင်္ဂလာနဲ့ပြည့်စုံသူဖြစ်ပါစေလို့ အမေဆန္ဒပြုပါတယ်။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

အမေ

http://www.pti31.com/

ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် - ၁

သားငယ်
လူ့ပြည်လောကကြီးကို စည်ပင်သာယာ၊ ၀ပြော၊ ချမ်းသာစေနိုင်တဲ့ စီမံကိန်းကြီးတစ်ခုကို အမေရေးပြသွားမယ်။ ဘယ်လိုစီမံကိန်းကြီးလဲလို့ တွေးမိသလားကွယ်။

အဲဒါကတော့ (၃၈)ဖြာမင်္ဂလာတရားတော်ဖြစ်တယ်။ `ဒါလား၊ သားငယ်သိပြီးပါ` လို့ သားယူဆချင်ယူဆမှာပဲ။ ဗုဒ္ဓဘာသာဝင်တိုင်းလည်း သိပြီးတဲ့ နာမည်ကျော်တရားကိုး။
အာဂုံအလွတ်ရချင်ရမယ်၊ အဓိပ္ပါယ်တော့ ဂဃနဏ မသိဘူးမဟုတ်လား။ ငယ်စဉ်က ဆရာကြီးဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျာလေးတွေ ရွတ်ဆိုခဲ့ရလို့ အထိုက်အလျောက်တော့ သိပြီးဖြစ်မှာပေါ့။


(၃၈) ဖြာမင်္ဂလာတရားတော်ရဲ့ ထူးခြားချက်က မင်္ဂလာ တရားမဟောခင်၊ အုတ်အော်သောင်းတင်း ကောလာဟလ ဖြစ်ပြီးမှ ဟောရတဲ့တရားတော်ဖြစ်တယ်။ နတ်နဲ့လူအပေါင်း တို့ဟာ မင်္ဂလာကို တစ်ဆယ့်နှစ်နှစ်တိုင်အောင် ကြံဆခဲ့ကြတယ်။ အမြင်စွဲမင်္ဂလာ (ဒိဌမင်္ဂလာ)၊ အကြားစွဲ မင်္ဂလာ (သုတမင်္ဂလာ)၊ အနံ့၊ အရသာ၊ အတွေ့အထိစွဲမင်္ဂလာ (မုတမင်္ဂလာ)စတဲ့ မင်္ဂလာ အယူအဆအမျိုးမျိုးတို့ကို လူနတ်အဖြာဖြာတို့ အငြင်းပွားခဲ့ ကြတယ်။ ချမ်းသာခြင်းအကြောင်း ကောင်းမြတ်သော မင်္ဂလာကို မသိခဲ့ကြဘူး သားငယ်ရဲ့။

အမျိုးအမည် မထင်ရှားတဲ့ နတ်သားတစ်ပါးက သန်းခေါင်ယံမှာ မြတ်စွာဘုရားထံမှောက် အရောက်လာပြီး တောင်းပန်လျှောက်ထားလို့ နတ်တို့ထက်နတ် အမြတ်ဆုံး မြတ်စွာဘုရားက မကောင်းမှုမှန်သမျှ ပယ်ဖျောက်တတ်သော သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်ကို တစ်လောကလုံးရဲ့ အကျိုးစီးပွားအလို့ငှာ ဟောတော်မူခဲ့တယ်။ ဟောကြားတဲ့ နေရာက သာဝတ္ထိြိပည်၊ အနာထပိဏ်သူဌေးရဲ့ ဇေတ၀န် ကျောင်းတိုက် ဖြစ်တယ်။

မင်္ဂလာတရားတော်က လူမှုရေး အများဆုံးပါတဲ့တရား ဖြစ်တယ်။ လောကီကြီးပွားရေးကို လမ်း ညွှန်ပေးရုံမက၊ လောကုတ္တရာ ဘ၀ငြိမ်းချမ်းရေးအတွက် နိဗ္ဗာန်ရသည်အထိ အဆင့်မှန်မှန် အပြည့်စုံဆုံး လမ်းညွှန်ပေးတဲ့ တရားတော်လည်း ဖြစ်တယ်။ တရားတော်အတိုင်း ကျင့်ကြံအားထုတ်သူကို ပညာ ပြည့်ဝ နှလုံးလှပြီး ချမ်းသာသုခရစေတယ်။

အခြေခံလောကီကြီးပွားရေးနဲ့ သက်ဆိုင်တဲ့ မင်္ဂလာက (၂၁) ပါးရှိတယ်။ အသက်ပိုင်း၊ အရွယ်ပိုင်းနဲ့ပြောရရင် ပထမ အရွယ် အသက်(၂၀)အထိက ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ (၃)ပါး၊ နေထိုင်ရေး မင်္ဂလာ(၃)ပါး၊ ပညာရေးမင်္ဂလာ(၄)ပါး၊ ပေါင်း(၁၀)ပါး ပါဝင်တယ်။
ဒုတိယအရွယ် အသက်(၂၀)မှ (၄၀)အထိက လုပ်ကျွေး မွေးမြူရေး မင်္ဂလာ(၃)ပါး၊ လူထုအကျိုးပြု မင်္ဂလာက(၄)ပါး၊ ကိုယ်ကျင့်ကောင်းမွန်ရေး မင်္ဂလာက(၄)ပါး၊ ပေါင်း(၁၁)ပါး ပါဝင် တယ်။ အသက်(၄၀)အရွယ်များအတွက်က မင်္ဂလာ(၂၁)ပါးပေါ့။

တတိယအရွယ် အသက်(၄၀)ကျော်ကနေ (၆၀)အထိ တော့ အထက်တန်းဆက်ဆံရေး မင်္ဂလာ (၅)ပါးနဲ့ အထက်တန်း ပညာရရှိရေးမင်္ဂလာ(၄)ပါး၊ ပေါင်း(၉)ပါး၊ လောကီအတွက် မင်္ဂလာ(၃၀)၊ လောကုတ္ဈရာအတွက်မင်္ဂလာ(၈)ပါး။

သားငယ်က အသက်(၂၀)ကျော် အရွယ်ဆိုတော့ မင်္ဂလာ(၂၁)ပါး ကျင့်ရမှာပေါ့။ လူပျိုလူလွတ်ဖြစ်လို့ သားမယား ချီးမြောက်ရေးမင်္ဂလာ(၁)ပါးနှုတ်လိုက်ရင် မင်္ဂလာ(၂၀)ကျန်မယ်။

`အပါး(၂၀)ကြီးများတောင် ကျင့်ကြံရမှာလား´ လို့ များ တယ်မထင်နဲ့ဦး သားငယ်ရေ့။ အဓိက မင်္ဂလာကိုဆောင်လိုက် ရင် ကျန်တဲ့မင်္ဂလာ(၅)ပါးက ပြည့်စုံလာတာဆိုတော့ အခြေခံ မင်္ဂလာ(၆)ပါး ဆောင်လိုက်ရင် သားတို့အရွယ်အတွက် ပြည့်စုံပြီ လို့ဆိုရမယ်။

အသက်(၆၀)ကျော်လာတော့ အမြတ်ဆုံးပန်းတိုင်ဖြစ် တဲ့ နိဗ္ဗာန်ကို မျှော်မှန်းလာပြီလေ။ ဒီတော့ အမြတ်ဆုံး လောကုတ္တရာ ပညာရရှိရေး၊ မင်္ဂလာ(၄)ပါး၊ အမြတ်ဆုံး လောကုတ္တရာချမ်းသာရရှိရေး မင်္ဂလာ(၄)ပါး၊ ပေါင်း(၈)ပါး၊ အားလုံးပေါင်းတော့ (၃၈)ပါး၊ (၃၈)ဖြာ မင်္ဂလာပေါ့။

သားငယ်ရေ မြတ်စွာဘုရားဟောကြားတဲ့ တရားက လူမျိုးမရွေး၊ ဘာသာမရွေး၊ လက်ခံကျင့်ကြံ နိုင်တဲ့ တရားပါ။ အခြားဘာသာဝင်တွေအနေနဲ့ လိုက်နာဖို့ ခက်ခဲတဲ့ တရား(၃)ပါးသာရှိတယ်။ အဲဒါကတော့ ရဟန်းသံဃာတို့ကို ဖူးမြော်ခြင်း၊ သစ္စာ(၄)ပါးကိုသိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရခြင်းဆိုတဲ့ မင်္ဂလာ(၃)ပါးပဲ ဖြစ်တယ်။

မင်္ဂလာတရားတော်နဲ့အညီ လိုက်နာကျင့်သုံးသူမှန်သမျှ အကျိုးစီးပွား ဖြစ်ထွန်းတယ်။

ရန်သူအနိုင်မခံရ၊ ချမ်းသာ ကြီးပွားတယ်၊ စစ်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရစေတဲ့တရားပါပဲ။ မင်္ဂလာတရားက မှတ်သားအပ်၊ ကျင့်သုံးအပ်တဲ့ တရားပါ သားငယ်။

မကောင်းပယ်ဖြတ်၊ အကျင့်မြတ်၊ မှတ်အပ်မင်္ဂလာ၊
တိုးတက်ကြီးပွား၊ အကျင့်များ၊ မှတ်သားမင်္ဂလာ၊
သုံးပုံပိဋကတ်၊ အဆီမြတ်၊ မှတ်အပ်မင်္ဂလာ။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

အမေ

http://www.pti31.com