ဒီနေရာလေးကို

Tuesday, November 16, 2010

*နေရာ*

တခါက တက္ကသိုလ် တခု၏ ဟောပြောပွဲ တခုတွင် ဖြစ်သည်။ ဟောပြောမည့် ဆရာမှာ နာမည်ကြီး
ဆရာတဦးဖြစ်သောကြောင့် ခန်းမတခုလုံး ပြည့်လုနီးပါး ရှိနေပြီ။
ကျွန်တော်ရောက်သွားချိန်တွင် လူအများက လမ်းဘေးဝဲယာ စင်္ကြ့တလျောက်တွင်
နေရာဦးထားပြီးဖြစ်သည်။ အ၀င် အထွက်ခက်သော အလယ်ခုံနှင့် နောက်ဆုံးခုံများတွင်
နေရာလွတ် အနည်းငယ် ကျန်နေသေးသဖြင့် နေရာလွတ်တခုတွင် ကျွန်တော် ထိုင်လိုက်ပြီး
စင်ပေါ်သို့လှမ်းကြည့်မိလိုက်သည်။ ဆရာမှာ ရောက်နှင့်နေပြီဖြစ်သည်။

ဟောပြောပွဲသို့ ကျောင်းသားများ တဖွဲဖွဲ ထပ်ရောက်လာပြီး တခဏချင်း ခန်းမတခုလုံး
ပြည့်သွားသည်။ ဟောပြောပွဲစသောအခါ ဆရာက စင်ပေါ်မှ ဆင်းပြီးခန်းမ၏
နောက်ဆုံးခုံတန်းထိ လျောက်သွားသည်။ ထိုနောက် အလယ်ခုံတွင် ထိုင်နေသော
ကျောင်းသူတဦးအား ထိုးပြကာ ကျောင်းသားများဖက် လှည့်ပြီး " တပည့်တို့ ဟောပြောပွဲ
မစခင် ဒီကျောင်းသူကို ဆရာအရင်ဆုံး ဂါရ၀ပြုပါရစေ" ပြောရင်းဆိုရင်း ဆရာက
ထိုကျောင်းသူအား ဦးညွှတ် အလေးပြုလိုက်သည်။

ခန်းမမှာ ခဏမျှ အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ ဘာကြောင့်
ထိုကျောင်းသူအား ဆရာက အလေးပြုရသလဲ... လူအများက သိချင်နေကြသည်။ ဆရာက အလေးပြုရာမှ
ဦးမတ်လိုက်ပြီး ညင်သာသော အသံဖြင့် " ဆရာသူ့ကို အလေးပြုရတဲ့ အကြောင်းက သူဟာ
အထဲဆုံးခုံကို ရွေးခဲ့လို့ပဲ" ဆရာ၏ စကားကို ကြားသော် ကျောင်းသားများက
လှုပ်လှုပ်ရွရွဖြစ်လာကြပြီး တယောက်တပေါက် တီးတိုး ထင်မြင်ချက်တွေပေးကြသည်။

ဆရာက ဆက်၍.... "ဆရာဟာ ဒီခန်းမကို အရင်ဦးဆုံး ရောက်လာခဲ့သူပါ။
ကျောင်းသူကျောင်းသားတွေ ခန်းမထဲ စ၀င်လာတာကို ဆရာထိုင်ပြီး သတိထား
ကြည့်နေခဲ့တယ်။ အရင်လာတဲ့ ကျောင်းသားတွေဟာ ၀င်လာတာနဲ့ နေရာကောင်းတွေကို
ဦးထားကြတယ်။ စင်နဲ့နီးတဲ့ လမ်းဘေး ၀ဲယာတလျောက်ဟာ သူတို့အတွက် အကောင်းဆုံး
နေရာပေါ့။ ၀င်လို့ ထွက်လို့ကောင်းမယ်။ စင်နဲ့လည်း နီးတော့ ကောင်းကောင်း
ကြားရတာပေါ့။ ဒီကျောင်းသူဝင်လာတော့ ဆရာသတိထားမိတယ်။ သူဝင်လာတုန်းက စင်နဲ့
နီးတဲ့ နေရာတွေမှာ နေရာလွတ်တွေ ရှိနေသေးတယ်။ ဒါပေမဲ့
သူဟာနောက်ဆုံးတန်းထိလျောက်ပြီး အထဲဆုံးမှာ သွားထိုင်နေတယ်။ အဲဒီနေရာက
ဝင်လို့ထွက်လို့လဲ မလွယ်ဘူး။ သူဟာ နေရာကောင်းကို တခြားလူအတွက် ချန်ပေးပြီး
ကိုယ့်အတွက် ကျတော့  မကောင်းတဲ့ နေရာကို ယူတယ်။သူ့ရဲ့ ဒီလိုစိတ်ဓာတ်ကို
လေးစားပြီး အလေးပြုဖို့ မသင့်ပေဘူးလား"

ဆရာက ဆက်၍ "နောက်ပိုင်း ဆရာ သတိထားမိတယ်။ နေရာကောင်းလို့ ထင်ပြီး ရွေးလိုက်တဲ့
ကျောင်းသားတွေဟာ ပိုဒုက္ခရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ခုံနဲ့နောက်ခုံရဲ့
အကွာအဝေးဟာ ကျဉ်းတယ်။ နောက်ရောက်လာတဲ့ ကျောင်းသားတွေက အထဲကို ၀င်ချင်ရင် အပြင်
နေရာကောင်းမှာ ထိုင်နေတဲ့ လူတွေက ထထပေးရတယ်။ ဆရာ ခန့်မှန်းကြည့်တော့
နာရီဝက်အတွင်းမှာ အဲလို "နေရာကောင်း" ကိုယူထားတဲ့ ကျောင်းသားတွေ ထထပြီး
လမ်းဖယ်ပေးရတာ ဆယ်ခါမကာဘူး။ အဲ.... ဟိုနောက်ဆုံး အထဲဆုံးမှာ ထိုင်နေတဲ့
ကျောင်းသူကတော့ ထပေးစရာမလိုဘဲ ငြိမ်ငြိမ်သက်သက်နဲ့ အနှောင့်အယှက်ကင်းကင်း
သူ့စာအုပ်ကို သူဖတ်နေခဲ့တယ်။"

ဆရာက ခဏနားပြီး ခန်းမ တခုလုံးကို အကဲခတ် ကြည့်လိုက်သည်။ ထို့နောက် အားပါသော
လေသံဖြင့်.....
*" တပည့်တို့ မှတ်ထားကြပါ။ ကိုယ့်စိတ်ထဲမှာ ကိုယ့်အတွက်ပဲလို့ ထင်လိုက်တဲ့
အချိန်မှာ ဒုက္ခဟာလဲ ကိုယ့်အတွက်ဖြစ်သွားတယ်။ ကိုယ့်စိတ်ထဲမှာ သူ့တပါးအတွက်လို့
ထင်လိုက်တဲ့ အချိန်မှာ သူတပါးက ကိုယ့်အတွက် အဆင်ပြေမူတွေကို မသိမသာနဲ့
ပေးနေခဲ့တယ်"*

ဆရာ့စကားသံ အဆုံး ခန်းမတခုလုံး သြဘာသံများဖြင့် ဟိန်းသွားခဲ့သည်။
လက်ရှိဖြစ်ပျက်နေသော အဖြစ်တခုဖြင့် ဥပမာပေးပြီး ဆရာက လူ့ဘ၀တွင် ဆင်ခြင်သုံးသပ်
သင့်သည့်အရာကို ရှင်းပြသွားခဲ့သည်။

အခွင့်အရေး

ကျွန်တော်၊ ဇနီးနဲ့ နှစ်နှစ်သမီးလေး Oregon State မှာရှိတဲ့ Red River Valley တစ်နေရာမှာ ချောင်ပိတ်မိနေခဲ့တယ်။
လူသူအရောက်နည်းတဲ့ နှင်းတလင်းပြင်မှာ ကျွန်တော်တို့ကား ပျက်သွားလို့ဖြစ်တယ်။

နှစ်နှစ်ကြာ လေ့ကျင့်ခဲ့ရတဲ့ ဆရာဝန်သင်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲကျင်းပဖို့ ကျွန်တော်တို့ မိသားစု
ခရီးထွက်ခဲ့ကြတယ်။ ဒါပေမယ့် သင်ခဲ့တဲ့ဆေးပညာနဲ့ ပျက်နေတဲ့ကားတစ်စီးကို ကောင်းအောင် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။

ဒီအဖြစ်က အနှစ်၂ဝရှိခဲ့ပြီ ဆိုပေမယ့် အခုချိန်ထိ ကျွန်တော့်မှတ်ဥာဏ်ထဲမှာ Oregon State က ကောင်းကင်ပြာလိုပဲ
ကြည်လင်နေဆဲဖြစ်တယ်။ အဲဒီနေ့မနက်က အိပ်ရာနိုးတာနဲ့ မီးဖွင့်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ ဒါပေမယ့် အမှောင်ထဲမှာ
ကျွန်တော်တို့ ပိတ်မိနေပြီ ဆိုတာကို ကျွန်တော်သတိထားလိုက်မိတယ်။ ကြိုးစားပြီး ကားစက်ကို ကျွန်တော်နိုးကြည့်ပေမယ့်
အရာမရောက်ခဲ့ဘူး။ ကားထဲကနေ ကျွန်တော်ထွက်ပြီး စိတ်တိုတိုနဲ့ အော်ဟစ်ကျိန်ဆဲလိုက်မိတယ်။ ဒါပေမယ့်
ကျွန်တော်ဆဲဆိုသံကို ပတ်ဝန်းကျင်အမှောင်က ဖုံးအုပ်ခဲ့တယ်။

ကားက ဘက်ထရီကုန်သွားလို့ ဖြစ်မယ်လို့ ဇနီးနဲ့ကျွန်တော် တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော့်ခြေထောက်တွေက
ကျွန်တော်ကားပြင်တဲ့ အတတ်ထက် ပိုကောင်းတဲ့အတွက် ကားလမ်းမကြီးပေါ်အထိ လမ်းလျှောက်ပြီး
အကူအညီတောင်းဖို့ ကျွန်တော်ဆုံးဖြတ်တယ်။ ဇနီးနဲ့သမီးကိုတော့ ကားပေါ်မှာ စောင့်ခိုင်းစေခဲ့တယ်။

အချိန် ၂နာရီ ကြာပြီးနောက် အဆစ်လွဲသွားတဲ့ ခြေထောက်တစ်ဖက်နဲ့ လမ်းမကြီးပေါ် ကျွန်တော် ထော့နဲ့ထော့နဲ့
ရောက်လာခဲ့တယ်။ သစ်တွေတင်ထားတဲ့ ကားတစ်စီးကိုတွေ့လို့ ကျွန်တော်လက်ပြ အကူအညီတောင်းလိုက်တယ်။
အဲဒီ သစ်တင်ကားက ကျွန်တော့်ကို ဓာတ်ဆီဆိုင်တစ်ဆိုင် အရောက်မှာ ဆင်းခိုင်းခဲ့ပါတယ်။

ဓာတ်ဆီဆိုင်ထဲ ကျွန်တော်လှမ်းဝင်လိုက်တယ်။ ရုတ်တရက် တနင်္ဂနွေနေ့ ဆိုင်ပိတ်တယ်ဆိုတဲ့ အတွေးက
ကျွန်တော့်စိတ်ကို တောင့်တင်းသွားစေခဲ့တယ်။ ဒါပေမယ့် အများသုံးဖုန်းနဲ့ စုတ်ပဲ့ဟောင်းမြေ့နေတဲ့ ဖုန်းစာအုပ်တစ်အုပ်က
ကံကောင်းစွာနဲ့ အဲဒီနေရာမှာ ရှိနေခဲ့တယ်။ မိုင် ၂ဝကျော်လောက်ဝေးတဲ့ မြို့တစ်မြို့က တစ်ခုတည်းသော ကားဝပ်ရှော့ကုမ္ပဏီကို
ကျွန်တော်ဖုန်းဆက်လိုက်တယ်။ ကားပြင်ဆရာ ပေါ့ပ်က ကျွန်တော်ရှင်းပြတဲ့ အခက်အခဲကို နားထောင်ပြီး "ကောင်းပြီ" လို့ အဖြေပေးတယ်။

နေရာအတည်တကျ သူ့ကို ကျွန်တော်ပြောပြလိုက်တယ်။

"တနင်္ဂနွေနေ့တိုင်း ကျွန်တော်နားတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး.. နာရီဝက်အတွင်း အဲဒီနေရာကို ကျွန်တော်လာခဲ့မယ်"

ပေါ့ပ်အပြောကြောင့် ကျွန်တော်သက်ပြင်းချနိုင်ခဲ့တယ်။ ဒါပေမယ့် ကားပြင်စရိတ် သူပိုတောင်းမှာကို ကျွန်တော်စိုးရိမ်မိပြန်တယ်။

အနီရောင် လက်လက်ထနေတဲ့ ကရိန်းကားကို မောင်းပြီး ပေါ့ပ်ရောက်လာခဲ့တယ်။ သူကားနဲ့ ကားပျက်တဲ့နေရာကို ကျွန်တော်တို့
ရောက်လာခဲ့ကြတယ်။

နေရာအရောက် ကားပေါ်က ကျွန်တော်ခုန်ချပြီး ပေါ့ပ်ကိုလှည့်ကြည့်တဲ့အခိုက် ကျွန်တော် အံ့သြတုန်လှုပ်သွားခဲ့မိတယ်။
ချိုင်းထောက်နှစ်ဖက်ကို အားပြုပြီး ပေါ့ပ် ကားပေါ်က ဆင်းလာတာကို တွေ့လိုက်တယ်။ သူ့အောက်ပိုင်းတစ်ခုလုံးက
ဗလာကြီးဖြစ်လို့.. ချိုင်းထောက်ကို အားပြုပြီး ကားပြင်ဖို့ ပေါ့ပ်ပြင်ဆင်နေချိန် ကျွန်တော်ခေါင်းထဲ ကိန်းဂဏန်းတစ်ချို့
ပေါ်လာပြန်တယ်။ ကျွန်တော့်ကို ကားပြင်ခ သူဘယ်လောက်တောင် တောင်းလိုက်မလဲ?

"သြော်... ကားက ဘက်ထရီကုန်သွားတာ.. ဘက်ထရီအား ခဏသွင်းလိုက်တာနဲ့ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် ခရီးဆက်နိုင်ပြီ"

ပေါ့ပ်က ဘက်ထရီကို အားသွင်းလိုက်တယ်။ ဘက်ထရီသွင်းနေတုန်း ကျွန်တော့်သမီးကို ပေါ့ပ်က အပျော်မျက်လှည့်ပြနေခဲ့တယ်။
ဓာတ်အားသွင်းပြီး ကြိုးတွေ ပေါ့ပ်သိမ်းဆည်းနေတဲ့အချိန် ကုန်ကျစရိတ်ကို ကျွန်တော်မေးလိုက်တယ်။

"ဟာ... မလိုပါဘူး.. ပေးစရာ မလိုပါဘူး" ပေါ့ပ်အဖြေက ကျွန်တော့်ကို တွေဝေသွားစေခဲ့တယ်။ ကျွန်တော် ထပ်မေးလိုက်ပြန်တယ်။

"မလိုပါဘူးဗျာ.. ကျွန်တော် ဗီယက်နမ်မှာတုန်းက ဒီထက်ဆိုးတဲ့ အခက်အခဲကိုတောင် လွတ်မြောက်လာနိုင်ခဲ့သေးတာပဲ။
အဲဒီတုန်းက ကျွန်တော်ခြေနှစ်ချောင်းလုံး ပြတ်သွားခဲ့တယ်။ ကျွန်တော့်ကို ကယ်ခဲ့တဲ့လူက ဒီအကြင်နာကို
ထပ်လက်ဆင့်ကမ်းဖို့ မှာခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို ခင်ဗျားတစ်ပြားမှ ပေးစရာမလိုဘူး။ ဒါပေမယ့် တစ်ခုတော့
မှတ်ထားပေးပါ။ အခွင့်အရေးရတာနဲ့ ဒီအကြင်နာကို တစ်ခြားလူဆီ လက်ဆင့်ပြန်ကမ်းပေးပါ"

Good Tips for Everything!

ကျွန်မတို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင်
ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊
လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ
လိုအပ်ပါတယ်ရှင်။ တစ်နေ့က ကျွန်မရဲ့ Mail Box ထဲကို ရောက်လာတဲ့ Forward
Mail တစ်စောင်ထဲက အကြောင်းအရာတွေကို ကြိုက်နှစ်သက်တာနဲ့ ဒီမှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်ရှင်။ အရေးကြီးတဲ့ အချက် 40 တိတိကို
ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward
လုပ်လိုက်ပါတဲ့။ ကျွန်မကတော့ တစ်ရက်ကို လူ ၁၀၀ ကျော်လောက် လာဖတ်နေကြတဲ့
ကျွန်မရဲ့ ဘလောဂ့်မှာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ အားလုံးကို ကျွန်မက

အကြင်နာကိုလက်ဆင့်ကမ်းပါ

အနှစ် ၂ဝတိုင်ခဲ့ပါပြီ... ဆေးကျောင်းနဲ့ဆေးဆောင် ခေါက်တုံ့ခေါက်ပြန် ကျွန်တော်အလုပ်များနေခဲ့တယ်။
ကျောင်းက ဆေးကျောင်းသားတွေကို ကျွန်တော် လေ့ကျင့်သင်ကြားပေးခဲ့ရတယ်။

တစ်ခြားနယ်ကလာတဲ့ ဒုတိယနှစ်ကျောင်းသူစင်ဒီ ကျွန်တော့်ဆီ စာလာသင်တာ ၁လရှိပါပြီ။ သူ့မိခင်လည်း
သူနဲ့ ခဏလိုက်နေတဲ့အတွက် ဆေးရုံအနီးအနားမှာပဲ သူတို့နေခဲ့ကြတယ်။ စစချင်းမှာ အရက်ကြောင့်၊
မူးယစ်ဆေးကြောင့် ရောက်လာတဲ့ လူနာတွေနဲ့ ကျွန်တော်တို့ စမ်းသပ်လေ့ကျင့်ခဲ့ကြတယ်။
အဲဒီလူနာကို ကုသဖို့ ကုသနည်းတွေ ကျွန်တော်တို့ ဆွေးနွေးကြတဲ့အချိန် စင်ဒီမျက်ရည်ဝဲနေတာကို ကျွန်တော်သတိထားခဲ့မိတယ်။

"ဒီကိစ္စကို မဆွေးနွေးချင်လို့လား စင်ဒီ"

"မဟုတ်ပါဘူး.. ဆရာ။ အဲဒီလူနာက ကျွန်မ အမေလည်းဖြစ်နိုင်လို့ပါ"

နေ့လယ်စာ စားပြီးနောက် နှစ်ရှည်ကြာ အရက်ကျေးကျွန်ဖြစ်နေတဲ့ စင်ဒီ့မိခင်အကြောင်းကို အစည်းအဝေးခန်းထဲမှာ
ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ စင်ဒီက မျက်ရည်တစ်ဖက်၊ နှပ်တစ်ဖက်နဲ့ သူခံစားခဲ့ရတဲ့ အရှက်၊
ဒေါသ၊ အကဲ့ရဲ့တွေကို ပြောပြခဲ့တယ်။

စင်ဒီ့ မျော်လင့်ချက်တွေ ပြည့်ဝအောင် သူ့မိခင်ကို ဆေးကုဖို့ ကျွန်တော်စကားစလိုက်တယ်။ ပြီးတော့ သူ့မိခင်အတွက်
စိတ်နဲ့ဆိုင်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ ကျွန်တော်စီစဉ်ပေးလိုက်တယ်။ မိသားစု၊ ဆွေမျိုးတွေရဲ့ အားပေးကူညီမှုအောက်မှာ
အရက်ဖြတ်ကုသဖို့ စင်ဒီမိခင် သဘောတူလိုက်တယ်။ အရက်သေစာ သောက်စားတဲ့ မိခင်ကြောင့် စင်ဒီတို့ရဲ့
မိသားစုဘဝ မသာမယာဖြစ်ခဲ့ရတယ်။ အခုတော့ သူတို့မိသားစုရဲ့ မျက်နှာပေါ်မှာ မျော်လင့်ချက် အလင်းတွေကို
ကျွန်တော်ပထမဆုံးအကြိမ် တွေ့လိုက်ရပါတယ်။

"ဆရာ့ကို ဘယ်လိုကျေးဇူး ဆပ်ရမလဲ မသိဘူး" စင်ဒီအမေးကြောင့် နှင်းပြင်မှာ ပိတ်မိခဲ့တဲ့အဖြစ်နဲ့ အောက်ပိုင်းပြတ်နေတဲ့
ကားပြင်ဆရာကို ကျွန်တော်ပြေးမြင်ယောင်လိုက်မိတယ်။ အဲဒီနောက် စင်ဒီကို ကျွန်တော်ပြန်ပြောလိုက်တယ်။

"ဒီအကြင်နာကို လက်ဆင့်ကမ်းပါ.. စင်ဒီ"

ဟုတ်ပါတယ်... ကျေးဇူးပြုပြီး အကြင်နာတွေကို လက်ဆင့်ကမ်းပါ။ ဒီလောကကြီး ပိုပျော်ရွှင်စရာ ကောင်းလာပါလိမ့်မယ်။

ကျွန်တော်တို့က ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာ အနည်းအများ၊ ကားအကြီးအသေးတွေနဲ့ အောင်မြင်မှုကို တိုင်းတာခဲ့ကြတယ်။
ဝန်ဆောင်မှု အရည်အချင်း၊ လူလူချင်း အပြန်အလှန် နွေးထွေးဆက်ဆံမှုတွေကမှ အောင်မြင်မှုရဲ့ တကယ့်စံထားဆိုတာကို
ကျွန်တော်တို့ မသိခဲ့ကြတယ်။-- Martin. Luther. King II

*သူတို့အကြောင်း ဖတ်မိသမျှ*

_အမျိုးသမီးများမှာ အမျိုးသားများထက် အကွက်ကြိုမြင်ကြသည်။
အမျိုးသားများမှာ ထိုအချက်ကို ကြိုသိထား၍ အမျိုးသမီးများကို
တစ်ပတ်ရိုက်ကြကုန်၏။

_အမျိုးသမီးများ၌ အမှားများစွာရှိသည်။ အမျိုးသားများ၌မူ
အမှားနှစ်ခုသာရှိ၏ ။ ယင်းမှာ ထင်ရာစွတ်ပြောခြင်းနှင့်
ထင်ရာစွတ်လုပ်တတ်ခြင်း ဖြစ်သည်။

_မိန်းမများဖြုန်းနိုင်သည့် ငွေပမာဏထက် ၀င်ငွေပိုရှာပြနိုင်သူမှာ
အာဂယောက်ျားမည်၏ ။ ထိုယောက်ျားမျိုးကို ရအောင်ရှာယူနိုင်သူကား
အာဂမိန်းမပင် ။

_အမျိုးသားများမှာ အမျိုးသမီးတစ်ဦးဦး၏ အချစ်ဦးဖြစ်လိုကြသည်။
အမျိုးသမီးများမှာမူ အမျိုးသားတစ်ဦးဦး၏ နောက်ဆုံးချစ်သူသာ ဖြစ်လိုကြ၏ ။
အမျိုးသားများမှာ ချစ်ဦးသူမဖြစ်ရသည့်တိုင် စိတ်ပျက်ရန်မလိုပေ ။
ပထမဆုံးသော ခင်ပွန်းသည်ဖြစ်ခွင့်ရှိ၍ ဖြစ်သည်။ အမျိုးသမီးများမှာလည်း
နောက်ဆုံးချစ်သူမဖြစ်ရလျှင်လည်း ၀မ်းမနည်းသင့်ပေ ။
နောက်ဆုံးမိန်းမဖြစ်ရခြင်း ကပင် ကံကောင်းနေ၍ ဖြစ်၏ ။

_မိန်းမတစ်ဦးမှာ ယောက်ျားက ၄င်းကို ချစ်နေရန်သာ လိုလားသည် ။ ၄င်းအား
နားလည်မှုပေးခြင်းကို မလိုလား။ ယောက်ျားတစ်ဦးမှာ မိန်းမတစ်ဦးက ၄င်းကို
ချစ်နေမည်ကို မလိုလား၊ နားလည်မှုပေးခြင်းကိုသာ လိုလား၏ ။

_မိန်းမက နည်းနည်းသာချစ်ပြီး နားလည်မှုများများပေးမည်ဆို လျှင် ယောက်ျားက
ကျေနပ်သည်။ ယောက်ျားက များများချစ်ပြီး နားလည်မှုလည်း များများပေးမည်ဆိုမှ
မိန်းမက ကျေနပ်၏ ။

_မိန်းမများမှာ အပြောင်းအလဲလုပ်လို၍ လက်ထက်ကြခြင်းဖြစ်သည် ။
ယောက်ျားများမှာ ဘာများ ပြောင်းလဲမည်နည်းဟု မျှော်လင့်၍
လက်ထက်ကြခြင်းဖြစ်သည် ။ လက်ထက်ပြီးနောက် ဘာမှမထူးမှန်း သိကြကုန်၏ ။

_လက်ထပ်ပြီး ယောက်ျားများမှာ လက်မထပ်ရသေးသည့် ယောကျာ်းများထက်
အသက်ပိုရှည်ကြသည်။ သေချင်စိတ်လည်းပိုများကြ၏ ။
source : Forwarded Mail

ဒီလို့ တော့မလုပ်ကြပါနဲ့ 

လောကမှာ အပျော်ဆုံးနေ့ ၃ ရက် ရှိတယ် လို့ ပြောကြပါတယ်။ ထက်မြက်အတွက်တော့ ထောင်မကျဖူးတော့ ထောင်ကလွတ်ရင်
ဘယ်လောက် ပျော်တယ် ဆိုတာကိုတော့ မသိပါ။ သာမဏေဘဝကနေ လူဝတ်လဲတာထက်
စာရင် ဘုန်းကြီးဝတ်ရာကနေ လူထွက်တဲ့နေ့က ပိုပြီး ပျော်စရာ ကောင်းတယ် လို့ ထင်ပါတယ်။ အခုတော့ တတိယမြောက်
အမျိုးအစားထဲမှာ ပါတဲ့ အပျော်ဆုံးနေ့ပေါ့။

ထက်မြက် တစ်ယောက် စိတ်တွေ အရမ်းကို လှုပ်ရှား နေပါတယ်။ သူ့ရင်ထဲက စိတ်လှုပ်ရှားမှုက မျက်နှာပေါ်မှာ ထင်ဟပ်
နေပါတယ်။ ထက်မြက်ရဲ့ ဘေးမှာ ရပ်နေတဲ့ သူ့ရဲ့ချစ်သူ သီတာ ကလည်း သူ့လို ခံစား နေရတဲ့ ပုံစံမျိုး ပါပဲ။
ဘယ်တုန်းကမှ မျက်နှာချင်း ဆိုင်လို့ မရခဲ့တဲ့ ဘုဂလန့် ကျလွန်းတဲ့ သီတာ့ရဲ့ အဖေ သူ့ယောက္ခဖ ကြီးက သီတာ ရဲ့
နောက်မှာ ရှုတည်တည်နဲ့ ရပ်လို့။ ယောက္ခဖကြီးရဲ့ ဘေးမှာတော့ သူ့ရဲ့ ယောက္ခမကြီးပေါ့။ ထက်မြက်ရဲ့ အဖေနဲ့
အမေကတော့ ထက်မြက်ရဲ့ နောက်မှာ ရပ်နေကြတယ်။ ဘေးနား ပတ်ဝန်းကျင်က သူငယ်ချင်းတွေ အားလုံးကတော့
မျက်နှာပိုး သတ်ထားပေမယ့် စပ်ဖြဲဖြဲ မျက်နှာတွေ ကိုယ်စီနဲ့ပေါ့။ သူတို့ အခု ရောက်နေတဲ့ နေရာကတော့ စင်ကာပူနိုင်ငံရဲ့
ROM လို့ခေါ်တဲ့ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ မှတ်ပုံတင် ရုံးမှာပါ။

သူတို့ရဲ့ ရှေ့မှာထိုင်နေတဲ့ မင်္ဂလာ အခမ်းအနားကို ဦးဆောင်ဦးရွက် ပြုပေးမယ့် တရားသူကြီးက
စာရွက်ကို ကောက်ကိုင်လိုက်တယ်။ တခန်းလုံး ရှိသမျှ လူတွေ အားလုံးတိတ်ဆိတ် သွားကြတယ်။
နောက်တော့ တရားသူကြီးက အခုလို
အဓိပ္ပာယ် ရတဲ့ စကားကို အင်္ဂလိပ်လို စပြီး ပြောတော့တယ်။

“မင်္ဂလာအခမ်းအနား မစတင်ခင်မှာ မင်းတို့ အခုပြုတော့မယ့် ကတိသစ္စာနဲ့
သက်ဆိုင်တဲ့ အနှောင်အဖွဲ့တွေနဲ့ ကတိသစ္စာရဲ့ လေးနက်တည်ကြည်မှု ကို
ကျွန်ုပ်ရဲ့ ဝတ္တရားအရ သတိပေးရ ပါလိမ့်မယ်။ လက်ထပ်ထိမ်းမြားခြင်း ဆိုတာဟာ
ဥပဒေအရ ပြောရရင် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခြားသူတွေကို
ဘေးဖယ်ပြီး မိမိတို့ သဘောဆန္ဒအရ ဘဝတစ်ခုကို စတင်တဲ့ ပေါင်းစည်းခြင်း ကို ခေါ်ပါတယ်။
အခု မစ္စတာ ထက်မြက် နဲ့ မစ်စ် သီတာ တို့ဟာ ဒီနေရာကို လင်မယားအဖြစ် ပေါင်းစည်းဖို့
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လာရောက်ကြတယ် လို့ ကျွန်ုပ် နားလည်ထားတယ်။
အဲဒါ မှန်ပါသလား။”

“ဒီကောင်ကြီး ကောင်မလေးကို ဖျာရောင်းလာပါတယ်လို့ ပြောလိုက်ရမလား။”
သူတို့ နှစ်ယောက် ပြန်မဖြေခင်မှာ နောက်က လေသံတိုးတိုး ကလေးဖြင့် မြန်မာလို ပြောလိုက်သော
သူ့သူငယ်ချင်း တစ်ယောက်ရဲ့ အသံကို ထက်မြက် ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။
နေနှင့်ဦးပေါ့ကွာ။ မင်းအလှည့် ရောက်မ
ှ နာမယ်လို့ စိတ်ထဲက ကြိတ်ပြီး ကျိန်ဆဲလိုက်မိတယ်။

“မှန်ပါတယ်။” ထက်မြက်နဲ့ သီတာ နှစ်ယောက်စလုံးက ပြိုင်တူ ဖြေလိုက်ကြတယ်။

တရားသူကြီးက ထက်မြက်ဘက်ကို လှည့်ပြီးတော့ မေးတယ်။

“မစ္စတာ ထက်မြက် မင်းအနေနဲ့ ဒီအမျိုးသမီး မစ်စ် သီတာ ကို မင်းရဲ့ လက်ထပ် ထိမ်းမြားတဲ့ ဇနီးမယား အဖြစ်
ပေါင်းသင်း ရယူပြီး တရားဝင် လက်ထပ် ထိမ်းမြားမှာ ဟုတ်ပါသလား။ မင်းအနေနဲ့ မင်းတို့ နှစ်ယောက်စလုံး အသက်ရှင်
နေသမျှ ကာလပတ်လုံး သူမကို ချစ်မြတ်နိုးမယ်။ နှစ်သိမ့်မယ်။ တန်ဖိုးထားမယ်။ သူမ နာမကျန်း ဖြစ်တဲ့ အချိန်တွေမှာ
ပြုစု စောင့်ရှောက်မယ်။ အခြားသူတွေ အားလုံးကို ဘေးဖယ်ပြီး သူမအပေါ်မှာ သစ္စာရှိမယ် ဆိုတာ ဟုတ်ပါသလား။”

“ဟုတ်ပါတယ်။” ထက်မြက်က စိတ်လှုပ်ရှားနေတဲ့ အသံကိုထိန်းရင်း ပြန်ဖြေလိုက်တယ်။

“မစ်စ် သီတာ၊ မင်းအနေနဲ့ ဒီအမျိုးသား မစ္စတာ ထက်မြက်ကို မင်းရဲ့ လက်ထပ် ထိမ်းမြားတဲ့ ခင်ပွန်းအဖြစ် ပေါင်းသင်းရယူပြီး
တရားဝင် လက်ထပ် ထိမ်းမြားမှာ ဟုတ်ပါသလား။ မင်းအနေနဲ့ မင်းတို့ နှစ်ယောက်စလုံး အသက်ရှင် နေသမျှ
ကာလပတ်လုံး သူ့ကို ချစ်မြတ်နိုးမယ်။ နှစ်သိမ့်မယ်။ တန်ဖိုးထားမယ်။ သူနာမကျန်းဖြစ်တဲ့ အချိန်တွေမှာ ပြုစု
စောင့်ရှောက်မယ်။ အခြားသူတွေ အားလုံးကို ဘေးဖယ်ပြီး သူ့အပေါ်မှာ သစ္စာရှိမယ် ဆိုတာ ဟုတ်ပါသလား။”

“ဟုတ်ပါတယ်။” သီတာရဲ့ ပြန်ဖြေသံက ထက်မြက်အတွက် နားဝင်ချို လှပါတယ်။

“လက်စွပ်လဲ ကြမှာလား။” တရားသူကြီးက သူ့ကို လှမ်းမေးလိုက်တယ်။

လက်စွပ်။ လက်စွပ်ဆိုမှ သတိရတယ်။ လက်စွပ်ဝယ်ဖို့ လုံးဝ သတိမေ့သွားတာပဲ။ ထက်မြက် ဘာဆက်လုပ်
ရမလဲ မသိတော့။ သူတို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ယောင်တိယောင်တောင် ဖြစ်နေကြတယ်။
မိနစ်ပိုင်းလောက် ကြာလိမ့်မယ် ထင်တယ်။ သူ့ပုခုံးကို လာတို့သလို ထင်ရလို့ ထက်မြက် နောက်ကို လှည့်ကြည့်
လိုက်တော့ နောက်မှ သူငယ်ချင်း တစ်ယောက်က သူ့ကို မျက်နှာရိပ် မျက်နှာကဲဖြင့် လက်စွပ်ယူဖို့ ပြတာကို
တွေ့လိုက်ရတယ်။
ထက်မြက် လက်လှမ်းပြီး ယူလိုက်တော့ သူ့လက်ဖဝါးပေါ်ကို လက်စွပ်နှစ်ကွင်း ရောက်လာတယ်။ အသာ
ဆုပ်ကိုင်ယူပြီး လက်စွပ် ၂ကွင်းကို စားပွဲပေါ် ချလိုက်တယ်။ ဒါပေမယ့် လက်စွပ်တွေကို ကြည့်လိုက်တာနဲ့
သူတို့ မျက်လုံးပြူးသွားတယ်။
မိန်းကလေးဝတ်ဖို့ လက်စွပ်က စိန်တစ်လုံးထဲပါတဲ့ ရွှေလက်စွပ် ဖြစ်လို့ ကိစ္စမရှိပေမယ့် ယောက်ျားလေးဝတ်
လက်စွပ်ကတော့ သူ့သူငယ်ချင်း ဝတ်တတ်တဲ့ နဝရတ်ကိုးပါး လက်စွပ်ကြီး ဖြစ်နေပါတယ်။ စားပွဲပေါ်က
လက်စွပ်ကို ကြည့်ပြီး သီတာ့ရဲ့
သူငယ်ချင်းတွေ ခွိကနဲ ကြိတ်ရယ်လိုက်တဲ့ အသံကိုလည်း ကြားလိုက်ရတယ်။

အခုအခြေအနေမှတော့ မထူးတော့ပါဘူး။ ရှိတဲ့ လက်စွပ်နဲ့ပဲ ဇာတ်လမ်း ဆက်ကြရတာပေါ့။

တရားသူကြီးက မျက်လုံး တစ်ချက် ဝင့်ကြည့်တယ်။ ဘာမှတော့ မပြော။

“လက်စွပ် အဆင်သင့်ပါပဲ။ ” ထက်မြက်က လှမ်းပြောလိုက်တော့ တရားသူကြီးက “လက်စွပ်ကို တတိယမြောက် လက်ချောင်းမှာ
ဝတ်ပေးကြပါ။ ပြီးရင် နောက်ကနေ လိုက်ဆိုကြပါ။”

ထက်မြက် နှင့် သီတာတို့ လက်စွပ်ကို တစ်ယောက်လက်မှာ တစ်ယောက် စွပ်ပေးလိုက်ကြသည်။

“အမြဲတသမတ်တည်း ရှိနေမယ့် သစ္စာတရားနဲ့ အဓွန့်ရှည်မယ့် ချစ်ခြင်းမေတ္တာတွေ ရဲ့ သင်္ကေတ အဖြစ်
ဒီလက်စွပ်နဲ့ အတူ မင်းကို ငါ လက်ထပ်ပါ့မယ်။”

သူတို့ နှစ်ယောက်စလုံး နောက်က လိုက်ဆိုကြတယ်။

“မင်းတို့ နှစ်ဦးစလုံးက ငါ့ရဲ့ ရှေ့မှောက်မှာ လက်ထပ် ထိမ်းမြားပြီး အတူတကွ နေထိုင်ကြ ပါမယ်လို့ သဘော
တူညီပြီး လေးလေးနက်နက် ကတိသစ္စာ ပြုခဲ့ပြီးပြီ ဖြစ်တဲ့အတွက် အခု အချိန်က စပြီး မင်းတို့ နှစ်ယောက်ကို
အကြင် လင်မယား
အဖြစ် ကြေငြာ လိုက်ပါပြီ။ မင်းအနေနဲ့ သတို့သမီးကို အခုနမ်းနိုင်ပါပြီ။”

ဘေးနားက လက်ခုပ်သံတွေ ထွက်လာတယ်။ ထက်မြက်က သီတာ့ကို ဆွဲယူပြီး နမ်းဖို့ ပြင်လိုက်တယ်။
သူမရဲ့ ခေါင်းကို ဆွဲမော့ပြီး နှုတ်ခမ်းကို နမ်းဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ မထင်မှတ်တာ တစ်ခုက ဖြစ်ပျက်
သွားပါတယ်။ ထက်မြက်ရဲ့ ပုခုံးကို
နောက်ကနေပြီး ဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရပြီး ကြားလိုက်ရတာကတော့ သူ့ယောက္ခဖကြီးရဲ့
ဒေါသတကြီး အသံပါပဲ။

“ဟေ့ကောင်။ ဘာလုပ်တာလဲကွ။ ဒီမှာ လူကြီးတွေ အကုန်လုံး ရှိတယ်။ မင်း မြန်မာဆိုတာ မေ့နေပြီလား။
မင်းတို့ဘာသာ မင်းတို့ နမ်းချင်ရင် နောက်ကွယ်မှ နမ်းပေါ့။ အခု ငါတို့ မျက်နှာ ဘယ်သွားထား ရမှာလဲ။”

ဘေးနားက လက်ခုပ်တီးနေတဲ့ သူတွေ အားလုံး ကြောင်သွားကြပါတယ်။ ထက်မြက်လည်း ဆန့်ငင် ဆန့်ငင်နဲ့
ဘာလုပ်ရမှန်း မသိဘူး ဖြစ်သွားပါတယ်။ သီတာလည်း ငိုမဲ့မဲ့ နဲ့ မျက်နှာညှိုး သွားပါတယ်။ တရားသူကြီးကတော့
မြန်မာလို ပြောတာ
ဘာမှ နားလည်ပုံတော့ မရပါဘူး။ ဒါပေမယ့်လည်း မျက်နှာပျက် သွားပါတယ်။ အားလုံး ဘာလုပ်ရမယ်မှန်း

မသိ ဖြစ်နေကြတဲ့ အချိန်မှာပဲ တရားသူကြီးက ခေါင်းကို ခါရမ်းရင်း ပြောလိုက်ပါတယ်။

“ဝမ်းနည်းပါတယ်။ စင်ကာပူ နိုင်ငံရဲ့ ဥပဒေအရ မင်္ဂလာပွဲကို အထ မမြောက်ကြောင်း ကြေငြာ ရပါလိမ့်မယ်။
လက်ထပ်ဖို့ ကတိသစ္စာ ပြုနေတဲ့ အချိန်မှာ ဘယ်လို နှောက်ယှက်မှု မျိုးကိုမှ လက်ခံပေးလို့ မရပါဘူး။
အဲဒီတော့ ဥပဒေအရ နောက်ထပ်
သုံးလအကြာမှာမှ နောက်တစ်ကြိမ် ကတိသစ္စာပြု လက်ထပ်ဖို့ ပြန်စီစဉ်ခွင့် ရှိပါတယ်။ ကျွန်တော် စိတ်မကောင်း ပါဘူး။”

သီတာက ရုတ်တရက် ငိုချလိုက်ပါတယ်။ ထက်မြက်လည်း ဒေါသတွေ အလိပ်လိုက် ထွက်ပြီး မျက်နှာကြီး နီရဲ လာပါတယ်။ သီတာ့ရဲ့ အဖေကြီးကတော့ မျက်လုံးကြီး ပြူးပြီး ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်နေပါတယ်။ သီတာ့ရဲ့ အမေကတော့
“ရှင်..ရှင်” နဲ့ ဘာစကားမှ ဆက်ပြီး ထွက်မလာဘဲ သူ့ယောက်ျားကို ရန်တွေ့ဖို့ ကြိုးစားနေပါတယ်။ ကျန်တဲ့ သူတွေ အားလုံးလည်း ဘာလုပ်ရမယ်မှန်း မသိ ဖြစ်နေ ကြပါတယ်။ ဒီလိုနဲ့ပဲ ထက်မြက်နဲ့ သီတာတို့ရဲ့ မင်္ဂလာ လက်မှတ် ရေးထိုးပွဲဟာ
မအောင်မြင်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။