ဒီနေရာလေးကို

Tuesday, November 16, 2010

*နေရာ*

တခါက တက္ကသိုလ် တခု၏ ဟောပြောပွဲ တခုတွင် ဖြစ်သည်။ ဟောပြောမည့် ဆရာမှာ နာမည်ကြီး
ဆရာတဦးဖြစ်သောကြောင့် ခန်းမတခုလုံး ပြည့်လုနီးပါး ရှိနေပြီ။
ကျွန်တော်ရောက်သွားချိန်တွင် လူအများက လမ်းဘေးဝဲယာ စင်္ကြ့တလျောက်တွင်
နေရာဦးထားပြီးဖြစ်သည်။ အ၀င် အထွက်ခက်သော အလယ်ခုံနှင့် နောက်ဆုံးခုံများတွင်
နေရာလွတ် အနည်းငယ် ကျန်နေသေးသဖြင့် နေရာလွတ်တခုတွင် ကျွန်တော် ထိုင်လိုက်ပြီး
စင်ပေါ်သို့လှမ်းကြည့်မိလိုက်သည်။ ဆရာမှာ ရောက်နှင့်နေပြီဖြစ်သည်။

ဟောပြောပွဲသို့ ကျောင်းသားများ တဖွဲဖွဲ ထပ်ရောက်လာပြီး တခဏချင်း ခန်းမတခုလုံး
ပြည့်သွားသည်။ ဟောပြောပွဲစသောအခါ ဆရာက စင်ပေါ်မှ ဆင်းပြီးခန်းမ၏
နောက်ဆုံးခုံတန်းထိ လျောက်သွားသည်။ ထိုနောက် အလယ်ခုံတွင် ထိုင်နေသော
ကျောင်းသူတဦးအား ထိုးပြကာ ကျောင်းသားများဖက် လှည့်ပြီး " တပည့်တို့ ဟောပြောပွဲ
မစခင် ဒီကျောင်းသူကို ဆရာအရင်ဆုံး ဂါရ၀ပြုပါရစေ" ပြောရင်းဆိုရင်း ဆရာက
ထိုကျောင်းသူအား ဦးညွှတ် အလေးပြုလိုက်သည်။

ခန်းမမှာ ခဏမျှ အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ ဘာကြောင့်
ထိုကျောင်းသူအား ဆရာက အလေးပြုရသလဲ... လူအများက သိချင်နေကြသည်။ ဆရာက အလေးပြုရာမှ
ဦးမတ်လိုက်ပြီး ညင်သာသော အသံဖြင့် " ဆရာသူ့ကို အလေးပြုရတဲ့ အကြောင်းက သူဟာ
အထဲဆုံးခုံကို ရွေးခဲ့လို့ပဲ" ဆရာ၏ စကားကို ကြားသော် ကျောင်းသားများက
လှုပ်လှုပ်ရွရွဖြစ်လာကြပြီး တယောက်တပေါက် တီးတိုး ထင်မြင်ချက်တွေပေးကြသည်။

ဆရာက ဆက်၍.... "ဆရာဟာ ဒီခန်းမကို အရင်ဦးဆုံး ရောက်လာခဲ့သူပါ။
ကျောင်းသူကျောင်းသားတွေ ခန်းမထဲ စ၀င်လာတာကို ဆရာထိုင်ပြီး သတိထား
ကြည့်နေခဲ့တယ်။ အရင်လာတဲ့ ကျောင်းသားတွေဟာ ၀င်လာတာနဲ့ နေရာကောင်းတွေကို
ဦးထားကြတယ်။ စင်နဲ့နီးတဲ့ လမ်းဘေး ၀ဲယာတလျောက်ဟာ သူတို့အတွက် အကောင်းဆုံး
နေရာပေါ့။ ၀င်လို့ ထွက်လို့ကောင်းမယ်။ စင်နဲ့လည်း နီးတော့ ကောင်းကောင်း
ကြားရတာပေါ့။ ဒီကျောင်းသူဝင်လာတော့ ဆရာသတိထားမိတယ်။ သူဝင်လာတုန်းက စင်နဲ့
နီးတဲ့ နေရာတွေမှာ နေရာလွတ်တွေ ရှိနေသေးတယ်။ ဒါပေမဲ့
သူဟာနောက်ဆုံးတန်းထိလျောက်ပြီး အထဲဆုံးမှာ သွားထိုင်နေတယ်။ အဲဒီနေရာက
ဝင်လို့ထွက်လို့လဲ မလွယ်ဘူး။ သူဟာ နေရာကောင်းကို တခြားလူအတွက် ချန်ပေးပြီး
ကိုယ့်အတွက် ကျတော့  မကောင်းတဲ့ နေရာကို ယူတယ်။သူ့ရဲ့ ဒီလိုစိတ်ဓာတ်ကို
လေးစားပြီး အလေးပြုဖို့ မသင့်ပေဘူးလား"

ဆရာက ဆက်၍ "နောက်ပိုင်း ဆရာ သတိထားမိတယ်။ နေရာကောင်းလို့ ထင်ပြီး ရွေးလိုက်တဲ့
ကျောင်းသားတွေဟာ ပိုဒုက္ခရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ခုံနဲ့နောက်ခုံရဲ့
အကွာအဝေးဟာ ကျဉ်းတယ်။ နောက်ရောက်လာတဲ့ ကျောင်းသားတွေက အထဲကို ၀င်ချင်ရင် အပြင်
နေရာကောင်းမှာ ထိုင်နေတဲ့ လူတွေက ထထပေးရတယ်။ ဆရာ ခန့်မှန်းကြည့်တော့
နာရီဝက်အတွင်းမှာ အဲလို "နေရာကောင်း" ကိုယူထားတဲ့ ကျောင်းသားတွေ ထထပြီး
လမ်းဖယ်ပေးရတာ ဆယ်ခါမကာဘူး။ အဲ.... ဟိုနောက်ဆုံး အထဲဆုံးမှာ ထိုင်နေတဲ့
ကျောင်းသူကတော့ ထပေးစရာမလိုဘဲ ငြိမ်ငြိမ်သက်သက်နဲ့ အနှောင့်အယှက်ကင်းကင်း
သူ့စာအုပ်ကို သူဖတ်နေခဲ့တယ်။"

ဆရာက ခဏနားပြီး ခန်းမ တခုလုံးကို အကဲခတ် ကြည့်လိုက်သည်။ ထို့နောက် အားပါသော
လေသံဖြင့်.....
*" တပည့်တို့ မှတ်ထားကြပါ။ ကိုယ့်စိတ်ထဲမှာ ကိုယ့်အတွက်ပဲလို့ ထင်လိုက်တဲ့
အချိန်မှာ ဒုက္ခဟာလဲ ကိုယ့်အတွက်ဖြစ်သွားတယ်။ ကိုယ့်စိတ်ထဲမှာ သူ့တပါးအတွက်လို့
ထင်လိုက်တဲ့ အချိန်မှာ သူတပါးက ကိုယ့်အတွက် အဆင်ပြေမူတွေကို မသိမသာနဲ့
ပေးနေခဲ့တယ်"*

ဆရာ့စကားသံ အဆုံး ခန်းမတခုလုံး သြဘာသံများဖြင့် ဟိန်းသွားခဲ့သည်။
လက်ရှိဖြစ်ပျက်နေသော အဖြစ်တခုဖြင့် ဥပမာပေးပြီး ဆရာက လူ့ဘ၀တွင် ဆင်ခြင်သုံးသပ်
သင့်သည့်အရာကို ရှင်းပြသွားခဲ့သည်။

No comments:

Post a Comment