ဒီနေရာလေးကို

Friday, April 1, 2011

အတာသင်္ကြန်ကာလမှာ တရားထိုင်မည်ဆိုလျှင်

တရားထိုင်ခြင်း ဆိုသည်မှာ

တရားထိုင်တယ်ဆိုတာ လွယ်လွယ် ပြောရရင်တော့ အတိုင်းအဆမရှိ၊ လွင့်မျောရှုပ်ထွေးလှတဲ့ အတွေးတွေ၊ ခံစားချက်တွေ၊ စိတ်ကူးတွေကို ထိန်းချုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ရှုမြင်သုံးသပ် ဆင်ခြင်တဲ့သဘော ဖြစ်ပါတယ်။





တရားထိုင်ရာတွင် အခြေခံလိုအပ်ချက်

၁။ တိတ်ဆိတ်သော နေရာ

တရားထိုင်မယ်ဆိုရင် အနှောင့်အယှက်နဲ့ အသံတွေ နည်းနိုင်သမျှနည်းပြီး တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာထိုင်ခင်းရှိရပါမယ်။

၂။ သက်သောင့်သက်သာရှိသော ကိုယ်ဟန်အနေအထား

ထိုင်ရင်း၊ လဲလျောင်းရင်း၊ ရပ်ရင်း၊ လမ်းလျှောက်ရင်းနဲ့ တခြားလှုပ်ရှားမှုပြုလုပ်တိုင်းမှာ တရားမှတ်လို့ ရပါတယ်။ အချိန်ကြာကြာ တရားရှုမှတ်နိုင်ဖို့ဆိုရင်တော့ ခန္ဓာကိုယ် အနေအထားဟာ သက်သောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။

၃။ အာရုံစိုက် ရှုမှတ်ရာနေရာ

တစ်စုံတစ်ခုကို အာရုံစိုက်ရှုမှတ်နိုင်ဖို့ဆိုတာ တရားထိုင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ ဥပမာ ရှင်းပြရရင် တရားထိုင်တဲ့သူဟာ နှာသီးဝမှာ တိုးဝင်၊ တိုးထွက် နေတဲ့ ဝင်လေ၊ ထွက်လေကို အာရုံစိုက်ရပါမယ်။

၎။ စိတ်ရှည်ကာ အကောင်းမြင်မှု

တရားထိုင်တဲ့ အချိန်မှာ ပတ်ဝန်းကျင် အနှောင့်အယှက်သာမက ကိုယ့်အတွေးနဲ့ကိုယ် နှောင့်ယှက်တာလည်း ခံရတတ်ပါတယ်။ အဲဒီအချိန်မှာ စိတ်ရှည်ရှည် ထားပြီး ဖြစ်ခြင်း၊ ပျက်ခြင်း သဘောကို ရှုမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ တရားရိပ်သာတွေမှာတော့ တရားထိုင်သူတွေအတွက် သက်သောင့်သက်သာ တရားဓမ္မကျင့်ကြံနိုင်အောင် စီစဉ်ထားရှိတတ်ပါတယ်။ ဒါကြောင့် ဒီအခြေခံ လိုအပ်ချက်တွေ အတွက် ပူစရာ သိပ်မလိုပါဘူး။

တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း အလုပ်လုပ်ပုံ

တရားထိုင်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေ ဖြစ်သွားပါတယ်။ တရားထိုင်ချိန် အတောအတွင်း လူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲတွေ အကြောင်းကို လေ့လာသူတွေက တရားထိုင်ခြင်းဟာ ကျန်းမာရေးပြဿနာတချို့ကို သက်သာလျော့ပါးစေကြောင်း ဆိုပါတယ်။ အကြောင်းကတော့ တရားထိုင်တာဟာ အလိုအလျောက် အလုပ်လုပ်တဲ့ အာရုံကြော အဖွဲ့အစည်း (Autonomic Nervous System) အပေါ် သက်ရောက်မှု ရှိစေတာကြောင့်ပါတဲ့။

ဒီအဖွဲ့အစည်းဟာ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကြွက်သားတွေကို ထိန်းညှိပေးပြီး နှလုံးခုန်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှုခြင်းနဲ့ အစာချေဖျက်ခြင်းဆိုင်ရာ လုပ်ငန်းတွေကိုပါ ထိန်းချုပ်ပေးပါတယ်။ ဒီအဖွဲ့အစည်းမှာ Sympathetic Nervous Systemနဲ့ Parasympathtic Nervous System ဆိုပြီး အဓိက အစိတ်အပိုင်းနှစ်ရပ် ရှိပါတယ်။ Sympathetic Nervous System ဟာ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီပါတယ်။ ဥပမာ လူတစ်ယောက်က စိတ်ဖိစီးမှု ခံစားနေရတယ်ဆိုပါတော့။

ဒီစနစ်ဟာ “Fight or Flight Response” ဖြစ်စေပြီး နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်းတွေ မြန်စေတာမျိုး၊ သွေးကြောတွေ ကျဉ်းစေတာမျိုး ဖြစ်စေပါတယ်။ ဒါဟာ ကျန်းမာရေး အတွက် ဆိုးကျိုးတွေပါပဲ။ ဒီဆိုးကျိုးတွေ မဖြစ်အောင် တရားထိုင်ခြင်းက ကာကွယ် ပေးနိုင်ပါတယ်။ Parasympathtic Nervous System ကတော့ နှလုံးခုန်နှုန်းနှေးအောင်၊ သွေးကြောကျယ်စေကာ သွေးစီးဆင်းမှုကောင်းအောင်နဲ့ အစာချေဖျက်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ တရားထိုင်တဲ့အခါ ဒီစနစ်ရဲ့ လုပ်ဆောင်မှုကို အားကောင်း စေပါတယ်။

နောက်ထပ် လေ့လာမှု တစ်ရပ်အရ တရားထိုင်တာဟာ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို သိသိသာသာ ပြောင်းလဲစေနိုင်ကြောင်း ဆိုပါတယ်။ တရားထိုင်တဲ့အတွက် အာရုံစူးစိုက်အား ပိုကောင်းလာခြင်း၊ နိစ္စဓူဝ လုပ်ငန်း ဆောင်တာတွေမှာ စွမ်းဆောင်ရည် ပိုကောင်းလာခြင်း၊ စိတ်တည်ငြိမ်ခြင်းနဲ့ ဥာဏ်ရည် ဥာဏ်သွေး ပိုမိုထက်မြက်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

တရားထိုင်ခြင်းကြောင့် သက်သာစေသော ရောဂါဝေဒနာများ

ကျန်းမာရေးကောင်းသူတွေ တရားထိုင်ရင် ခန္ဓာကိုယ်အနားရစေကာ စိတ်ဖိစီးမှု လျော့ပါးစေပြီး တော်ရုံရောဂါ ဝေဒနာတွေကို မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ကျန်းမာရေး မကောင်းသူတွေ တရားထိုင်ရင်ကော သင့်တော်ပါ့မလား။ ကျန်းမာရေး မကောင်းသူတွေ တရားထိုင်ရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတော့ လေ့လာမှုများစွာက အောက်ပါအတိုင်း လေ့လာကောက်ချက်ချထားပါတယ်။

တရားထိုင်ခြင်းကြောင့် သက်သာလျော့ပါးနိုင်တဲ့ ရောဂါတွေကတော့ ဓာတ်မတည့်မှုဖြစ်ခြင်း၊ စိတ်ပူပန်သောကရောက်ခြင်း၊ ရင်ကျပ်ပန်းနာ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ၊ ညောင်းညာနွမ်းနယ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နာကျင်မှုဆိုင်ရာ ပြဿနာများ၊ အိပ်မပျော်ခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါးစွဲလမ်းမှု ပြဿနာ စတာတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေ တရားထိုင်မယ်ဆိုရင်တော့ စ,စချင်းမှာ ပြင်းပြင်းထန်ထန် တရားမထိုင်သင့်ပါဘူး။

တရားထိုင်တာကို ဆေးကုသမှု တစ်ရပ်လို အသုံးပြုတာထက် ဆေးကုသမှုနဲ့ တွဲပြီး ဖြည်းဖြည်းနဲ့ မှန်မှန် ဆောင်ရွက်သွားသင့်ပါတယ်။ တရားထိုင်ခြင်းကြောင့် ကျန်းမာရေး မထိခိုက်စေရန် တရားထိုင်တာက အများအားဖြင့်တော့ ဘေးအန္တရာယ်ကင်းပါတယ်။ တရားရိပ်သာတွေဟာလည်း ယောဂီတွေရဲ့ ကျန်းမာရေးအတွက်ပါ ထည့်တွက်ပြီး ဣရိယာပုတ် ညီမျှအောင် စီစဉ်ပေးထားတာပါ။ တရားရိပ်သာရဲ့ အချိန်ဇယား အတိုင်း တရားထိုင်ချိန်၊ တရားနာချိန်၊ လမ်းလျှောက်ရင်း တရားမှတ်ချိန်၊ ဆွမ်းစားချိန်၊ ရေချိုးချိန်. . .စတာတွေအတိုင်း လိုက်နာဆောင်ရွက်ပေးရုံနဲ့ ဒေါင်ဒေါင်မြည်နေမှာပါ။

ဒီနေရာမှာ တစ်ခုသော သင်္ကြန်တွင်း တရားစခန်းမှာ ကြုံတွေ့ခဲ့ရတဲ့ စာရေးသူရဲ့ အတွေ့အကြုံကို ပြောပြချင်ပါတယ်။ စာရေးသူဟာ တရားစခန်းက ရေချိုးချိန်ပေးတဲ့ အခိုက်မှာ ရေမချိုးဖြစ်ဘဲ မွန်းတည့် ၁၂ နာရီကျော်ပြီး နေပူရှိန်ပြင်းထန်တဲ့ အချိန်မှာ ရေချိုးမိလို့ အဖျားကြီးပြီး တရားစခန်းပွဲ မပြီးဆုံးခင်မှာပဲ အိမ်ပြန်အနားယူခဲ့ရပါတယ်။ ဒါကြောင့် စာရေးသူလို အဖြစ်မျိုး မကြုံရလေအောင် တရားရိပ်သာရဲ့ အချိန်ဇယား၊ စည်းမျဉ်း စည်းကမ်းအတိုင်း ပြည့်ပြည့်ဝဝ တရားအားထုတ် နိုင်ကြစေဖို့နဲ့ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ အနိစ္စ သဘောတရားကို သာမက ကျန်းမာရေး ကောင်းမွန်ခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကိုပါ ရရှိနိုင်ကြစေဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

Ref : Good Health

No comments:

Post a Comment