ဒီနေရာလေးကို

Saturday, March 26, 2011

ပရိတ်နာသူ၏ အင်္ဂါရပ်များ

ပရိတ်ရွတ်ဖတ်သူက လိုအပ်ချက်များ ပြည်စုံဖို့ လိုသလို ပရိတ်နာယူဘက်ကလည်း ရှိထားသင့်သော လိုအပ်ချက်များ ရှိပါသေးသည်။ ၎င်းတို့မှာ-
 ၁။ ပဉ္စာနန္တရိယကံငါးပါးဟူသော ကမ္မအန္တရာယမ်ရှိခြင်း။
 ၂။ နိယတမိစ္ဆာ ဒိဋ္ဌိကံ ဟူသော ကိလေသန္တရာယ်မရှိခြင်း။
 ၃။ ပရိတ်ပါဠိတော်၏ ဂုဏ်ကျေးဇူးကို မတုန်မလှုပ် သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့် ပြည့်စုံခြင်း။
 ၄။ ပရိတ်ပါဠိတော်ကို ရိုသေလေးစားစွာ နာယူခြင်းတို့ဖြစ်ပါသည်။
အထက်ပါ အင်္ဂါရပ်များအရ ပရိတ်နာစူ အကျိုးတရားရရှိစေဖို့ လိုအပ်ချက်များတွင်
ပဉ္စနန္တရိကကံကြီးထိုက်သူ မဖြစ်ဖို့လိုပါသည်။ ပဉ္စနန္တရိကကံဆိုသည်မှာ မာတုဃာတကကံ- အမိသက်ခြင်း။ ပိတုဃာတကကံ- အဖသက်ခြင်း။
အရဟန္တဃာတကကံ-ရဟန္တာသက်ခြင်း။ လောဟိတုပ္ပါတကကံ- ဘုရားရှင်ကို သွေးစိမ်းထွက်အောင်ပြုခြင်း။ သံဃဘေဒကကံ သံဃာကို သင်းခွဲခြင်းတို့ဖြစ်ပါသည်။
 ထိုကံကြီးငါးပါး တစ်ပါးပါးကျူးလွန်ထားသူအဖို့ ပရိတ်တော်က ကာကွယ်မပေးနိုင်ပါဘူး။
ကံကြီးငါးပါး ကင်းလွတ်သူကိုသာ ကာကွယ်ပေးနိုင်ပါသည်။ ပရိတ်တော်အာနိသင် စူးရှသက်ဝင်၏။ အန္တရာယ်ကိုတားဆီးပေးနိုင်၏။
             နိယတမိစ္ဆာဒိဋ္ဌိ ဆိုသည်မှာ မိစ္ဆာဒိဋ္ဌိအယူကိုစွဲစွဲမြဲမြဲယူခြင်းဖြစ်သည်၊ အကျိုးမရှိ၊ အကြောင်းမရှိ၊ ဘာမှလုပ်စရာမရှိဟူသော မိစ္ဆာဒိဋ္ဌိအယူကြီးများ အလွန်အကဲ စွဲမြဲနေသူများအပေါ် ပရိတ်တရားတော်အာနိသင် မသက်ရောက်ပါ၊   နိယတ
မိစ္ဆာဒိဋ္ဌိဟူသော ကိလေသာအန္တရာယ်ရှိသူများ ပရတ်တော်ကကာကွယ်မပေးနိုင်ပါ။
            ပရိတ်တော်၏ဂုဏ်ကို ယုံကြည်ခြင်းဆိုသည်မှာ ပရိတ်တော်များသည် မြတ်ဗုဒ္ဓကိုယ်တော်တိုင် နှုတ်တော်မြွတ် ဟောကြားတော်မခဲံ့ခြင်းဖြစ်ကြောင်း၊ မြတ်ဗုဒ္ဓလက်ထက်တော်ကပင် ထိုပရိတ်တော်များက အန္တရာယ်မှကာကွယ်ပေးခဲ့သော သာဓကများရှိကြောင်းစသည်ဖြင့် ပရိတ်တော်၏ဂုဏ်ကို ယုံကြည်ရမည်။ ထိုသို့ ယုံကြည်သော သဒ္ဓါတရားရှိမှလည်း ပရိတ်တော်၏အကျိုးကို ခံစားရယူနိုင်မှာဖြစ်ပါသည်။
              ရိုသေလေးစားစွာနာယူဖို့ လိုအပ်ကြောင်းလည်း အထူးပြောစရာမလိုပါ။ ပရိတ်တော်ရွတ်ဖက်နေခိုက် ငြိမ်သက်စွာထိုင်၍ မနေဘဲ စကားပြောခြင်း၊ ဟိုမှ၊ သည်မှ သွားလာလုပ်ကိုင်ခြင်း စသည်ဖြင့် ပရိတ်တော်အပေါ် မလေးစားခြင်းပင်ဖြစ်၏။
ရိုသေလေးစားစွာ နာယူမှလည်း ပရိတ်အကျိုးရရှိပါမည်။
               ရည်ရွယ်ချက်အောင်မြင်ခြင်း ၊ သမ္ပတ္တိနှစ်မျိုးမှာ ပရိတ်နာသူမှာလည်း လိုအပ်ပါသည်။ ရိုရိုသေသေ လက်ခုပ်ချီမိုးလျတ် ပရိတ်တော်မှတစ်ပါး အခြားအာရုံသို့ စိတ်မသွားစေဘဲ တည်ကြည်ငြိမ်သက်စွာ နာယူခြင်း ပယာဂသမ္ပတ္တိ၊ ပရိတ်တော်၏ဂုဏ်တော် တန်ခိုး အာနုဘော်တို့ကိုယုံကြည်ခြင်း၊ ဖိတ်ကြားသူကိုငဲ့၍ နာရခြင်း မဟုတ်ဘဲ လိုလိုလားလားနာယူခြင်း အဇ္ဈသယ သမ္ပတ္တိနှစ်ပါးနှင့်ပြည့်စုံရမည်။ ထိုသမ္ပတ္တိ နှစ်ပါးပျက်ပြား၍ ၀ိပတ္တိဖြစ်ပွားနေပါက ပရိတ်နာသူမှာ လိုအပ်သော ကောင်းကျိုးများ ရရှိလာမည်မဟုတ်ပါ။ ပရိတ်နာရကျိုးပြည့်ဝစေရန် လုပ်ရပ်ကောင်း စိတ်နေစိတ်ထားကောင်းများ မွေးမြူထားပါ။
               ဆေးဝါးသည် ရောဂါဘယကို ကင်းပျောက်စေနိုင်သောသတ္တိရှိပါ၏။ သို့ရာတွင် ဆရားခိုင်းသော ဆေးညွန်းအတိုင်း စားသင့်သောအချိန်စား၊ ရပ်သင့်သောအချိန်ရပ်၊ ရှောင်ရမည့်အစားအစာကို ရှောင်၍ ဆောင်ရမည့် အစာကိုဆောင်မှသာ ဆေးဝါးအစွမ်းထက်မြက်ပါသည်။ နည်းတူပင် ပင်ကိုယ်ကအစွမ်းထက်မြက်သော ပရိတ်တော်များ၏ အကျိုးအာနိသင် တန်ခိုးစွမ်းအင်ကို အပြည့်အ၀ ရရှိစေရန်အတွတ် ရွတ်ဖက်သူ နာကြာူသူ များမှ လိုအပ်သလို လိုက်နာဆောင်ရွက်ရမည်လည်း ဖြစ်ပါသည်။ သို့မှသာ ပုဂ္ဂိုလ်၌ကျရောက်နေသော အနာရောဂါ၊ အိမ်၊ ရပ်ကွက်စသည်၌ ကျရောက်နေသော ဘေးဘရာများ ကင်းစင်ပပြောက်ကာ ကောင်းကျိုးသုခများ ရရှိကြပါလိမ့်မည်။ ဤသည်ပင်လျှင် ပရိတ်ရွတ်ဖတ်နာကြားပုံ နည်းလမ်းကောင်းများ ဖြစ်ပါ၏။

No comments:

Post a Comment