ဒီနေရာလေးကို

Wednesday, March 23, 2011

နေနဲ့ ကမ္ဘာလည်ပတ်ရာကနေလာသော ရာဇ၀င်

ဒ်ီတစ်ခုကတော့ ဗုဒ္ဓ၀င်ကျမ်းတွေနဲ့ ဗေဒင်ပညာတွေနဲ့ ဆက်စပ်တယ်။ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်တယ်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်းစတယ်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူးသေးဘူး။ နောက် ထပ် (၂)ရက်၊(၄)နာရီ၊(၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ်ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ ကျရောက်လာတယ်။

သဘာဝကျတာတစ်ခုက တန်ခူး ဆိုတာကိုက တာကူးဆိုတာကနေ ဖြစ်လာတယ်။ တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီသို့ ကူးတာကို ရည်ရွယ်ပြီး ရှေးမြန်မာပညာရှိတွေ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တန်ခူး လို့ နောက်ခေါ်လာကြတော့ အနက်ကတော့ ပြောင်းသွားတယ်။ တန် (၀ါ)တန်းက ထန်း လို့ အဓိပ္ပါယ်ရတယ်။ ခူးက ဆွတ်ခူးတယ်။ ဒီတော့ ထန်းသီးခူးတဲ့ လလို့ ဖြစ်နေတယ် ။ တာကူးကနေ ပြောင်းလာတယ်ဆိုတာပဲ မှတ်ထားတာကောင်းမယ်။ ဗုဒ္ဓဘာသာကျမ်းများမှာ ဒီကာလ အခါမှာ ဘုရားရှင်ရဲ့ အမေဘက်က အမျိုးတွေ ဖြစ်လာမယ့် ဒေ၀ဒဟပြည်က မင်းသားမင်းသမီးတွေ ရေကစားကြတယ်။ ဒေ၀ ဆိုတာ နတ်လို့ ပဲ ဘာသာပြန်လို့ မရဘူး ။ မင်းသား၊မင်းသမီးလို့လဲ အဓိပ္ပါယ်ရှိသေးတယ်လို့ သီတဂူဆရာတော်ဟောပါတယ်။ အခုရက်ပိုင်းသတင်းစာတွေမှာ ဒေ၀ဒဟ = နတ်ရေကန် လို့ ရေးကြတာတွေ့လိမ့်မယ်။ ( နတ် ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ် အကျယ်တွေကို အကို (၃၇) မင်းအကြောင်းတစ်စိတ်တစ်အိတ် ခေါင်းစဉ်မှာ ကျယ်ကျယ်ဝင့်ဝင့်ရေးပေးပြီးဖြစ်လို့ ညီလေးလဲ ဖတ်ပြီးလောက်ပြီ။ ) ဒီတော့ ဒေ၀ဒဟ =မင်းသား၊မင်းသမီးများရေကစားသော ရေကန် လို့ ပြန်ရင်ပိုကောင်းပါမယ်။ သမိုင်းနဲ့လဲ ကိုက်ညီပါတယ်။ ဒုတိယ ဇာတ်လမ်းမှာ ပူပြင်းသော မိန်မှ မိဿအပြောင်း ၊ရှေးဘုရားရှင်မတိုင်မီကတည်းက ဒီရာသီမှာ ရေကစားကြတယ်။ ဒီတော့ ဗုဒ္ဓဘာသာမြန်မာတွေလဲ ဒီရာသီမှာ ရေကစားကြတယ် လို့ ပြောရင်ရပါမယ်။ ဒီဇာတ်လမ်းမှာတော့ ဆရာသိကြား မပါတော့ပါဘူး။ ဗုဒ္ဓ၀င်နဲ့ ဗေဒင်ကို အစဉ်အလာနဲ့ ညှိပြီးကစားကြတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ယဉ်ကျေးမှုခြင်းတူနေတဲ့ ထိုင်း ၊လာအို ၊ ကမ္ဘောဒီယားတွေမှာတော့ ဘယ်လို အစဉ်အလာရှိမယ် မသိဘူး။ အင်တာနက်မှာ ဖတ်ကြည့်ပေါ့ ။ အကိုသိတာကတော့ ထိုင်းမှာ ( Songkran ) ကမ္ဘောဒီယားမှာ (Chaul Chnam Thmey ), လာအို(စ်) မှာ ( Pimai ) လို့ ခေါ်ကြတယ်။ နှစ်ဟောင်းက အကုသိုလ်ကို ရေနဲ့ ဆေးတာ၊အေးချမ်းစေတာ ၊ နှစ်သစ်ကို ကြိုဆိုတာ ဆိုတာတွေကတော့ အတူတူပါပဲ ။

No comments:

Post a Comment