ရှေးခေတ်မြန်မာဘုရင်များ လက်ထက်ကတည်းက ပင် သင်္ကြန်အခါတော်ကို နန်းတော်ရှိ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့က ဗေဒင်ကျမ်းများနှင့် အညီ တွက်ချက်ပေးရသည်။
ဘုရင့်နန်းတော်တွင် ဗေဒင် ဆန်းကျမ်း၊ နက္ခတ်ကျမ်း စသည်တို့ကို တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပညာရှိတို့က မည်သည့်နှစ်တွင် ၀ါထပ်မည်၊ ၀ါကြီးထပ်မည်၊ ၀ါငယ်ထပ်မည်၊ ရက်ငင်သည်၊ မည်သည့် ဂြိုဟ် အကောက်သွားမည်၊ အဖြောင့်သွားမည်၊ နေကြတ်မည်၊ လကြတ်မည်၊ ငလျင်လှုပ်မည်၊ တော်လည်းမည်၊ စစ်ဖြစ်မည် စသည်တို့ကို နှစ်စဉ်တွက်ချက်၍ ဗေဒင်ဟောစတမ်း ရေးပြီး ဆက်သွင်းရသည်။
တိုင်းပြည်အတွက် တစ်နှစ်တာ ဟောစာတမ်းကို ဘုရင်က သာသနာပိုင်ဆရာတော်အား ပြသပြီး ပညာရှိများ တွက်ချက်ယူဆပုံ နှင့် ကိုက်ညီ- မညီ ညှိနှိုင်းစီစစ်၍ တိုင်းပြည် သို့  ဖြန့်ချီသည်။ ဤဟောစာတမ်းကို သင်္ကြန်စာ ဟူ၍ ခေါ်ဝေါ်လေသည်။
ယနေ့ခေတ်တွင်မူ နိုင်ငံတော်အစိုးရက နိုင်ငံတော်ပြက္ခဒိန်အဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ယင်းအဖွဲ့က နိုင်ငံတော်အတွင်း သင်္ကြန်ကျရက်၊ ကြတ်ရက်၊တက်ရက်၊ ၀ါထပ်ရက်တို့ကို ညှိနှိုင်းတွက်ချက်၍ နိုင်ငံတော် အစိုးရသို့ တင်ပြရသည်။ နိုင်ငံတော်အစိုးရက ယင်းတင်ပြချက်ကို ထုတ်ပြန်ကြေညာပေးသည်။
No comments:
Post a Comment