ဒီနေရာလေးကို

Friday, October 8, 2010

တောင်ပြုံးကိုရောက်ရင် ဘာဖြစ်မှာတုန်း

သူငယ်ချင်းတို့ရေ
တောင်ပြုံးပွဲနဲ့ပါတ်သက်တဲ့အကြောင်းလေးပေါ့

မန်းလေးကနေ နာရီဝက်သွားရပါတယ်။

မန်းလေးကနေ တောင်ပြုံးလမ်းဆုံကို ၂၀ မိနစ်
တောင်ပြုံးလမ်းဆုံကနေ တောင်ပြုံးပွဲအထိကို ၁၀ မိနစ်
စုစုပေါင်း မိနစ်၃၀ ကြာပါတယ်
ဒါပေမဲ့ မန်းလေးကနေ တောင်ပြုံးလမ်းဆုံအထိ မိနစ် ၂၀ နဲ့ရောက်ပြီး
တောင်ပြုံးလမ်းဆုံကနေ တောင်ပြုံးပွဲအထိတော့ ၁ နာရီ နဲ့ မိနစ် ၃၀ ကြာမှ
ရောက်တယ်။ကားတွေ၊ ဆိုင်ကယ်တွေ များပြားလွန်းလှတာကြောင့်.ကားတန်းက
တောင်ပြုံးလမ်းဆုံကနေ တောင်ပြုံးပွဲအထိ တသီတတန်းကြီး.ပါပဲ။
တစ်လမ်းလုံး ကား၊ဆိုင်ကယ်တွေအတွက်လမ်းကြေးကတော့ မနည်းမနောပါပဲ။
ကားဆိုရင် လမ်းကြေးစုစုပေါင်း ၂၀၀၀ လောက်ကုန်ပါတယ်။
ပွဲတော်နားရောက်တော့ ကားရပ်နားခက ကားလေးတစ်စီးကို ၃၅၀၀ ကျပ်
ဆိုင်ကယ်တစ်စီးကို ၂၀၀၀ကျပ် ပေးဆောင်ရပါသေးတယ်.။
မန်းလေးတောင်ခြေကော်လိုက်တာနဲ့ ကလေးသူငယ်အရွယ်ပေါင်းစုံဟာ
လာသမျှကားတွေ ၊ဆိုင်ကယ်တွေကို ပိုက်ဆံကျဲခဲ့ပါဦးဗျို့ ဆိုပြီး အော်သံတွေကလည်း
နားထဲမှာ တစ်ခြားဘယ်အသံမှ မကြားနိုင်လောက်အောင်ပါပဲ။
သတင်းစာထဲမှာရော၊ လမ်းမှာရော ကြော်ငြာထားတာတွေကတော့
တောင်ပြုံးပွဲလာသူတွေ မည်သူမဆို ပိုက်ဆံပစ်ချပေးကမ်းပါက
ထိရောက်စွာ အရေးယူမည်လို့ ရေးသားထားတာတွေ့ရပါတယ်။
တောင်ပြုံးလမ်းဆုံကနေ ပွဲတော်အထိကတော့ အတောင်းအရမ်းအလွန်ကြမ်းပါတယ်။
ကလေးလေးတွေ၊ လူကြီးတွေ(မိန်းခလေး၊ယောက်ကျားလေး) ကိုရင်လေးတွေ
သက်ကြီးရွယ်အိုတွေ.ပေါင်းစုံပါပဲ။
ရှေ့ကားကနေပိုက်ဆံတွေ ကျဲသွားတယ်.။ အဲဒီလူတွေက လေထဲလွင့်လာတဲ့ပိုက်ဆံတွေကို
လိုက်ကောက်တယ်။ကားလမ်းက တစ်စီးစာပဲရှိတာပါ။ နောက်ကားကသတိထားပြီးမောင်းရပါတယ်။
မတော်တဆတိုက်မိရင်တော့...အလျော်အစားကတော့..မတွေးဝံ့စရာပါဗျာ။
ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ အတွေးအခေါ်တွေ ဘယ်လောက်ပဲရင့်ကျက်ရင့်ကျက်
မိမိရဲ့ အပြုအမူဟာ..တစ်ဘက်သားကို၊ ပါတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်ဆိုတာတော့.
သိစေချင်ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ခုတောင်ပြုံးပွဲတော်ကို လူတွေ စွဲစွဲလမ်းလမ်း ဖြစ်နေကြသည်။ သေချာသည်က
ဈေးသည်တွေ ရောင်းကောင်းကြသည်။ ကားသမားတွေ ပိုက်ဆံရကြသည်။ ဇာတ်သမားတွေ
ပွဲကခွင့်ရကြသည်။ ပန်းသည်တွေ အလုပ် ဖြစ်ကြသည်။ ငှက်ပျောသီးသည်တွေ
အလုပ်ဖြစ်ကြသည်။ ဒါတွေကို နတ်မ၍ဟု ဆိုလျှင်လည်း မင်းနှစ်ပါးကိုသာ
လက်အုပ်ချီကြရန် ဖြစ်တော့သည်။ နတ်နှင့်ပတ်သက်၍ အနော်ရထာမင်းကြီးသည်
နတ်ကိုးကွယ်မှုကို တားမြစ် ပိတ်ပင်ရာတွင် နာမည်ကြီးသူ ဖြစ်သည်။
နတ်များကိုပင် ကျောင်းတစ်ကျောင်းထဲ ထည့်၍ သိုလှောင်
ပိတ်ဆို့ထားခြင်းကြောင့် ပုဂံတွင် နတ်လှောင်ကျောင်းဟု ရှိခဲ့ဖူးသည်။
နတ်လျောင်းကျောင်း ဖြစ်စေ၊ နတ်လှောင်ကျောင်း ဖြစ်စေ၊ အနော်ရထာမင်းကြီး၏
နတ်ကိုးကွယ်မှုကို တားမြစ်မှုသည် သမိုင်းတွင် ထင်ရှားခဲ့သည်။ အနော်ရထာသည်
ရွှေစည်းခုံစေတီမှာလည်း နတ်ကွန်းပေါင်းစုံမှ နတ်ရုပ်များကို
စုပုံထားခဲ့ဖူးသည်ဟု အဆိုရှိခဲ့ဖူးသည်။ သို့သော်
တောင်ပြုံးမင်းနှစ်ပါးကိုမူ အနော်ရထာသည် သူနှင့် ပတ်သက်နေ၍လား မပြောတတ်။
ချွင်းချက် ထားခဲ့သည်။ တောင်ပြုံးမင်းနှစ်ပါးကို မနှိပ်ကွပ်သည့် အပြင်
အရာထားခဲ့ခြင်းကြောင့် တောင်ပြုံးနှင့် စီးပွားဖြစ်သူတို့သည်
တောင်ပြုံးမင်းညီနောင် ကိုသာမက အနော်ရထာမင်းကြီးကိုပါ ထိုင်ရှိခိုးဖို့
ကောင်းလှသည်။
ယခုနှစ်တောင်ပြုံးတွင် လေလံဈေး အမြင့်မားဆုံးဟု ဆိုကြသည်။ လေလံတကာ့
လေလံတွင် အိမ်သာလေလံပင် ရှိသည်။ တောင်ပြုံးသို့ သွားရာလမ်းတွင်
မောင်းတံတစ်ခုသည် နာမည်ကြီးလှသည်။ ကားတစ်စီး(၁ဝဝဝိ)၊
ဆိုင်ကယ်တစ်စီး(၅ဝဝိ)နှင့် မောင်းတံကို ပိတ်ဆို့ဟန့်ထား၍ ဂိတ်ကြေးကောက်ရာ
တစ်ရက်တည်းမှာပင် လေလံကြေး သိန်းပေါင်းများစွာ အရင်းကျေခဲ့သည်ဟု
ဒေသခံတစ်ဦးက ဆိုသည်။ မိမိတို့ပင်လျှင် မောင်းတံ အပိတ်ကောင်း၍ ယာဉ်များ
ပိတ်ဆို့နေမှုကြောင့် ခြေလျင်တစ်လှည့်၊ ကုန်းကြောင်းတစ်လှည့်
တောင်ပြုံးကို သွားတက်ခဲ့ကြရသည်။ လေလံဆွဲသူများက ကားများ၊ ဆိုင်ကယ်များ
များပြားမှုကြောင့် (၁ဝဝဝ)တန်တွေ၊ (၅ဝဝ)တန်တွေ လေထဲလွင့်သွားမှာ
စိုးသည့်အတွက် မောင်းတံကို အသေပိတ်ကာ ပိုက်ဆံ ဆီးကောက်နေသဖြင့်
အချိန်များ ကြန့်ကြာခဲ့ရသည်။ တောင်ပြုံး သို့လာသော နိုင်ငံခြားသားများက
အဆိုပါမောင်းတံကြီးကို အထူးအဆန်းလုပ်၍ ဓာတ်ပုံရိုက်ကြ၊ ဗီဒီယိုရိုက်ကြ
ရိုက်ကြသည်။
တကယ်တော့ ရွှေဖျဉ်းညီနောင်သည် နတ်ဖြစ်သော်လည်း သူတို့နှင့်အတူ ဝမ်းဆက်
ခါတော်မီနတ် ဖြစ်ခဲ့ရသည့် နတ်(၉)ဦးမှာလည်း ထင်ရှားလှသည်။
ပုပ္ပားမယ်တော်နတ်၊ မယ်ခေမာနတ်၊ တောင်ပေါ်သခင်မနတ်၊ မစောခင်နတ်၊
မောင်ရင်မောင်နတ်၊ နို့ထိန်းမယ်တော်နတ်၊ နှမတော်နတ်၊ ဂူတော်ရှင်မနတ်၊
စာရေးတော်ကြီးနတ် စသည်ဖြင့် နတ်မျိုး ရယ်စုံလှသည်။ သည်ကြားထဲ ထူးခြားသည်က
စာရေးတော်ကြီးနတ် ဦးသာနိုး ဖြစ်သည်။ သူ့နည်းတူ အရက်အလွန် အကျွံသောက်၍
အမှုတော်ထမ်း ပေါ့လျော့မှုကြောင့် နတ်ဖြစ်သွားရသော ရွှေဖျဉ်းညီနောင်သည်
သူ့ကြောင့်ကွပ်မျက်ခံရသည် ဆိုကာ အရက်အလွန် အကျွံသောက်ပြီး အမူးလွန်၍
နတ်ဖြစ်သည်ဟု တချို့ မှတ် တမ်းများကဆိုသည်။ တချို့ မှတ်တမ်းများက
သူပါရောယောင်၍ ကွပ်မျက်ခံရသည်ဟု ဆိုသည်။ ဘယ်ဟာ အမှန်လဲတော့ မပြောတတ်။
သေချာသည်က နတ်ဦးသာနိုးတွင် သီးခြားနတ်ကွန်း မရှိ ရှာ။ သူသည်
တောင်ပြုံးမင်းနှစ်ပါးနှင့် အတူ ရောယောင်နေရသည်ဟု အဆို ရှိကြသည်။ သူ
တို့ထဲတွင် နှမတော်နတ် မှာလည်း အချောင်နတ်ဖြစ်ရခြင်းဖြစ် သည်။
နှမတော်နတ်ဟာ နို့ထိန်းမယ်တော်၏ သမီးတော်ဟုဆိုသည်။ မင်းသားညီနောင်နှင့်
နို့စို့ဘက်ဟုဆိုသည်။ မယ်တော်နှင့်မောင် တော်(၂)ပါးသေဆုံး၍
သူပါလွမ်းနာကျပြီး သေဆုံးသောကြောင့် နတ်ဖြစ်သွားသည်ဟု ဆိုသည်း
ဟုတ်မဟုတ်တော့ မပြောတတ်။ တောင်ပြုံးပွဲတွင် နှမတော် နတ်နန်းသည်လည်း
ခုတိုင်းတွေ့ရမြဲဖြစ်သည်။ ထိုနည်းတူစွာ ရင်ကွဲနာကျ၍ သေရသည်မှာ သူ၏
မယ်တော် နို့ထိန်းမယ်တော် ဖြစ်သည်။ သူသည်လည်း ရင်ကွဲနာကျကာ သေရသည်ဟု
ဆိုသည်။ ထိုခေတ်က သေသည်နှင့် နတ်ဖြစ်ကုန်ကြသလား မပြောတတ်။
ရွှေဖျဉ်းညီနောင်သည် စောစောစီးစီး နတ်ဖြစ်သွား၍သာ တော်တော့သည်။
နတ်မဖြစ်မီကာလက အတော်ဇယားရှုပ်သူများ ဖြစ်သည်။ တောင်ပြုံးနယ်
အင်ကျယ်ရွာရှိ မရွှေဥ ဆိုသော သူဌေးသမီးကို ရွှေမင်းသားကို ရွှေဖျဉ်းက
ချစ်ရေးဆိုရာ မေတ္တာမတုံ့ပြန်သဖြင့် ကျားဖြင့်တိုက်သတ်၍ မရွှေဥခမျာ
နတ်ဖြစ်ရသည်ဟု အဆိုရှိပြန်သည်။ စင်စစ် မရွှေဥသည် တောင်ပြုံးရွာသား
သစ်ကုန်သည် ကိုရင်မောင်၏ ဇနီးကောင်းဖြစ်သည်။ ကိုရင်မောင် တစ်ယောက်
အထက်မဲဇာသို့ သစ်ဖောင်သွားဖြတ်စဉ် ကိုရွှေဖျဉ်းက
ကြောင်တောင်ဝင်နှိုက်သဖြင့် မရွှေဥခမျာ နတ်ဖြစ်ရခြင်းဖြစ်သည်။
မရွှေဥကလည်း ခေသူတော့မဟုတ်။ သူ့ကိုလူ့ဘဝက ကျားဖြင့်တိုက်၍
သတ်ခဲ့ရကောင်းလားဟု ဆိုကာ တောင်တော်သခင်မ အဖြစ် တစ်ထီးတစ်နန်း
စံမြန်းရသော်လည်း ရန်ငြိုးမပြေ ဖြစ်သည်။ တောင်ပြုန်းပွဲတော်၌
ရွှေဖျင်းညီနောင် နတ်ရုပ်များကို ရေဆိပ်သို့ ထမ်းစင်နှင့် ပင့်ဆောင်သောအခါ
မယ်ဥနတ်စင်ဘေးနားမှ ဖြတ်သန်းရသည့် အတွက် မယ်ဥက မကြည့်လိုဟု
ဆိုခြင်းကြောင့် မယ်ဥနတ်စင်ကို ကန့်လန့် ချပေးထားရသည်ဟု အဆိုရှိပြန်သည်။
လူများက ကန့်လန့်ကာ လုံခြုံစွာ မကာရံထားပေးလျှင် မယ်ဥနတ်ရုပ်သည်
အော်တိုမစ်တစ် သူ့အလိုလို ကျောခိုင်းနေတတ်သည်ဟု အဆိုရှိပြန်သည်။
ဟုတ်မဟုတ်တော့ မပြောတတ်။ နတ်မရွှေဥသည် တောင်ပြုံး၌လည်း သူ၏ နတ်ရုပ်နတ်စင်
ရှိ၍ သခင်မတောင်တွင်လည်း သူ၏နတ်ရုပ် ရှိသည်။ သခင်မတောင်သည် မန္တလေးမှ
ရုပ်ရှင်သမားများ မျက်စိကျရာ တောင်ဖြစ်သည်။
မယ်ဥနှင့်အတူ အော်တိုမစ်တစ် နတ်ဖြစ်ရသူမှာ မိုင်တုံမှ အင်ကျယ်သို့
ပြောင်းလာသော ရက်ကန်းသည် မစောခင်ဖြစ်သည်။ မစောခင်သည် မယ်ဥ၏
ရက်ကန်းပြိုင်ဘက်ဟု ဆိုသည်။ မယ်ဥသည် မစောခင်ကို ချစ်ခင်သောကြောင့်
လိပ်ပြာနုတ်သဖြင့် မစောခင်မှာ အော်တိုမစ်တစ် နတ်ဖြစ်ရသည်။
နတ်ဘဝရောက်သောအခါ မရွှေဥ၏ အတိုင်ပင်ခံနတ်ဟု ဆိုသဖြင့် နတ်မရွှေဥသည်
နတ်တကာ့နတ်များထဲတွင် အတိုင်ပင်ခံထားနိုင်သော နတ်ဟု ဆိုရမည်ဖြစ်သည်။
မရွှေဥ၏ အတိုင်ပင်ခံနတ် မစောခင်သည်လည်း တောင်ပြုံး၌ အကျော်ဇော စာရင်းဝင်သူ
ဖြစ်သည်။ ဒီနေရာတွင် နတ်မရွှေဥ၏ ခင်ပွန်းလောင်း ကိုရင်မောင် နတ်ဖြစ်ပုံကို
ပြောရရန် လိုမည်ထင်သည်။ ကိုရင်မောင်သည် အထက်မဲဇာမီ အပြန်အလမ်းတွင်
တောင်ပြုံးမင်းလေးက မရွှေဥကို ကျားဖြင့်တိုက်သတ်သည်ကို ကြားကြားချင်း
မရွှေဥရှိရာ နောက်သို့ တရကြမ်းလိုက်ခဲ့သည်ဟု ဆိုသည် လမ်းခရီးတွင် မရွှေဥ၏
ခါးစည်းတစ်ဖက်ကျ ကျန်ရစ်သည့်နေရာတွင် မရွှေဥသေပြီဟုဆိုကာ ယူကြုံးမရ
ရင်ကွဲပက်လက်ဖြစ်ကာ သူလည်းနတ်ဖြစ်ခဲ့သည်။
တောင်ပြုံးမင်းနှစ်ပါးနှင့် ပတ်သက်၍ ပါးစပ်ရာဇဝင်များက အများကြီး
ဖြစ်သည်။ တချို့ရာဇဝင်တွေလည်း ခေတ်ကာလပြောင်းလဲ၍ အစဉ်အလာတို့
ပြောင်းလဲကုန်ကြသည်။ ထိုခေတ်က တောင်ပြုံးမင်းနှစ်ပါးအတွက်
ပွဲပြင်မည်ဆိုလျှင် အုန်းသီးအလုံးကြီးကြီး၊ အလုံးလှလှ၊ အလုံးခပ်ချောချော၊
အရောင်လှလှ၊ ကြွက်မီးကောင်းကောင်း အုန်းသီးတစ်လုံး၊
ငှက်ပျောသီးအနာအစာလွတ် အစိမ်းနှစ်ဖီး၊ သပြေခက်နှစ်ခက်၊ စံပယ်ပန်း၊
ပွဲပြင်ဇလုံ၊ ကွမ်းယာနှစ်ရာ၊ လက်ဖက်နှစ်ထုပ်၊ အမွှေးတိုင်နှစ်တိုင်၊
မုန့်ဖြူ၊မုန့်နီ (၇)ချပ်စီစသည်ဖြင့် အင်္ဂါစုံရသည်ဟု ဆိုသည်။ ဟိုယခင်က
အမွှေးတိုင်ထွန်းရာတွင် တရုတ်အမွှေးတိုင် မထွန်းရဟုလည်း အဆိုရှိသေးသည်။
ဘာအဓိပ္ပာယ်တွေလဲတော့ မသိ။ စီးတော်ကျား အတွက် ရိက္ခာ ဆက်ရာတွင်လည်း
အမဲသားအစိမ်း၊ အရိုး၊ အကြော၊ အရေခွံမပါရ။ အသားသက်သက် ပန်းကန်ပြားတွင်
အတုံးလိုက်ထည့်ကာ ကျားအနီးတွင် ပူဇော်ရမည်ဟု ဆိုသည်။ တရုတ်အမဲသားအနံ့ပင်
(ဝက်)မပါရှိစေရဟု ဆိုသည်။ တရုတ်လုပ် ပစ္စည်းအားလုံး မင်းနှစ်ပါး၏
နတ်ကွန်းနှင့် မပတ်သက်ရဟု ဆိုသည်။ ခုတော့ တရုတ်မုန့်တွေ၊
ယိုးဒယားမုန့်တွေ၊ ကုလားမုန့်တွေကို မင်းနှစ်ပါးရှေ့မှောက်တွင်
အစုံတွေ့ရသည်။ မင်းနှစ်ပါးလည်း သိပ်ချေးများနိုင်တော့ဟန် မတူ။
မင်းနှစ်ပါးကို ပူဇော်ပသရာတွင် ''စီးတော်ကျားကို ပိုင်နိုင်ကျွမ်းကျင်စွာ
စီးနင်းလျက် လက်စွဲတော်ဓားကို ကိုင်ဆောင်ကာ ကျားနှင့်ဓားတို့၏ အရှင်သခင်
တောင်ပြုံးမင်းညီနောင် နှစ်ပါးခင်ဗျား။ မင်းနှစ်ပါးကိုပသသူ ညီဘွားနှင့်
နှမတော်တို့မှာ အခုအခါတွင် ဘာမှု၊ညာမှု အမှုကိစ္စဖြစ်''ဆိုသောနေရာတွင်
မှုခင်းအမည်ပါ ထည့်ပြောရသည်ဆိုသည်။ ''ပြသနာစုံ
တွေ့ကြုံနေရသဖြင့်''ဒီနေရာတွင်လည်း ပြဿနာနာမည် ထည့်ပြောရသည့်။
''ဘေးဒုက္ခမျိုးစုံ တွေ့ကြုံနေရ၍ ညီဘွားနှင့် နှမကို
ကူညီမစမှိုင်းမတော်မူပါ။ အတားအဆီး အနှောင့်အယှက် မှန်သမျှကို
စီးတော်ကျားနှင့် လက်စွဲတော်ဓားကို ကိုင်ဆောင်ပြီး
တားဆီးရှင်းလင်းတော်မူပါ''ဟုလျှောက်ထားရသည်။ ထို့နောက်
''တစ်ဖက်တရားပြိုင် ရန်သူကို ဗိုလ်ကျ စိုးမိုးရန် မရည်ရွယ်ပါကြောင်း၊
မိမိတို့က မဟုတ်မမှန် မလုပ်ပါကြောင်း၊ အမှန်အကန် ဖြစ်ပါကြောင်း''
သစ္စာဆိုရသေးသည်။ ''တစ်ဖက်က မမှန်မကန် လုပ်နေသူများကို နောင်ကြဉ်အောင်
လျှောက်ရသေးသည်။ မိမိတို့နိုင်တာကို ကြိုတင်သိရှိစေရန် အသံ၊ အတိတ်၊
နိမိတ်နဘောင်၊ အိပ်မက်များနှင့် ထင်ရှားအောင်ပြပါ''ဟု မင်းနှစ်ပါးကို
နတ်ကတော်များက ကြိုးနှင့် ချည်ကြသေးသည်။ ''အမှုနိုင်လျှင် ကွန်းနန်းများ
အသစ်လဲ၍ ကန္နားပွဲ အကြီးအကျယ်ပေးကာ မင်းနှစ်ပါးကို ပျော်တော်ဆက်ပါ့မည်''ဟု
ကတိပေးရသေးသည်။ တချို့က စီးကရက်နှစ်လိပ်ကို မီးရှို့၍ အဓိဌာန်ကြသည်။
''အမှုရှုံးမည်ဆိုပါက စီးကရက်နှစ်လိပ် မီးငြိမ်းပါစေ။ အစကောင်းပြီး
အနှောင်းမသေချာဘူး ဆိုပါက လက်ယာဘက် စီးကရက်က မီးမငြိမ်းဘဲရှိပါစေ
လက်ဝဲဘက်စီးကရက် မီးငြိမ်းပါစေ''စသည်ဖြင့် တောင်းဆိုကြသည်ဟု ဆိုသည်။
''အပြတ်အသတ် နိုင်မည်ဆိုပါက စီးကရက် နှစ်လိပ်စလုံးသည် လုံးဝမငြိမ်း၊
ပြာမကြွေဘဲ မယိမ်းမယိုင် ကျောက်စာတိုက်သို့ ရှိမည်''ဆိုသည်။ စင်စစ်
စီးကရက်ကို မဖွာမရှိုက်ဘဲ မီးညှိရုံညှိထားလျှင် ဘယ်မှာလာ၍ စီးကရက်သည်
တစ်လိပ်လုံး ပြာကျနိုင်ပါအံ့နည်း။ နတ်ကတော်များ၏ လှည့်ကွက်တည်း။
သောကရှိသူတို့ကို နတ်နှင့်ခြောက်၍ ဟောက်စား၊ ခြောက်စား လုပ်ကြခြင်းဖြင့်
နတ်ကတော်တို့ စားပေါက်ထွင်လေ့ရှိရာ အသိရှိသူတို့ မှန်မှန်ကန်ကန်ဆင်ခြင်
သုံးသပ်သင့်ကြသည်။

လျှပ်တစ်ပြက် ဂျာနယ်မှာ ဆရာဦးမြတ်ခိုင်၏
တောင်ပြုံးကိုရောက်ရင် ဘာဖြစ်မှာတုန်း

No comments:

Post a Comment