ဒီနေရာလေးကို

Friday, October 8, 2010

တောင်းဆု

မင်းသိရဲ့လား...
တဖွဲဖွဲရွာနေတဲ့ မိုးစက်တွေကြား
တစ်လောကလုံးလင်းနေသားနဲ့
ငါ့နှလုံးသားတစ်ခုထဲ အမှောင်ကျ
မင်း......ငါ့ကို
ထားခဲ့တုန်းကပေါ့...

အပျံသင်စ ငှက်တစ်ကောင်ကို
မညှာမတာ အတောင်ရိုက်ချိုးခဲ့သလိုပါပဲ...

မင်းအတွက်ဆိုရင်
မိဘ နဲ့ ပတ်ဝန်းကျင်ကြား
ဘေးစကားတွေကို ပစ်ပယ်လို့
" ချစ်တယ် " ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်
အရာအားလုံးကို ဆန့်ကျင်ရဲခဲ့တာလေ..
ဟိုး...ကောင်းကင်ထိပျံတက်
ခရီးမိုင်များစွာအတွက်
လက်တွဲမဖြုတ်စတမ်း ငါနဲ့အတူပျံသန်းမယ်တဲ့...ပေးခဲ့တဲ့ ကတိတွေပျက်သုန်း
ငါ့ရဲ့........
ရည်ရွယ်ချက်တွေလဲ ပျောက်ဆုံးခဲ့ပြီ...

အခုတော့..
မင်းမရှိတဲ့ ရာသီရဲ့နေ့စွဲတွေထဲ
အထီးကျန်ဆန်ပြိုလဲလို့
လွမ်းတဲ့စိတ်နဲ့ပဲ
မင်းအရိပ်လေးကိုအိပ်မက်
ဂယောင်ခြောက်ခြားသွေးပျက်နေဆဲပါ...

စာမလာ သတင်းမကြားပဲ
မင်း...ငါ့ကိုထားခဲ့ပေမယ့်
မင်းကြောင့်ကျခဲ့တဲ့ မျက်ရည်ရဲ့အငွေ့ကိုတောင်မှ
မင်းကို မခံစားစေချင်ခဲ့ဘူး...

ရေစက် မဆုံလို့ဝေးခဲ့ရပြီပဲ
ငါတစ်ယောက်ထဲ စိတ်ချမ်းသာဖို့
မင်းပြန်လာပါလို့ လဲ မမျှော်လင့်ချင်တော့ဘူး...

ထားခဲ့ဖူးတဲ့ မေတ္တာအတွက်ပဲ
လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုခဲ့တယ်...
အခုဘ၀ကစလို့ နောင်သံသရာအဆက်ဆက်
အချစ် နဲ့ပတ်သက်သမျှ
မမြင်ရ မကြားရ
နှလုံးသားကတောင်မှ
မခံစားတတ်သောသူသာ
ဖြစ်ရပါလို၏...

No comments:

Post a Comment